အာဏာသိမ်းခေါင်းဆောင်တည်တဲ့ စကြာပန်းတောင်းဘုရား

ရေးသားခဲ့သည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်က မထင်မရှား တောဘုရားလေး တစ်ဆူမှာ နိုင်ငံတော် အာဏာကို ရယူထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက် ထီးတော်တင်မယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းအချိန်က ဒေသခံတွေကြား ပြောကြဆိုကြတဲ့ အကြောင်းအရာတခု ဖြစ်ခဲ့ပါတယ်။

ပွင့်ဖြူမြို့နဲ့ လယ်ကိုင်းရွာ ကားလမ်းမကြီးနံဘေး တစ်ဖာလုံလောက်အကွာမှာ ရှိတဲ့ သက်သာပန်းတောင်း ဆိုတဲ့ စေတီလေးကို အရင်တုန်းက ပတ်ဝန်းကျင်ရွာတွေက ရွာသားတွေ ပုံမှန်အတိုင်း ဖြတ်သွားဖြတ်လာ မြင်နေ တွေ့နေရပေမဲ့ အထူးတလည် စိတ်ဝင်စားကြတာ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လလောက်က စပြီး အဲဒီ စေတီကို အပြင်ကနေ ငုံပြီး စတင်မွမ်းမံ တည်ဆောက်လာတာကို ဒေသခံတွေ တွေ့မြင်ခဲ့ကြပါတယ်။

လမ်းတွေ၊ အာရုံခံ တန်ဆောင်းတွေပါ တည်ဆောက်တာဖြစ်လို့ ငွေကုန်ကြေးကျလည်း တော်တော်များလိမ့်မယ်လို့ သူတို့က ခန့်မှန်းပါတယ်။ အရင် အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတွေက ကျပ်သိန်းပေါင်း တစ်သောင်းလောက် ကုန်ကျတယ်လို့ ပြောပါတယ်။

ဘုရားကို ပြုပြင် မွမ်းမံမှုတွေပြုလုပ်တာ ပြီးစီးလုတဲ့ အနေအထားရောက်တော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လာရောက် ထီးတော်တင်မယ်လို့ ဒေသခံတွေက အသေအချာ ပြောကြပါတယ်။

ထုတ်ဖော်ကြေညာထားတာ မရှိလို့ အတပ် မပြောနိုင်ပေမဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ကစတင်ပြီး သက်သာပန်းတောင်း စေတီတော်တည်ရှိရာ လယ်ကိုင်းရွာနဲ့ အနီးဝန်းကျင် ရွာတွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားပြီး အသွားအလာတွေကို ကန့်သတ်တာ စစ်ဆေးတာတွေ လုပ်လာတော့ ဒေသခံရွာသားတွေရော အဲဒီဘက်ကို ခရီးသွားလာကြသူတွေပါ အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။

စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင် လာလိမ့်မယ် ဆိုတာ ဒေသခံတွေ ပိုမို သေချာသွားခဲ့ပါတယ်။

ထီးတင်ပွဲနေ့

ဒေသခံတွေ ပြောကြတဲ့ အတိုင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းရွာက သက်သာပန်းတောင်းဘုရား ထီးတင်ပွဲကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မိသားစု ဦးဆောင်ပြီး စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ထီးတော်တင်ခဲ့ကြပါတယ်။

ဘုရားကိုတော့ နာမည်ပြောင်းလိုက်ပါတယ်။

သက်သာပန်းတောင်း ဘုရားကို စကြာပန်းတောင်း လို့ နာမည်ပြောင်းပြီး ထီးတော်တင်ခဲ့တာဖြစ်ပါတယ်။

မူလက ရှိထားပြီးသား ဉာဏ်တော် ၉ တောင် အမြင့်ရှိတဲ့ သက်သာပန်းတောင်း စေတီကို အပြင်ကနေ ငုံပြီး ဉာဏ်တော် ၄၅ ပေအထိ တိုးမြှင့် တည်ထားလိုက်တာပါ။

ဒေသခံတွေကတော့ ဒီနေရာမှာ လာရောက် ဘုရားတည်ပြီး ထီးတော် တင်တာဟာ ယတြာကိန်းခန်းအရ တည်တာလို့ ယူဆ ပြောဆိုနေကြပါတယ်။

ကြီးလေးကြီးအလယ်မှာ ကြက်ပျံမကျစည်ကားကြ ပြည်ကြီးအေးချမ်းသာယာမည်ဆိုတဲ့ တဘောင်အရ တည်တာလို့လည်း ပြောဆိုကြပါတယ်။

ကြီးလေးကြီး ဆိုတာက မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းက "ကြီး" ဆိုတဲ့ နာမည် ပါတဲ့ ရွာလေးရွာကို ဆိုလိုတာပါ။

သက်သာပန်းတောင်း စေတီတော်က ကံသာကြီး၊ မုန်တောကြီး၊ ရွာသာကြီး၊ လှည်းကြီးစတဲ့ ကြီး လေးကြီး ပါတဲ့ ရွာတွေ ဘေးပတ်လည်မှာ ရှိတဲ့အတွက် ကြီးလေးကြီး ဝန်းရံ ထားတဲ့ နေရာ လို့ အများက ပြောကြပါတယ်။

ဒါ့အပြင် မုန်းချောင်းနဲ့ မန်းချောင်းကြားနေရာမှာ တည်ဆောက်ရမယ်လို့ နာမည်ကြီး ဆရာတော် တစ်ပါးက အခါတော် ပေးတာကြောင့် ယတြာဘုရားတည်ဆောက်တာလို့ ဒေသခံတွေက အခိုင်အမာ ပြောဆိုကြပါတယ်။

စကြာပန်းတောင်း အမည်ပြောင်း

မူလရှိထားတဲ့ သက်သာပန်းတောင်းရွာက စေတီတော်ကို စကြာပန်းတောင်းလို့ နာမည်ပြောင်းလဲ လိုက်တာ ဘာကြောင့်၊ ဘာအဓိပ္ပါယ်နဲ့ ပြောင်းတယ် ဆိုတာကာယကံရှင်က လွဲရင် အတပ်ပြောနိုင်ဖို့ ခက်ပါတယ်။

စကြာပန်းတောင်း ဆိုတာက ဝေါဟာရ အရ ဆိုရင် စကြာ က အဝန်း၊ အဝိုင်း၊ ဘီးကို ခေါ်တာဖြစ်တယ်၊ စကြာမင်းကိုလည်း ရည်ညွှန်းတယ်လို့ မြန်မာစာ ဆရာကြီး ဦးထွန်းတင့်ကပြောပါတယ်။ ပန်းတောင်း ဆိုတာက ပန်းတွေထည့်တဲ့တောင်း၊ ပန်းတင်တဲ့ ကလပ် လို့ ဆိုလိုကြောင်းလည်း ဆရာကြီးက ပြောပါတယ်။

စကြာဝတေး မန္ဓတ်မင်းဆိုတာက လူ့ပြည်တခုလုံးကို အုပ်စိုးရတဲ့ အပြင် စတုမဟာရာဇ်နဲ့ တာဝတိံသာ အထိ အုပ်စိုးရတဲ့ မင်းထဲမှာ တန်ခိုးအကြီးဆုံး အမြင့်မြတ်ဆုံး ဆိုတဲ့ သဘောနဲ့ ကောက်ယူတာ ဖြစ်နိုင်တယ်လို့ လည်း ဆိုပါတယ်။

စကြာဝတေးအဖြစ်ယူချင်တာ ဆိုရင် ယတြာဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ မြင့်မြတ်တဲ့ ကောင်းမြတ်တဲ့ နာမည်ယူတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။

အချိန်နေရာရွေးချယ်မှု

ထီးတင်ဖို့ ဝါတွင်းလောက်ကတည်းက စတင်ပြင်ဆင်နေခဲ့ကြပြီး လွန်ခဲ့တဲ့ သီတင်းကျွတ် လပြည့် ၊ တန်ဆောင်မုန်း လပြည့်၊ နတ်တော် လပြည့် စသဖြင့် လပြည့်ရက်တွေမှာ ထီးတင်မယ်လို့ ဒေသတွင်း အသံတွေ ထွက်ခဲ့ပေမဲ့ မတင်ဖြစ်ခဲ့ဘဲ အခု တပို့တွဲ လဆန်း ၁၀ ရက် ဖေဖော်ဝါရီ ၁၀ ရက်ကျမှ အခမ်းအနားနဲ့ ထီးတော် တင်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ထီးတော်တင်ဖို့ ရွေးချယ်တဲ့နေ့က ကြာသပတေးနေ့ ရက်ရာဇာ ဖြစ်တယ်၊ နေရာက မကွေးတိုင်း ပွင့်ဖြူဆိုတော့ ကြာသပတေးနံ ဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတယ်၊ စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ မွေးနံနဲ့ ပတ်သက်ပြီးတော့လည်း အထောက်အကူပြုနိုင်တဲ့ နေ့ရက် အချိန် ကိုရွေးချယ် ထီးတော်တင်တာတွေ့ရတယ်လို့ နက္ခတ္တ ဗေဒ ပညာရှင် ဦးဇေယျာကိုက ပြောပါတယ်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းက "ကြီး" ပါတဲ့ ရွာလေးရွာ ဝန်းရံ ထားတဲ့ နေရာကို ရွေးတာက မြန်မာနိုင်ငံအတွက် ဓာတ်တွေ အားလုံး ပေါင်းမိတဲ့နေရာ၊ တဘောင်ထဲမှာ သတ်မှတ်ထားတဲ့ နေရာမှာ ဆောင်ရွက်တာလို့ သူက ယူဆပါတယ်။

ဒေသခံတွေနဲ့ မြန်မာ ပြည်သူ အများကတော့ ဒီနေရာမှာ စေတီသစ်တည်ပြီး ဘုရားထီးတော်တင်တာဟာ ယတြာချေတာလို့ ယူဆပြောဆိုနေကြပါတယ်။

ပြည်သူအများပြောဆိုနေတာကလည်း ထီးတော်တင်တဲ့နေ့က တွေ့မြင်ရတဲ့ ထူးခြားတဲ့ ပုံရိပ်တွေအရ ပြောကြတာ ဖြစ်ပါတယ်။

ယတြာချေတာ ဖြစ်နိုင်လား

ဘုရားထီးတင်တဲ့နေ့က ပြက္ခဒိန်မှာ ရက်ရာဇာ ဖြစ်ပါတယ်။

ပညာရှင် ရှုထောင့်ကနေ ကြည့်တယ် ဆိုရင် ယတြာချေတယ် ဆိုတာ သိပ်ပြီး ထူးခြား အရေးကြီးတယ်လို့ ပြောလို့မရဘူးလို့ နက္ခတ္တ ဗေဒ ပညာရှင် ဦးဇေယျာကိုပြော ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘုရားတည်တာ ထီးတော်တင်တာ ယတြာချေတာလို့ ပြောလို့ ရသလို လုပ်သင့်လုပ်ထိုက်တဲ့ အခြေအနေ တခုကို ဖန်တီးတာလို့လည်း ပြောနိုင်တယ်လို့ သူက ဆိုပါတယ်။

ဟိုးအရင် ဘုရင်တွေ လက်ထက် ကတည်းက စပြီး တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ အဆက်ဆက်မှာ သူတို့ ကံနိမ့်တယ်လို့ ယူဆတဲ့အချိန် ကံကောင်းအောင်၊ ကံကောင်းနေတယ် ဆိုရင်လည်း ပိုကောင်းအောင် ဘုရားတည်တာ၊ ဘုရား ထီးတင်တာတွေ လုပ်ကြတယ်၊ ဒီလို လုပ်ဆောင်ရာမှာ သူတို့ နေ့နံတွေအရ အောင်မြင်နိုင်တဲ့ ဒေသ၊ တဘောင်ရှိတဲ့ နေရာဒေသတွေမှာ ဘုရားတည်တာ၊ ဘုရား ထီးတင်တာ၊ အောင်တံခွန် စိုက်ထူတာတွေ လုပ်ကြတယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။

တိုင်းပြည်အုပ်ချုပ်သူတွေ ဘာကြောင့် ယတြာချေကြတာလဲ

အခု ဘုရားတည်တာ ထီးတော် တင်တာဟာ ယတြာချေတာ ဆိုရင် လတ်တလော တိုင်းပြည်မှာ တဖက်နဲ့တဖက် အဆင်မပြေဖြစ်နေတာတွေ၊ တိုင်းပြည်ကို နိုင်ငံတကာက ပိတ်ဆို့ထားတာတွေ၊ လူတွေ အလုပ်အကိုင် အခက်အခဲ ဖြစ်နေတာတွေကို ကောင်းမွန်အောင် လုပ်တယ်လို့ ယူဆကြောင်း ဦးဇေယျာကိုက ပြောပါတယ်။

အခု စစ်ကောင်စီ အကြီးအကဲလက်ထက်မှသာ အခုလို ဘုရားတည်တာ ထီးတော်တင်တာတွေကို လုပ်တာ မဟုတ်ဘဲ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကတည်းက စဖြစ်လာတဲ့ အစိုးရ၊ ဒီမိုကရေစီ အစိုးရ မတက်ခင် ၁၉၈၈ ခုနှစ် မတိုင်ခင် ဦးနေဝင်း ဦးဆောင်တဲ့ စစ်အစိုးရ အဆက်ဆက်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်အပြင် ဒီမိုကရေစီ အစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာလည်း ငြိမ်းချမ်းရေး အတွက် ဆိုပြီး ငြိမ်းချမ်းရေးစေတီတော်ကြီး တည်ပြီး ထီးတော် တင်တာ၊ အဘက်ဘက်က ပြည့်စုံအောင် လုပ်ဆောင်တာတွေ ရှိခဲတယ်လို့ သူက ဆိုပါတယ်။

ဦးနေဝင်း လက်ထက်က ရွှေတိဂုံစေတီတော် အနီးမှာ မဟာဝိဇယ စေတီတော်တည်ထားခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း နေပြည်တော်မှာ ဥပ္ပါတသန္တိ စေတီတော်ကို တည်ထားခဲ့ပါတယ်။

အခု စစ်ကောင်စီ အစိုးရကလည်း တိုင်းပြည်စည်ကား တိုးတက်ဖို့ ဆိုပြီး ဘုရားကို ဘွဲ့တံ ဆိပ် နာမည် အသစ်နဲ့ ထီးတော် တင်တာ တွေ့ရပါတယ်။

ဘုရားမှာ တွေ့ရတဲ့ ရုပ်တုတွေနဲ့ အင်း

ဘုရားအဝင် မုခ်ရှေ့မှာ ခန္ဓာကိုယ်နှစ်ခုနဲ့ ခေါင်းတစ်လုံးပါတဲ့ ခြင်္သေ့ ရုပ်တုတွေတည်ဆောက်ထားတာကို တွေ့မြင်ရပါတယ်။

သက်သာပန်းတောင်းဘုရားကို ပြင်ဆင်မွမ်းမံနေတဲ့ အချိန် ဘုရားကို ရောက်သွားတဲ့ အနီးအနားရွာသားတွေ ကလည်း ဖောင်းရဲ့ အောက်က ဖိနပ်တော်တွေမှာ နဂါးခေါင်း ပုံစံမျိုး ထွက်နေတာ တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

သူတို့ ဒေသက ဘုရားတွေမှာ အဲဒီလိုမျိုး မတွေ့ဖူးဘူးလို့ ဘုရားကို ကိုယ်တိုင်သွားခဲ့တဲ့ လယ်ကိုင်းရွာသားက ပြောပါတယ်။

မုခ်ကြီး လေးဘက်မှာ ခြင်္သေ့ရုပ်တုတွေ ရှိတာ တွေ့တယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ အထဲမှာ ရွာသားတွေ ပြောသလို ရုပ်တုတွေကို အနီးကပ် အသေအချာ မမြင်ရပေမဲ့ ထီးတော်တင်တဲ့ နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးတို့က သပြေပန်းတွေနဲ့ ရေဖျန်းပက် ဆုတောင်းနေတဲ့ အင်းကွက် ကိုတော့ ထင်ထင်ရှားရှား တွေ့ကြရပါတယ်။

လူအများ ပါးစပ်ဖျားမှာလည်း အဲဒီ အင်း အကြောင်း ပြောကြ ဆိုကြနဲ့ ရေပန်းစားနေပြီး အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနေကြပါတယ်။

ရင်ဆိုင်နေရတဲ့ ဒုက္ခနဲ့ ဘယာသောကတွေ ကင်းဝေးအောင်နဲ့ အန္တရာယ် ကာကွယ်နိုင်အောင် အင်း ကို လုပ်ကြ ဆောင်ကြတယ်လို့ နာမည် မဖော်လိုတဲ့ ရန်ကုန်က နက္ခတ္တဗေဒ ပညာရှင် နောက် အမျိုးသား တစ်ယောက်က ပြောပါတယ်။

အင်းဆိုတာ ဒုက္ခတွေ ဘယာသောကတွေ ပျောက်အောင်၊ အန္တရာယ်ကာကွယ်အောင် လုပ်တာလို့ သူက ပြောပါတယ်။

ဘုရားမှာ တွေ့မြင်ရတဲ့ အင်းက အဘယ ဇာတက အင်းဖြစ်တယ်၊ အင်းမှာ ပါတဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင် အပေါ်ဆုံးက ၁၆၊ ၉၊ ၆၊ ၃ ဆိုတဲ့ ဂဏန်းတွေ မြင်လိုက်တာနဲ့ "အစကြိုးကြာ ဆယ့်ခြောက် ခါတည့် ၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို ၊ ကျေးညိုသုံးခါ" အစချီတဲ့ ဘုရားရှိခိုး စာအတိုင်း ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဘုရားလောင်း ဘဝ တွေကို အင်းဆန် ထည့်သွင်း ရေးထားတာ ဆိုတာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

ကိန်းဂဏန်းတွေက ထောင်လိုက်၊ အလျားလိုက်၊ ကန့်လန့်ဖြတ် ဘယ်လို ပေါင်းပေါင်း နံပါတ် ၃၄ ရတယ်လို့ အဲဒီ ပညာရှင် အမျိုးသားက ပြောပါတယ်။

ထီးတော်တင်ပြီးသွားတဲ့ အချိန်မှာ စစ်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် စစ်တပ်ခေါင်းဆောင် အမျိုးသားတွေက အောင်ပြီဆိုတဲ့သဘော ညာလက်သီးတွေဆုပ် မိုးပေါ်မြှောက် အောင်ပွဲခံတဲ့ပုံတွေလည်း စစ်ကောင်စီရဲ့ ထုတ်လွှင့်မှုတွေမှာ တွေ့ရပါတယ်။

၃ နဲ့ ၄ ဆိုတာက မူလ ဂဏန်း အနေအထားက ကျောချင်းကပ်နေတဲ့ အနေအထားရှိတယ်၊ ကျောချင်းကပ်ထားတယ်ဆိုတဲ့ အယူအဆ လို့ ပြောကြပါတယ်။

၃ + ၄ = ၇ ၊ (၇) ရက်သားသမီးများ အန္တရာယ်ကင်း အကျိုးရှိစေခြင်းကို ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့လည်း ယူဆချက် ရှိပါတယ်။

အင်းပေါ်မှာ ရှိတဲ့ အကွက် တခုချင်းစီမှာ ပါတဲ့ ဂဏန်းတွေ အားလုံးကို ပေါင်းလိုက်ရင် ၁၃၆ ရပါတယ်။ တစ်ကွက်ချင်းမှာ မြတ်စွာဘုရား ဖြစ်တော်စဉ်မှာ ကြုံခဲ့ရတဲ့ ဘဝ အရေအတွက်တွေကို ထည့်ထားတာလို့ နက္ခတ္တ ဗေဒပညာရှင်တွေက ပြောပါတယ်။

မြတ်စွာဘုရား ဖြစ်တော်စဉ်မှာ ဘယ်သူကမှ အန္တရာယ် ပြုလို့ မရတဲ့ ဘဝ အရေအတွက် ၁၃၆ ဘဝကို ရည်စူး ထည့်ထားတာဟာ ဘယ်သူမှ အန္တရာယ်မပြုနိုင်အောင် အန္တရာယ်ကို ကာကွယ်တဲ့ သဘောလို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

ကောင်းကျိုး ဖြစ်အောင် ရည်မှန်းလုပ်တိုင်း ကောင်းကျိုး ရမလား

အင်းတွေကို အင်း စည်းကမ်း နက္ခတ်စည်းကမ်းတွေနဲ့ ညီညွတ်ရင် အဲဒီအင်းက စွမ်းရည်ရှိတယ်လို့ ယူကြတယ် ဆိုပြီး စောစောက ပြောတဲ့ အမည်မဖော်လိုတဲ့ နက္ခတ္တဗေဒ ပညာရှင်က ပြောပါတယ်။

ကိုယ့်အတွက် ကောင်းကျိုးတွေကို မျှော်မှန်းပြီး ဘေးဒုက္ခ အန္တရာယ်တွေ ကင်းအောင် လုပ်တယ် ဆိုပေမဲ့ ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အကုသိုလ်တွေကိုတော့ ဘာနဲ့မှ ပယ်ဖျက်နိုင်တာ မရှိဘူးလို့ သူက ပြောပါတယ်။

အကုသိုလ်က တစ်လမ်း သွားတယ်၊ ကုသိုလ်က နောက်တစ်လမ်းသွားတယ်၊ ကုသိုလ်နဲ့ အကုသိုလ်ကို သင်္ချာနည်း အရ ချေလို့ မရဘူး၊ သူ့တန်ကြေးနဲ့ သူပဲလို့ သူက ဆိုပါတယ်။

အင်းပဲ ရေးရေး စမ ပဲ ရေးရေး လုပ်ဆောင်သူရဲ့ သီလ သမာဓိနဲ့ အင်းဆန် လုပ်စဉ် ကာလမှာ သက်ရောက်နေတဲ့ ဂြိုဟ် နက္ခတ်တွေရဲ့ စွမ်းရည်သတ္တိ ပေါ်မူတည်ပြီး အင်းက စွမ်းရည်ရှိတယ်၊ ဒါပေမဲ့ လုပ်ဆောင်သူက သီလ သမာဓိ မရှိသူ ဖြစ်မယ်၊ နက္ခတ်ကလည်း မမိဘူး ဆိုရင် အင်း က မစွမ်းဘဲ ကာယကံရှင်ကို ပြန်ထိခိုက်တတ်တယ်လို့ အမည်မဖော်လိုတဲ့ နက္ခတ္တ ဗေဒ ပညာရှင်က ပြောပါတယ်။

နက္ခတဗေဒ ပညာရှင် ဆရာ ဦးဇေယျာကိုကတော့ ကောင်းတဲ့နက္ခတ်နဲ့ တိုက်ဆိုင်ရင် ကုသိုလ်လည်းရပြီး ကောင်းတဲ့အကျိုးလည်း ဖြစ်ပေမဲ့ တခါတရံ မကောင်းတဲ့ နက္ခတ်နဲ့ ကြုံတဲ့ အခါ ဆိုရင်တော့ ဘေးဥပါတ်ကြုံတာတွေ ရှိနိုင်တာတွေကို သူ တွေ့မြင်ခဲ့ဖူးတဲ့ ဥပမာတွေနဲ့အတူ ပြောပြပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အစိုးရ နဝတ လက်ထက်က ဗိုလ်ချုပ်ကြီးခင်ညွန့်က ရွှေတိဂုံစေတီမှာ ထီးတော် တင်ခဲ့တာရှိတယ်၊ ထီးတော်တင်တာ ရက်ကြာတာနဲ့ အဲဒီကာလမှာ နက္ခတ်ညံ့တာတွေ ကြုံခဲ့တယ်ဆိုတာ ပြန်လည် သုတေသနပြုလေ့လာတဲ့အခါ သိရှိရတယ်၊ ဗိုလ်ချုပ်ကြီးခင်ညွန့် လည်း ရာထူးထိခိုက်တာမျိုး မြင်တွေ့ခဲ့ရဖူးတယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။

ဒါ့အပြင် ဦးနေဝင်းလက်ထက်တုန်းကလည်း မဟာဝိဇယ စေတီတော်ကို တည်ထားပြီး အခမ်းအနားတွေနဲ့ ထီးတော်တင်တာတွေ ဆောင်ရွက်ခဲ့ပေမဲ့ အဲဒီလို ဆောင်ရွက်ခဲ့ချိန်မှာ ကောင်းတဲ့ နက္ခတ်တွေနဲ့ မကြုံကြိုက်ပေမဲ့ ရွှေတိဂုံ ဘုရားကြီးရဲ့ အရှေ့ဘက်မှာ ရှိတဲ့ မဟာဝိဇယ စေတီတော်ကြီးဟာ တည်ထားပြီးချိန်ကစလို့ အခု အချိန်အထိ ကြက်ပျံမကျ စည်ကားတာ မရှိဘူးလို့ ဆိုပါတယ်။

စကြာပန်းတောင်း စည်ကားလာနိုင်လား

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ခမ်းခမ်းနားနား ထီးတင်ပွဲ ကျင်းပခဲ့တဲ့ စကြာပန်းတောင်းဘုရား တည်ရှိတဲ့နေရာက လယ်ကိုင်းကျေးရွာအုပ်စုဝင် ရွာ ၆ ရွာထဲမှာ အသေးငယ်ဆုံးနဲ့ အိမ်ခြေ အနည်းဆုံး ရွာဖြစ်ပါတယ်။

အဲဒီ ၆ ရွာမှာ လယ်ကိုင်း၊ ရှမ်းတော၊ အုန်းတော၊ သက်သာကြီး၊ လှည်းကြီးနဲ့ သက်သာပန်းတောင်း တို့ပါဝင်ပါတယ်။ ဒီရွာတွေက ဘုရား ဝန်းကျင်မှာ ဝန်းရံ ထားတယ် ဆိုတဲ့ ကြီးလေးကြီး ရွာတွေနဲ့ မဆိုင်ပါဘူး။

သက်သာပန်းတောင်းရွာက ပွင့်ဖြူနဲ့ လယ်ကိုင်း ကားလမ်းမကြီးနံဘေး တစ်ဖာလုံလောက်မှာ ရှိတဲ့အတွက် သွားရေးလာရေး မခက်ခဲဘဲ အဆင်ပြေပေမဲ့ အဲဒီကို ဘယ်သူမှ သွားတာလာတာ မရှိဘူး၊ လယ်ကိုင်းကျေးရွာအုပ်စုဝင် ရွာတွေက လူတွေတောင် သွားသွားလာလာ မရှိလို့ တော်တော် ခေါင်တယ်လို့ လယ်ကိုင်းရွာသား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

သက်သာပန်းတောင်း စေတီတော်ကိုလည်း စိတ်ဝင်တစား သွားရောက် ဖူးမြော်ကြတာ မရှိဘူးလို့ သူက ပြောပါတယ်။

လယ်ကွင်းတွေထဲ အလုပ်သွားလုပ်သူတွေသာ ဖြတ်သွားဖြတ်လာ လုပ်ကြတဲ့အတွက် "ကြီးလေးကြီး အလယ်မှာ ကြက်ပျံမကျ စည်ကားကြ ပြည်ကြီး အေးချမ်းသာယာမည်" ဆိုတဲ့ တဘောင်အတိုင်း စည်ကားလာဖို့ကိုတော့ အနီးအနား ဝန်းကျင်က ရွာသားတွေက သိပ်မမျှော်လင့်ကြပါဘူး။