ULA/AA ကို NUG ကမ်းလှမ်းမှု အကျိုးအမြတ်တွေရှိလာနိုင်တယ်လို့ သုံးသပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကို အလွတ်သဘောတွေ့ဆုံဆွေးနွေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က မတ်လ ၂၄ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြီး ကမ်းလှမ်းလိုက်ပါတယ်။
အဲ့ဒီကမ်းလှမ်းတဲ့ကြေညာချက်ဟာ ULA/AA ကိုတရားဝင်ကမ်းလှမ်းတာဖြစ်တယ်လို့ သိရကြောင်း အေအေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာမိတ်ဆက်ဆံရေးကော်မတီခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ လက်မှတ်နဲ့ မတ်လ ၂၄ ရက်နေ့မှာ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ NUG ဟာ စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကတော့ ယာယီအပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ULA/AA ကို အလွတ်သဘောတွေ့ဆုံဖို့ ဖိတ်ကြားရတာဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအကြား ပိုမိုချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးမှသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းလက်တွဲပြီး အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဖိတ်ကြားရတာဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။
လက်ရှိစစ်အာဏာရှင်ကိုတော်လှန်နေတဲ့ NUG ရဲ့ဖိတ်ကြားမှုဟာ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်းကြားမှာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး နိုင်ငံရေး၊ တော်လှန်ရေး လုပ်ငန်းစဉ်တွေအတွက် အကျိုးအမြတ်တွေလည်းရှိလာနိုင်တယ်လို့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းတွေကြား သုံးသပ်မှုတွေရှိနေပါတယ်။
"အခုကိစ္စကတော့ ထဲထဲဝင်ဝင်ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်ချမယ့် ကိစ္စတော့မဟုတ်သေးဘူး။ အလွတ်သဘောတွေ့ဆုံခြင်း ဆိုတဲ့အတွက်နဲ့ NUG ဘက်က ကျွန်တော်တို့ ULA/AA ဘက်က လိုချင်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်လောက်ထိစိတ်ဝင်စားမှုရှိလဲ၊ အဲဒါတွေက သိထားရင်တော့ကောင်းတယ်လို့ ကျွန်တော်ယူဆတယ်။ နိုင်ငံရေးမျက်ခြည်လည်း မပြတ်ရအောင်ပေါ့နော်။ ULA/AA နဲ့တွေ့ဆုံရင်လည်းပဲ အကျိုးမနည်းဘူးလို့တော့ ပြောချင်ပါတယ်"လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ် အားလုံးက နိုင်ငံရေးအတွက် အလုပ်လုပ်နေကြတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအားဖြင့် ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်မလဲ၊ ဘယ်လိုရည်မှန်းချက်တွေ ပြည့်စုံအောင် လုပ်မလဲဆိုတဲ့ကိစ္စက အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYINT LWIN
တစ်ဘက်မှာလည်း ULA/AA ဟာ စစ်ကောင်စီနဲ့လည်း ဆက်ဆံနေရသလို NUG ကိုလည်း စစ်ကောင်စီကနေ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် ဒီကိစ္စအပေါ် ULA/AA အနေနဲ့ သတိထားပြီး ကိုင်တွယ်ဆုံးဖြတ်ရမှာဖြစ်သလို နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့တော့ နိုင်ငံရေးလမ်းကြောင်းကို ဖွင့်ပေးထားတာဟာ အကောင်းဆုံးလို့ သုံးသပ်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA အဖွဲ့အနေနဲ့ အဆင်ပြေသင့်လျော်တဲ့ အချိန် နေ့ရက်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ မဟာမိတ်ဆက်ဆံရေးကော်မတီဘက်က တွေ့ဆုံသွားမယ်လို့ အဲဒီကမ်းလှမ်းချက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် အေအေရဲ့ သတင်းစာရှင်းလင်းပွဲ ပထမအကြိမ်မှာတော့ အေအေအနေနဲ့ လက်ရှိစစ်ကောင်စီတပ်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ချီးကျူးပြောကြားခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်း အလွတ်သဘောတွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အခု အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုနဲ့ ပတ်သက်လို့ အေအေ ဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AA
စစ်ကောင်စီနဲ့ ယှဉ်ပြိုင်ပြီးတော့ အနိုင်ရအောင်တိုက်ခိုက်ဖို့ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကတော်တော်အရေးကြီးပြီး အနောက်ဘက်စစ်မျက်နှာမှာ အင်နဲ့အားနဲ့ရပ်တည်ထားတဲ့ ULA/AA ရဲ့ စွမ်းပကားက သူတို့အတွက် လိုလားချက်တစ်ခုဖြစ်နိုင်ပြီး စစ်ကောင်စီထက် ခြေတစ်လှမ်း အသာရဖို့အတွက် NUG အနေနဲ့ လုပ်ဆောင်လာတာလို့ ရှုမြင်ကြောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။
ULA/AAရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ နှစ်နှစ်အကြာစစ်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်နိုဝင်ဘာလကစလို့ ယာယီအပစ်အခတ်ရပ်စဲထားကာ နှစ်ဘက်တပ်တွေအကြား ဆွေးနွေးမှုတွေပြုလုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ တရားဝင်ဆွေးနွေးတာတော့ မရှိသေးပါဘူး။








