နိုင်ငံတကာကနေ ရန်ကုန်ကိုလေယာဥ်နဲ့ ပြန်ရင် ဘာတွေသိထားဖို့လိုမလဲ

ဓာတ်ပုံ ရင်းမြစ်, MOFA
ရန်ကုန်မြို့နဲ့ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့တို့အကြား ပုံမှန်လေကြောင်းခရီးစဥ် Commercial Flight တွေကို မနက်ဖြန် ဧပြီလ ၂၂ ရက်နေ့မှာ MAI လေကြောင်းလိုင်းက စတင်ပြေးဆွဲဖို့ရှိနေပါတယ်။
ရန်ကုန် ကွာလမ်လမ်ပူ ကယ်ဆယ်ရေးလေယာဥ်တွေသာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပြေးဆွဲခဲ့ပြီး ပုံမှန်လေယာဥ်ခရီးစဥ်က အခု ပထမဆုံးပြန်ပြေးဆွဲတာ ဖြစ်ပါတယ်။
မလေးရှားကိုရောက်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်သူတွေဟာ ကယ်ဆယ်ရေးလေယာဥ် Relief Flight တွေကို အချိန်အကြာကြီးစောင့်နေကြရလို့ သူတို့အတွက် ဒီလို ပုံမှန်လေယာဥ်ခရီးစဥ်ပြေးဆွဲတာ သတင်းကောင်းတစ်ခုလို ပြောနိုင်ပေမယ့် အများစု အတွက်တော့ အခက်အခဲတွေက ရှိနေပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ပုံမှန်လေယာဥ်ခရီးစဥ်တွေမှာ လိုက်ပါရမယ့်သူတွေအတွက် သတ်မှတ်ချက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးမထားရင် လေယာဥ်စီးလို့မရသလို ပြည်တွင်းမှာလည်း သတ်မှတ်တဲ့ဟိုတယ်မှာ ကွာရန်တင်း ဝင်ရမှာဖြစ်လို့ မြန်မာနိုင်ငံသား အများစု ပုံမှန်လေယာဥ်ခရီးစဥ်တွေကို စီးဖို့အခက်အခဲရှိနေတယ်လို့ မလေးရှားက မြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
စစ်ကောင်စီကစီစဥ်တဲ့ မြန်မာနိုင်ငံကို ပုံမှန်လေယာဥ်ခရီးစဥ်တွေက တစ်ဆင့် လိုက်ပါမယ့် သူတွေဟာ ကိုဗစ်ကာကွယ်ဆေး ၂ လုံး မလာခင် ၁၄ ရက်က အပြည့် ထိုးထားပြီးဖြစ်ရမှာဖြစ်သလို နိုင်ငံကို ရောက်မလာခင် ၇၂ နာရီအတွင်း ကိုဗစ်ရောဂါရှိ မရှိ RT- PCRနည်းနဲ့ စစ်ထားတဲ့ ဓာတ်ခွဲ အဖြေလိုအပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားသားဆိုရင် မြန်မာ့အာမခံက ရောင်းတဲ့ ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအာမခံကိုလည်း ဝယ်ယူရမှာဖြစ်သလို မြန်မာနိုင်ငံရောက်ရင်လည်း စစ်ကောင်စီကျန်းမာရေးဌာနက RT- PCRနည်းနဲ့ ထပ်မံစစ်ဆေးပြီး ကိုဗစ်ရောဂါပိုးမတွေ့မှ သတ်မှတ်တဲ့ ဟိုတယ်မှာ ကွာရန်တင်း တစ်ရက်ပဲနေရမှာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံသားတွေအတွက်ကတော့ ကျန်းမာရေးအာမခံ ဝယ်ဖို့မလိုဘူးလို့ ရန်ကုန် အခြေစိုက်လေကြောင်းလိုင်းတွေက သတင်းထုတ်ပြန်ကြပေမယ့် ကိုဗစ်ရောဂါတွေ့ရင် ဘယ်လိုဆက်ပြီး ကုသရမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီသတ်မှတ်ချက်ကြောင့် မလေးရှားရောက်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်သူတွေအတွက် ပုံမှန်လေကြောင်းလိုင်းတွေနဲ့ ကိုဗစ်ကာကွယ်ဆေး မထိုးထားသူတွေ လိုက်လို့မရတာ၊ ဆေးထိုးထားပေမယ့် ဟိုတယ်ကွာရန်တင်းနဲ့ ဆေးစစ်ခငွေ သိန်းကျော်ကုန်ကျတာတွေကြောင့်လည်း အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဒါ့အပြင် လေယာဥ်လက်မှက်ခတွေကလည်း ကွာလမ်လမ်ပူ -ရန်ကုန် ဒေါ်လာ ၂၀၀၊ ဘန်ကောက် ရန်ကုန် ဒေါ်လာ ၂၀၀ နဲ့ စင်ကာပူ ရန်ကုန် ဒေါ်လာ ၂၈၆ ဆိုပြီး ရောင်းနေကြပါတယ်။
ဒီလက်မှက်စျေးတွေဟာ အသွားအပြန်မဟုတ်ဘဲ ခရီးစဥ်တစ်ကြောင်းတည်းသာဖြစ်လို့ မြန်မာနိုင်ငံသားတွေအတွက် စျေးနှုန်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
လာမယ့် ဇွန်လမှာ မလေးရှားအစိုးရက သူတို့ ပြည်တွင်းမှာရောက်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား တွေကို ဥပဒေအရ ဖမ်းဆီးအရေးယူတာတွေ လုပ်တော့မှာကြောင့် အဲဒီအချိန်မတိုင်မီ မူလနိုင်ငံတွေကို ပြန်ကြဖို့ ပြင်ဆင်နေကြသူတွေထဲမှာ မလေးရှားရောက် မြန်မာအလုပ်သမား သိန်းချီပြီး ပါဝင်နေတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေး လေယာဉ်တွေကို ကွာလမ်လမ်ပူနဲ့ ရန်ကုန် တစ်ပတ်ကို ၆စီးနဲ့ ပြေးဆွဲပေးနေပေမယ့် ပြန်လာချင်သူအများအပြားရှိနေတာ၊ ဦးစားပေးစနစ်တွေကြောင့်လည်း နေရာရရှိဖို့ မလေးရောက်မြန်မာတွေ အခက်အခဲရှိနေတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR EMBASSY, KUALA LUMPUR
ဒီလို အခက်အခဲတွေကြောင့် မလေးရှားက ပြန်လာကြမယ့် အလုပ်သမားတွေအပေါ် အရင်လို အစိုးရအစီစဥ်နဲ့ သက်ဆိုင်ရာနေရာတွေမှာ နေထိုင်ဖို့ စီစဥ်ပေးစေလိုတယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။
ကယ်ဆယ်ရေးလေယာဥ်တွေနဲ့ လိုက်ပါလာသူတွေဟာ သတ်မှတ်ဟိုတယ်မှာ အနည်းဆုံးကွာရန်တင်း ၅ ရက် ဝင်ရမှာဖြစ်ပြီးတော့ ကာကွယ်ဆေးမထိုးထားရင်တော့ ကွာရန်တင်း ၇ ရက်လို့ သတ်မှတ်ထားပါတယ်။
မလေးရှားမှာ လက်ရှိရောက်ရှိနေတဲ့ အထောက်အထားမဲ့သူတွေ အပါအဝင် မြန်မာအလုပ်သမား စုစုပေါင်း ၈သိန်းကနေ ၉သိန်းကြားမှာရှိနေတယ်လို့ မှန်းကြပါတယ်။
လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချတ်အရ ဆေးမထိုးထားသူတွေက ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ လိုက်ပါနိုင်ပြီး ဆေးစစ်တာအပါအဝင် ကွာရန်တင်းဝင်တဲ့အခါမှာလည်း အစိုးရစီစဉ်တဲ့နေရာတွေမှာနေဖို့ စီစဉ်ထားပေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA
ပုံမှန် လေကြောင်းလိုင်းတွေနဲ့ လိုက်ပါလာသူတွေအနေနဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ လိုက်ပါလာသူတွေ ရဲ့ လျော့ပေါ့ခံစားခွင့်တွေကိုတော့ ရမှာမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကိုယ်စီးမဲ့လေယာဥ်ဟာ Relief Flight ကယ်ဆယ်ရေးလေယာဥ်လား Commercial Flight ပုံမှန်ဆွဲတဲ့ လေယာဥ်လား ခွဲခြားသိဖို့လို့ပြီး သတ်မှတ်ချက် စည်းကမ်းတွေ ကွာခြားမှုရှိတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ကတည်းက နိုင်ငံတကာလေကြောင်းလိုင်းနဲ့ ပြည်ပခရီးသည်လာရောက်တာကို ပိတ်ထားခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ အခြေအနေတွေ ပုံမှန်ပြန်ရောက်နေသယောင် နိုင်ငံတကာကို ပြသဖို့ အခုလို နိုင်ငံတကာ ခရီးသွားတွေကို ပြန်လည်လက်ခံဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ အရင် NLD အစိုးရ လက်ထက် ပြည်ထောင်စု ခရီးသွားလုပ်ငန်းကော်မတီဝင်တစ်ဦးက ပြောခဲ့ပါတယ်။
၂၀၂၂ ဧပြီလ ၁၇ ရက်နေ့ နောက်ပိုင်းကစပြီး ရန်ကုန် -ဘန်ကောက် - ကွာလမ်လမ်ပူ စင်ကာပူခရီးစဥ်တွေ နေ့စဉ်ပြေးဆွဲမှာ ဖြစ်သလို ရန်ကုန် ကနေ ဆိုလ်း၊ နယူးဒေလီ၊ တိုကျို ၊ ကလကတ္တား ၊ဒူဘိုင်းခရီးစဥ်တွေလည်း အပတ်စဥ်ပုံမှန်ပြေးဆွဲဖို့ ရှိတယ်လို့ ရန်ကုန်အခြေစိုက် လေယာဉ်လက်မှက် အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOH








