လောကဓံရဲ့ဖိနှိပ်မှုကြားက လုံမ ငြိမ်းချမ်းလေပြီ

Lon Ma Nyein Chan (FB)

ဓာတ်ပုံ ရင်းမြစ်, Lon Ma Nyein Chan (FB)

ဓာတ်ပုံ ပုံစာ, ကွယ်လွန်သူ မလုံမငြိမ်းချမ်း
ရေးသားခဲ့သည်။

ကဗျာချစ်သူတိုင်း မသိသူမရှိကြတဲ့ ကဗျာဆရာအောင်ပွင့်ရဲ့ သမီးဖြစ်သူ မလုံမငြိမ်းချမ်း ဧပြီ ၂ ရက် မနက်အစောပိုင်းမှာ ဘဝတပါးကိုကူးပြောင်းသွားတဲ့သတင်းဟာ လူအများအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးကိုလိုလားတဲ့ ကဗျာဆရာ၊ နှစ်ပေါင်းများစွာ အကျဉ်းထောင်တွေထဲ နေထိုင်ရင်း ဒီဒဏ်ရဲ့နောက်ဆက်တွဲ နာတာရှည်ရောဂါနဲ့ ကွယ်လွန်ခဲ့ရတဲ့ ဆရာအောင်ပွင့်၊ သူ့သမီးဖြစ်သူ မလုံမငြိမ်းချမ်းဟာလည်း အာဏာသိမ်းနောက်ဆက်တွဲ လောကဓံကြားမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ရပါပြီ။

"ကျွန်တော့်ကို မနက် ၇နာရီ မိနစ် ၅၀ လောက်မှာ အမေလာနှိုးတယ်။ ရေတိုက်ပါတဲ့၊ ပြီးတော့ အဆိပ်သုံးပုလင်းသောက်ထားပြီလို့ ပြောတယ်။"

ဆရာအောင်ပွင့်မျိုးဆက်၊ ကွယ်လွန်သူ မလုံမငြိမ်းချမ်းရဲ့ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူက မိခင်နဲ့နောက်ဆုံး စကားပြောခွင့်ရခဲ့တဲ့အခိုက်အတန့်ကို အခုလို ပြန်ပြောပါတယ်။

"အိမ်မှာက နှစ်ယောက်တည်းရှိတာ၊အကြောတွေဆွဲလာတော့ အိမ်နားက အသိအဒေါ်ကြီးကိုသွားခေါ်တယ်။ သူကလည်း အိပ်ပျော်နေတော့ ကြာနေတယ်။ ဆွေမျိုးတွေကိုလည်း ဖုန်းဆက်ခေါ်တယ်။ အကုန်ရောက်လာတဲ့ အချိန်မှာ မေမေဆုံးနေပြီ"လို့ မိနစ်ပိုင်းအတွင်း ဘဝတစ်ပါးပြောင်းသွားခဲ့တဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံး အခြေအနေကို သားဖြစ်သူကဆက်ပြောပါတယ်။

အသက် ၄၅ နှစ်အရွယ် မလုံမငြိမ်းချမ်းရဲ့ အသုဘအခမ်းအနားကိုတော့ တနင်္လာနေ့ ဧပြီ ၄ ရက်မှာ ပုသိမ်မြို့၊ သရက်ချောင်းမီးသင်္ဂြုလ်စက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

CJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မလုံမငြိမ်းချမ်းရဲ့နာရေးမြင်ကွင်း။

မလုံမငြိမ်းချမ်း ကောင်းရာသုဂတိလားပါစေ

"လုံမဟာ စိတ်ထားနူးညံ့တယ်။ ဒါပေမဲ့ စိတ်ဓာတ်မာတယ်၊ ပြီးတော့စိတ်ပျော့ညံ့တဲ့သူ မဟုတ်ဘူး" လို့ ကဗျာမိသားစု၊ နိုင်ငံရေးမိသားစုဖြစ်တဲ့ မလုံမငြိမ်းချမ်းတို့နဲ့ ရင်းနှီးခင်မင်တဲ့ စာရေးဆရာမတဦးက မလုံမအကြောင်း ပြောပါတယ်။

"ငယ်ငယ်တည်းက အဖေဖြစ်သူက အကျဉ်းထောင်တွေထဲ နေခဲ့ရတယ်။ အပြင်မှာကျန်ခဲ့ရတဲ့ အမေဖြစ်သူနဲ့ လုံမတို့ မောင်နှမနှစ်ယောက်ဟာ လောကဓံကို တော်တော်ကြီး ကြုံခဲ့ရတယ်။ ငြိမ်းချမ်းမယ်လို့ရှိသေး၊ အမျိုးသားကလည်း ထောင်ထဲ အကျဉ်းထပ်ချခံရတော့ သူတအား စိတ်ထိခိုက်သွားတယ် ကြားတယ်"လို့ အဲ့ဒီ စာရေးဆရာမက မလုံမ ရင်ဆိုင်ခဲ့ရတဲ့ ဘဝအခက်အခဲတွေအကြောင်း ဘီဘီစီကို ပြောပါတယ်။

Nyein Chan Khit (FB)

ဓာတ်ပုံ ရင်းမြစ်, Nyein Chan Khit (FB)

ဓာတ်ပုံ ပုံစာ, ကဗျာဆရာအောင်ပွင့်အသုဘအခမ်းအနား (၂၀၁၈)

လက်ရှိအခြေအနေမှာ မလုံမငြိမ်းချမ်းရဲ့ ခင်ပွန်းဖြစ်သူ ကိုချက် (ခ) ကိုကျော်လှမိုးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်လို့ဆိုပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် ကတည်းက ပုသိမ်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ယနေ့အချိန်အထိ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်နေ့မှာ ပုသိမ်အကျဉ်းထောင်အထူးတရားရုံးကနေ ကိုကျော်လှမိုးကို စစ်ပုန်ကန်မှု၊ နိုင်ငံမငြိမ်မသက်ဖြစ်ရန် မမှန်သတင်းဖြန့်မှု ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုအသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါ့အပြင် ထပ်တိုးအမှုတွေလည်း ရင်ဆိုင်ရဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလို ခင်ပွန်းဖြစ်သူကို ထောင်ဒဏ် ချမှတ်ခံလိုက်ရတာဟာလည်း အခုလို ဘဝတပါးကူးပြောင်းဖို့ တွန်းအားတခု ဖြစ်စေခဲ့တာလို့ မိတ်ဆွေ အသိုင်းအဝိုင်းက မှတ်ချက်ပြုကြပါတယ်။

"မနေ့က မေမေ ကဖေဖေ့ကို အဝေးကနေ လှမ်းသွားကြည့်တယ်။ ထောင်ထုတ်တာက လှမ်းမြင်ရတာလေ။ လက်လှမ်းပြနိုင်ရုံလောက်ပါပဲ။ အဲ့ဒီမှာ တခြားသူတွေက အပြင်အဝတ်အစားနဲ့ ဖေဖေက ထောင်ဝတ်စုံနဲ့ လို့ပြောပြီး ပြန်လာကတည်းက မေမေမျက်နှာပျက်နေတယ်" လို့ မိခင်မကွယ်လွန်ခင် တရက်အလိုက ဝမ်းနည်းကြေကွဲနေရတဲ့အကြောင်းကို သားဖြစ်သူက ပြန်ပြောပြပါတယ်။

စစ်အစိုးရ အဆက်ဆက် ဖမ်းဆီးဖိနှိပ်ခံရတဲ့ နိုင်ငံရေးမိသားစုမှာ ကြီးပြင်းလာခဲ့ရတဲ့ မလုံမငြိမ်းချမ်းဟာ ခင်ပွန်းအကျဉ်းကျခံရချိန်မှာတော့ စိတ်ကျရောဂါဖြစ်တဲ့အထိ နှလုံးကြေကွဲနေရတယ်လို့ ဆိုပါတယ်။

နှလုံးကြေကွဲစိတ်ကျနေသူ မလုံမ

ပြီးခဲ့တဲ့နှစ် အာဏာသိမ်းစကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခင်ပွန်း ကိုကျော်လှမိုးအတွက် ထောင်ဝင်စာကိစ္စတွေကို မလုံမ စိတ်ဓာတ်မာမာနဲ့ လုပ်ဆောင်ခဲ့ပါသေးတယ်။

သြဂုတ်လလောက်မှာတော့ အကျဉ်းထောင်တွင်း စာခိုးပို့လို့ဆိုပြီး ထောင်အာဏာပိုင်နဲ့ မလုံမ နှစ်ဦးတည်း သီးသန့်တွေ့ဆုံသတိပေးခံရပြီးတဲ့နောက်တော့ သူ့ကိုယ်သူ သတ်သေချင်တဲ့အထိ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဆက်တိုက် ဖြစ်လာခဲ့တာလို့ သားဖြစ်သူက ပြောပါတယ်။

"မေမေ့ကို ဘယ်အရာရှိက ဘယ်လိုတွေ ပြောလိုက်လဲ ဘာမှပြန်မပြောပြဘူး။ သေချာတာက ကြက်ဥကြော်ထဲကနေ စာခိုးပို့လို့ဆိုပြီး သတိပေးခံရတယ်။ အဲဒီနောက်ပိုင်း ဖေဖေ့ကို ထောင်ဝင်စာပိတ်တယ်တွေ ကြားပြီး မေမေအတော်ကို စိတ်ထိခိုက်တာ။"

"ဖေဖေကနေတောင် ထောင်ကနေ ဖုန်းလှမ်းဆက်သွယ်ပြီး သူဘာမှ မဖြစ်ပါဘူးလို့ ပြန်ဖြေရှင်းပါသေးတယ်။ ဒါပေမဲ့ သတ်သေမယ်ဆိုတာမျိုးတွေဖြစ်လို့ သြဂုတ်လကစပြီး စိတ်ဆရာဝန်နဲ့ နှစ်ပတ်တစ်ခါပြ ပြနေရတာပါ။ မနက်ဖြန် ဧပြီ ၃ ရက်ဆိုရင်တောင် ရက်ချိန်းရှိတယ်"လို့ မလုံမငြိမ်းချမ်းရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ်ဝင်တန်းကျောင်းသားဖြစ်တဲ့ သားဖြစ်သူက တည်ငြိမ်စွာနဲ့ ရှင်းပြနေခဲ့ပါတယ်။

ဒီလို စိတ်ကျန်းမာရေးအားနည်းလာတဲ့ မလုံမဟာ အဲ့ဒီသြဂုတ်လနောက်ပိုင်းခင်ပွန်းဖြစ်သူနဲ့ တကြိမ်သာ တွေ့ခွင့်ရခဲ့ပြီးနောက် အဆက်အသွယ်မရတော့ဘူးလို့ မိသားစုအသိုင်းအဝိုင်းကနေသိရပါတယ်။ ဒါ့အပြင် ခင်ပွန်းဖြစ်သူမရှိဘဲ မိသားစုအတွက် ဦးဆောင်ရုန်းကန်နေရတဲ့ မလုံမမှာ စီးပွားရေးအကြပ်အတည်းတွေက အစ ရင်ဆိုင်ဖြေရှင်းနေခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ မိသားစုသုံးဦးနေထိုင်ခဲ့ကြတဲ့ နေအိမ်မှာ အသက် ၁၇ နှစ်အရွယ်သားဖြစ်သူ တဦးတည်းသာ ကျန်ရစ်နေတာဖြစ်ပါတယ်။ မိသားစုအရင်းအခြာတွေနဲ့ ဝေးကွာနေတဲ့ ဒီလူငယ်လေးကတော့ မိခင်ဖြစ်သူရဲ့ စျာပနာအခမ်းအနားတွေ ပြီးမှသာ သူဘယ်လိုဆက်ရှင်သန်နေထိုင်ရမလဲ ဆက်စဉ်းစားမယ်လို့ဆိုပါတယ်။

Lon Ma Nyein Chan (FB)

ဓာတ်ပုံ ရင်းမြစ်, Lon Ma Nyein Chan (FB)

ဓာတ်ပုံ ပုံစာ, မလုံမငြိမ်းချမ်းတို့ ဇနီးမောင်နှံ

"ဖေဖေ့ကို ထောင်ကနေ ခဏလေးထွက်လာပြီး မေမေ့အသုဘကို လိုက်ပို့စေချင်တယ်။ ဖြစ်စေချင်တာ အဲ့ဒီဟာ တခုပဲရှိတယ်"လို့ တဦးတည်းကျန်နေရစ်တဲ့ အသက် ၁၇ နှစ် အရွယ် လူငယ်တဦးရဲ့ ရိုးရှင်းတဲ့ ဆန္ဒတခုကို ဘီဘီစီကို ပြောပြပါတယ်။

သူကတော့ အာဏာသိမ်းနောက်ဆက်တွဲ ဒီလောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်သွားရတော့မှာပါ။

"ကျွန်တော်တို့ နိုင်ငံရေးမိသားစုတွေမှ မဟုတ်ပါဘူး။ အခုချိန် လူတိုင်းကြုံနေကြရ၊ ခက်ခဲနေကြတာပါ။ ဒါပေမဲ့ ဖြစ်ပြီးသွားပြီဆိုတော့လည်း ဘာတတ်နိုင်မှာလဲ။ မေမေကတော့ ဒီတော်လှန်ရေးကိုမနိုင်မှာ သိပ်စိုးရိမ်တယ်။ မကျေနပ်တာတွေလည်း ရှိတာပဲလေ"လို့ ကျန်ရစ်သူ သားဖြစ်သူက သူ့ခံစားချက် အမြင်ကို ပြောပါတယ်။

စာရေးဆရာအသိုင်းအဝိုင်း နိုင်ငံရေးအသိုင်းအဝိုင်းမှာတော့ ငြိမ်းချမ်းရေးကိုတောင့်တတဲ့ ဆရာအောင်ပွင့် ရဲ့ သမီးဖြစ်သူ မလုံမငြိမ်းချမ်း "ကောင်းရာသုဂတိလားပါစေ" ဆိုပြီး ဆုတောင်းသံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဝေဆာဆာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ပုသိမ်အကျဉ်းထောင်ထဲမှာရှိနေတဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်လှမိုးလည်း ဇနီးဖြစ်သူ မလုံမငြိမ်းချမ်း ငြိမ်းချမ်းရာရောက်ဖို့ ဆုတောင်းနေမယ်ဆိုတာ မလွဲသေချာပဲ ဖြစ်ပါတယ်။