ယူကရိန်း- ခွဲထွက်ချင်တဲ့ ဒေသကြောင့် မော်လ်ဒိုဗာ ယူကရိန်း စစ်ထဲ ပါလာနိုင်သလား

ပေါက်ကွဲမှုတွေ ရုတ်တရက် ဖြစ်ခဲ့တဲ့ ခွဲထွက်ရေးဒေသ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုတွေ ရုတ်တရက် ဖြစ်ခဲ့တဲ့ ခွဲထွက်ရေးဒေသ
    • ရေးသားသူ, Anastasia Uspenskaya
    • ရာထူးတာဝန်, BBC Russian Service
  • ရေးသားခဲ့သည်။

မော်လ်ဒိုဗာ အစွန်အဖျားက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ဒေသငယ် တခုဟာ အိမ်နီးချင်း ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအတွင်း မော်လ်ဒိုဗာကို ဆွဲသွင်းလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ထရန်နစ္စထရီးယား Transnistria သို့မဟုတ် Trans-Dniester လို့ခေါ်ပြီး ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ် အတွင်းက ခွဲထွက်ဖို့ ကြိုးစားစဉ်အတွင်း စစ်ပွဲငယ်တခုတောင် ဖြစ်ခဲ့ပြီး အခုတော့ ရုရှားယိမ်းတဲ့ ခွဲထွက်ရေး သမားတွေက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

အဲဒီမှာ ၄၈ နာရီအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီးနောက် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေဟာ -

  • ဒေသတွင်း အဓိက မြို့ကြီးတမြို့ ဖြစ်တဲ့ Tiraspol က ပြည်နယ် လုံခြုံရေး ဌာနချုပ်
  • Tiraspol မြို့ပြင်က Parcani ရွာမှာရှိတဲ့ စစ်စခန်း
  • ရုရှားသတင်းတွေ ထုတ်လွှင့် ပေးနေတဲ့ ဆိုဗီယက်ခေတ် ရေဒီယို အသံလွှင့်တိုင်တို့ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အသေအပျောက် ရှိတယ်ဆိုတဲ့ သတင်းမျိုး မကြားရပေမဲ့ မြို့တော် Chisinau က မော်လ်ဒိုဗာ အာဏာပိုင်တွေကတော့ ဒါဟာ သူတို့ ဒေသကိုပါ စစ်ပွဲအတွင်း ပါဝင်လာစေအောင် ဆွဲသွင်းဖို့ ကြိုးစားမှုပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဘယ်သူတွေက လုပ်ခဲ့တာလဲ၊ ဘာကြောင့်လဲ

ဘယ်သူနောက်ကွယ်က စီမံခဲ့သလဲ၊ ဘာရည်ရွယ်ချက်တွေ ရှိနေသလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ထရန်နစ်ထရီးယား ဒေသအတွင်း တင်းမာမှုတွေ မြင့်တက်လာနိုင်ခြေ ၄ မျိုး ရှိပါတယ်။

ရုရှားနဲ့ ထူးခြားသော တိုက်ဆိုင်မှု

ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇလင်းစကီးက ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ ရုရှား လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်လို့ ဆိုပါတယ်။ သူက မော်စကိုဟာ တခြားနိုင်ငံတွေကိုပါ စစ်ထဲကို ဆွဲသွင်းဖို့ အတွက် ရည်ရွယ်ပြီး ဒေသတွင်း မတည်မငြိမ် ဖြစ်အောင် လုပ်နေတယ်လို့ ပြောပါတယ်။

ထရန်နစ္စထရီးယား က ဖြစ်စဉ်တွေနဲ့ ရုရှားက စစ်ဗျူဟာ အပြောင်းအလဲ လုပ်လာတာတွေ သွားပြီး တိုက်ဆိုင်နေပြန်ပါတယ်။ ရုရှားဟာ အခုဆိုရင် ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ကို အဓိကထားပြီး ကြိုးစားလာနေပါတယ်။

ရုရှားရဲ့ ဗဟို စစ်ဒေသ တပ်မှူး ဗိုလ်ချုပ် Rustam Minnekaev က ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က ယူကရိန်း တောင်ပိုင်းကိုသာ လုံးဝ ထိန်းချုပ်နိုင်မယ်ဆိုရင် ထရန်နစ္စထရီးယား ကိုပါ ဆက်သွယ်လို့ ရသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်းထဲကို ဝင်ရောက်လာတဲ့ ရုရှားတင့်ကားတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်းထဲကို ဝင်ရောက်လာတဲ့ ရုရှားတင့်ကားတွေ

သူက အဲဒီ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ဒေသမှာ ရုရှား ဘာသာစကာား သုံးစွဲသူတွေကို ဖိနှိပ်မှုတွေ ရှိနေတယ်လို့ လည်း ပြောခဲ့ပေမယ့် အထောက်အထား မရှိဘဲ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီစကားတွေဟာ ရုရှားအစိုးရက ယူကရိန်းစစ်ကို တရားမျှတယ်ဆိုတဲ့ အကြောင်းပြတဲ့ ပုံစံနဲ့ တလေသံတည်း ဖြစ်နေပါတယ်။ သူဒီလို ပြောဖို့ ကရင်မလင်က ခိုင်းခဲ့သလား ဆိုတာတော့ မပြောနိုင်ပါဘူး။ မော်လ်ဒိုဗာဟာ တချိန်က ဆိုဗီယက်ပြည်နယ်တခု ဖြစ်ပါတယ်။

ထရနစ္စထရီးယားမြေပုံ

ကရင်မလင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov က စစ်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သူမှတ်ချက်ပေး ပြောကြားနိုင်တာမျိုး မရှိကြောင်း ပြောပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဗိုလ်ချုပ် Rustam Minnekaev ရဲ့ ပြောကြားချက် အပေါ် ငြင်းချက်ထုတ်တာမျိုး မရှိပါဘူး။

အမေရိကန် ပြည်ထောင်စု ကတော့ ရုရှားဟာ တခြား တိုင်းပြည်တွေထဲက နယ်မြေတွေကို သိမ်းပိုက်ဖို့အတွက် မဟုတ်မမှန်တဲ့ အကြောင်းပြချက်တွေ ထွင်ပြီး ကျူးကျော်လိမ့်မယ်လို့ ဟိုအရင်ကတည်းက သတိပေးနေခဲ့ပါတယ်။

မော်လ်ဒိုဗာနဲ့ ရုရှား လွှမ်းမိုးမှု လျှော့ချရေး

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် စက်တင်ဘာလအတွင်းက ထရန်နစ္စထရီးယား မှာ ဆန္ဒခံယူပွဲ ကျင်းပပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့ အချိန်က စပြီး ရုရှားယိမ်းတဲ့ အစိုးရအဖွဲ့က အုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ မော်လ်ဒိုဗာကရော နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အများစုကပါ အသိအမှတ်မပြုကြပါဘူး။

အဲဒီ ခွဲထွက် ဒေသရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေး ကဏ္ဍတွေ အားလုံးကို ရုရှားကပဲ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ထရနစ္စထရီယားမြို့တော် Tiraspol မှာ ရုရှားနဲ့ ထရနစ္စထရီးယား အလံတွေ ယှဥ်တွဲမြင်ရပုံ - ၂၀၂၁ စက်တင်ဘာ ၁၂

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထရနစ္စထရီယားမြို့တော် Tiraspol မှာ ရုရှားနဲ့ ထရနစ္စထရီးယား အလံတွေ ယှဥ်တွဲမြင်ရပုံ - ၂၀၂၁ စက်တင်ဘာ ၁၂

နှစ်စဉ်မေလ ၉ ရက်နေ့ဆို ဒုတိယ ကမ္ဘာစစ်ကြီး အဆုံးသတ်ခဲ့တဲ့ နာဇီ ဂျာမနီ လက်နက်ချခဲ့တဲ့ အထိမ်းအမှတ်နေ့ကို ရုရှားနဲ့ အရင် ဆိုဗီယက် ပြည်ထောင်စုဝင် တိုင်းပြည်တွေမှာ ကျင်းပလေ့ ရှိပါတယ်။

မော်လ်ဒိုဗာမှာ နေထိုင်ကြတဲ့ ရုရှားစကားပြောသူတွေကတော့ Chisinau က မော်လ်ဒိုဗာ အစိုးရက အဲဒီနေ့ကို မကျင်းပနိုင်အောင် ပြဿနာတု တခု ဖန်တီးပြီး အကြမ်းဖက်မှု အန္တရာယ် အဆင့်ကို မြှင့်တင်ကာ တားမြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။

ထရန်နစ္စထရီးယား မှာလည်း အကြမ်းဖက်မှု အန္တရာယ် အဆင့်ကို အနီရောင် အဆင့်အထိ မြှင့်ပြီး မေလ ၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အောင်ပွဲခံ ချီတက်ပွဲကို ဖျက်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။

အီးယူဘက်ကို သိသိသာသာ ယိမ်းတဲ့ မော်လ်ဒိုဗာ သမ္မတ Maia Sandu ကလည်း ရုရှား စစ်ဘက်ဆိုင်ရာ အမှတ်အသား တခုဖြစ်တဲ့ St George ဖဲကြိုးနဲ့ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှား တပ်တွေမှာ သုံးစွဲတဲ့ Z နဲ့ V အမှတ်အသားတွေကို မသုံးစွဲဖို့ ပိတ်ပင်တားမြစ်တဲ့ ဥပဒေတရပ်ကို လက်မှတ်ထိုး ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေဘက်ယိမ်းတဲ့ ထရနစ္စထရီးယား သမ္မတ Maia Sandu

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အနောက်နိုင်ငံတွေဘက်ယိမ်းတဲ့ ထရနစ္စထရီးယား သမ္မတ Maia Sandu

ဥပဒေ ချိုးဖောက်သူတွေကိုလည်း ဒဏ်ငွေ အများအပြား ချမှတ်သွားမှာ ဖြစ်ပါတယ်။

မော်လ်ဒိုဗာက ရုရှားစကားပြောသူတွေ ကတော့ အစိုးရဟာ သူတို့ရဲ့ သမိုင်းအစဉ်အလာ တွေကို ချေဖျက်ပစ်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

ရုရှား ယိမ်း ခွဲထွက်ရေး သမားတွေနဲ့ စစ်ပွဲ

ယူကရိန်းစစ်ပွဲတွေ စပြီးနောက်မှာ မော်လ်ဒိုဗာက ရုရှားယိမ်း ဒေသနဲ့ ပတ်သက်လို့လည်း မေးခွန်းတွေ ထုတ်လာကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ အတွင်းက ရုရှားက ယူကရိန်းကနေ ခရိုင်းမီးယားကို ဖဲ့ထုတ်ပစ်ခဲ့ပြီး နောက်မှာ ထရန်နစ္စထရီးယားက ရုရှားကို မျှော်ကြသူတွေက သူတို့ ဒေသကိုလည်း ရုရှားက ဒီလိုပဲ လာဖဲ့ထုတ်ဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

အဲဒီ ကိုယ့်ဘာသာ လွတ်လပ်ရေး ကြေညာထားတဲ့ ဒေသထဲမှာ ရုရှား တပ်ဖွဲ့ဝင် ၁၅၀၀ လောက် တပ်စွဲထားပြီး ဖြစ်တာကြောင့် ကျွမ်းကျင်သူတွေက ဒီတပ်ဖွဲ့တွေက မော်လ်ဒိုဗာထဲကို ရုရှားတင့်ကားတွေ ဝင်နိုင်ဖို့ လမ်းကြောင်း ဖွင့်ပေးနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။

မော်လ်ဒိုဗာနယ်စပ်မှာ ကင်းလှည့်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မော်လ်ဒိုဗာနယ်စပ်မှာ ကင်းလှည့်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တစ်ဦး

တချိန်တည်းမှာပဲ Chisinau က ရုရှားသံရုံးကလည်း ရုရှားစကားပြောသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပိုပြီး တွေ့လာနေရတယ်လို့ ပြောလာနေပါတယ်။

မော်လ်ဒိုဗာ အစိုးရတော့ ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးဆိုပြီး ရုရှားကိုတောင် ပြန်တောင်းပန်ခိုင်းလိုက်ပါတယ်။

ဒီ ဖြစ်စဉ်အရဆိုရင် အဲဒီက ရုရှားယိမ်း ခွဲထွက်ရေး သမားတွေဟာ ကရင်မလင် အတွက် ယူကရိန်းစစ်မှာ ပါဝင်ဖို့ ဝန်မလေးဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း မော်လ်ဒိုဗာထဲက လေ့လာသူတွေကတော့ အဲဒီ ဒေသတွင်းမှာ နေထိုင်ကြတဲ့ သာမန် ပြည်သူတွေကရော သူတို့ အသက်တွေကို မငဲ့ကွက်ဘဲ နေကြမလားဆိုတာ သံသယရှိစရာပါလို့ ပြောကြပါတယ်။

ယူကရိန်းနဲ့ ဆိုဗီယက် လက်နက်တိုက်

ထရန်နစ္စထရီးယား နဲ့ ရုရှားက တာဝန်ရှိသူတချို့ကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းကို အပြစ်တင်ကြပါတယ်။

ထရန်နစ္စထရီးယား နဲ့ ယူကရိန်း နယ်စပ်အနီးက Kolbasna လို့ခေါ်တဲ့ ရွာမှာ အရှေ့ဥရောပမှာ အကြီးဆုံး လက်နက်တိုက်ကြီး ရှိပါတယ်။ အဲဒီထဲက လက်နက် တချို့ဟာ မော်စကိုရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေကြတဲ့ ယူကရိန်းတပ်ဖွဲ့တွေ သုံးစွဲနေတဲ့ ဆိုဗီယက်ခေတ် စစ်လက်နက်တွေနဲ့ တွဲဘက် သုံးစွဲနိုင်ပါတယ်။

စစ်လက်နက်ပစ္စည်း လိုအပ်ချက် ကြီးမားလာနေတဲ့ ယူကရိန်းက ဒီလက်နက်တိုက်ကို ထရန်နစ္စထရီးယား က တာဝန်ရှိသူ တဦးက ယူကရိန်းဘက်က ထိုးဖောက်ဝင်ရောက် လာတဲ့ ဘယ်သူဘယ်ဝါ မသိနိုင်တဲ့ လူ ၃ ယောက်က သူတို့ လုံခြုံရေး ဌာနချုပ်ကို ဗုံးနဲ့ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ထရန်နစ္စထရီးယား နဲ့ ယူကရိန်း နယ်စပ်အနီးက Kolbasna လို့ခေါ်တဲ့ ရွာမှာ အရှေ့ဥရောပမှာ အကြီးဆုံး လက်နက်တိုက်ကြီး ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထရန်နစ္စထရီးယား နဲ့ ယူကရိန်း နယ်စပ်အနီးက Kolbasna လို့ခေါ်တဲ့ ရွာမှာ အရှေ့ဥရောပမှာ အကြီးဆုံး လက်နက်တိုက်ကြီး ရှိပါတယ်။

ဒီကိစ္စကို အတည်ပြုလို့ မရသေးသလို တချို့ စစ်ရေး ကျွမ်းကျင်သူတွေကလည်း ဒီလို ပြောခဲ့တဲ့ အပေါ်မှာ ဝေဖန်ကြပါတယ်။ သူတို့က ယူကရိန်း တကယ်လိုအပ်တာက တင့်ကားနဲ့ လေယာဉ်ပစ် လက်နက်စနစ်တွေသာ ဖြစ်ပြီး ဒါတွေကို အနောက်နိုင်ငံ တွေက ပေးနိုင်နေတာပဲ၊ ဆိုဗီယက်ခေတ်က အဟောင်းအနွမ်းတွေ မလိုပါဘူးလို့ ဆိုကြပါတယ်။

နောက်ပြီး ယူကရိန်း အနောက်ခြမ်း နယ်စပ်မှာ ရှိတဲ့ ထရန်နစ္စထရီးယား မှာ တိုက်ကြ ခိုက်ကြပြီဆိုရင် ယူကရိန်း အရှေ့ခြမ်းက ရုရှား တပ်တွေနဲ့ တိုက်ခိုက်နေကြတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို ဒီဘက် ဆွဲထုတ်လိုက်သလို ဖြစ်လာနိုင်တာကိုလည်း သူတို့က ထောက်ပြကြပါတယ်။

ရုရှားဘက်က လေ့လာသူတွေကတော့ စစ်မျက်နှာသစ် တခု ထပ်တိုးလာရင် ရုရှားတပ်တွေမှာ ဝန်ပိုပိသွားနိုင်တာကြောင့် ရုရှားဟာ ဒီပြဿနာကို တမင်မသိချင်ယောင် ဆောင်ပေးရနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဆိုပြန်ရင်လည်း သူတို့ အင်အားမတောင့်တင်းတာကို ပြသလို ဖြစ်လာနိုင်ပါတယ်။

ဘာဆက်ဖြစ်မလဲ

ဒီဖြစ်ရပ်တွေ အပြီးမှာ မော်လ်ဒိုဗာ သမ္မတက အရေးပေါ် အစည်းအဝေး တရပ်ကျင်းပခဲ့ပါတယ်။ အဲဒီနောက် မော်လ်ဒိုဗာနဲ့ ထရန်နစ္စထရီးယား ဒေသအကြား နယ်စပ်တလျှောက်ကို ကင်းတွေ ပိုချပြီး စောင့်ကြည့်သွားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

တခါ အစိုးရ ရုံးတွေနဲ့ အရေးကြီး အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာတွေမှာလည်း လုံခြုံရေး တွေ တိုးမြှင့်ချထားခဲ့ပါတယ်။

ဥရောပ သမဂ္ဂကတော့ Chisinau နဲ့ Tiraspol တို့အကြား တင်းမာမှုတွေ ပိုပြီး မြင့်တက်လာမှာကို အလွန်အမင်း စိုးရိမ်မကင်း ဖြစ်မိကြောင်း ပြောပါတယ်။ နှစ်ဖက်စလုံးကို ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့နဲ့ လာဆွပေးတိုင်း မတုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။