မောင်တောတိုက်ပွဲ အရပ်သားနှစ်ဦးသေဆုံးပြီးနောက် အဝေးပြေးလမ်းကို ပိတ်ထား

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် မြောက်ပိုင်းနယ်စပ် မောင်တောမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား မှာဖေဖော်ဝါရီလ ၇ ရက်နေ့က တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က စပြီး မောင်တောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေခဲ့သလို ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ထပ်မံဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီ့နောက် ဖေဖော်ဝါရီ ၇ ရက်နေ့ည ၁၁ နာရီခွဲခန့်အချိန်ကလည်း အေအေနဲ့ စစ်ကောင်စီတပ်တို့ မောင်တောမြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာနဲ့ မိုင်ဝက်လောက်အကွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီး အရပ်သားနှစ်ဦးထိခိုက်သေဆုံးခဲ့ရတယ်လို့ ဖားဝပ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက အတည်ပြုပြောဆိုပါတယ်။
သေဆုံးသွားသူ အရပ်သားနှစ်ဦးတို့မှာ ဖားဝပ်ချောင်းကျေးရွာက အသက် ၄၀ ကျော်အရွယ် ဒေါ်စောခင်လှ နဲ့ ငန်းချောင်းမွတ်ဆလင်ကျေးရွာက အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
သေဆုံးသူနှစ်ဦးနက် ရခိုင်အမျိုးသမီးမှာ သစ်၊ဝါးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး မွတ်ဆလင်အမျိုးသားမှာ ၎င်းအမျိုးသမီးရဲ့ ကုန်ပစ္စည်းတွေသယ်ယူနေတဲ့ ကားဒရိုင်ဘာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
"တိုက်ပွဲက မနေ့ကည ၁၁ နာရီကျော်လောက်မှာတော့ ဖြစ်သံကြားလိုက်ရတယ်။ ဒီမနက်ပိုင်းမှာ ကြိမ်ချောင်းစခန်းက ဗိုလ်ကြီးတစ်ယောက် ကျွန်တော့်ဆီကိုဖုန်းဆက်လာတော့ အရပ်သားတွေသေဆုံးတယ်ဆိုတာ သိရတာ။ မနက်ပိုင်းက အလောင်းကိုသွားယူပြီး သင်္ဂြိုဟ်လိုက်ပါပြီ"လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
သေဆုံးသူနှစ်ဦးတို့မှာ ဖေဖော်ဝါရီ ၇ ရက် မနေ့နေ့လယ်က လုပ်ငန်းကိစ္စနဲ့ထွက်သွားပြီးအပြန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက သူတို့ကားနဲ့လိုက်ပါလာခဲ့ကြတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရပြီး သေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ဖားဝပ်ချောင်းကျေးရွာကနေ ခြေလျင် ၁၀ မိနစ်လောက်သာသွားရတဲ့ အဝေးပြေးလမ်းမတံတား မှာဖြစ်ပွားခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
ည ၁၁ နာရီကျော်အချိန်မှာ ကနဦး မိုင်းကွဲသံတစ်ချက်ထွက်ပေါ်လာခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် တရစပ်ပစ်ခတ်မှုတွေ ရှိခဲ့ကာ နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ အဲ့ဒီအနီးအနားက ဖားဝပ်ချောင်းကျေးရွာသား တစ်ဦးက ပြောပြပါတယ်။
မနေ့ကတိုက်ပွဲအတွင်း သေဆုံးသူအရပ်သားနှစ်ဦးအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အနည်းဆုံး ၉ ဦးခန့်သေဆုံးခဲ့တယ်လို့ သတင်းရကြောင်း ကျေးရွာသားတွေက ပြောဆိုကြပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ အရပ်သားနှစ်ဦးသေဆုံးခဲ့ရမှုကိုတော့ ဒေသတာဝန်ရှိသူတွေဘက် အတည်ပြုပြောဆိုကြပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိတယ်ဆိုတာကိုတော့ ဘီဘီစီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မောင်တောမြောက်ပိုင်းဒေသမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ကြပြီး ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
"ဒီနေ့မှာတော့ ဖားဝပ်ချောင်းဘက်မှာ ဆက်ဖြစ်တာမရှိတော့ဘူး။ အသွားအလာတွေကိုလည်း ကန့်သတ်ထားတယ်။ ဟိုဘက် မီးတိုက်ရွာဘက်မှာတော့ မွန်းလွဲပိုင်းကစလို့ ဖြစ်နေကြတယ်လို့ သိရပါတယ်။ လက်ပံတောင်ဘက်မှာတော့ သတင်းကြားတယ်။ အသံတွေဘာတွေတော့ ဒီကမကြားရဘူး"လို့ ဖားဝပ်ချောင်းကျေးရွာသား တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် မောင်တောမြို့နယ်မြောက်ပိုင်း အဝေးပြေးလမ်းကို ပိတ်ထားလိုက်ပြီး လုံခြုံရေးတင်းကျပ်ထား တယ်လို့ ပြောဆိုကြပါတယ်။
မောင်တောမြောက်ပိုင်းတစ်ခွင်ကို ဆက်သွယ်ထားတဲ့ သုံးမိုင်-တောင်ပြိုလက်ဝဲကားလမ်းမတစ်လျှောက် ကျီးကန်းပြင်ဌာနချုပ်၊ ကြိမ်ချောင်းကျေးရွာ စတဲ့နေရာတွေမှာ အသွားအလာ ဖြတ်တောက်ထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။
တစ်နှစ်ကျော်အကြာ ယာယီအပစ်ခတ်ရပ်စဲထားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလလ ၄ ရက်နေ့က မောင်တောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ကြပါတယ်။
မောင်တောမြောက်ပိုင်းမှာ ARSA အဖွဲ့တွေနဲ့သာ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြီး တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စိစစ်မှုတွေလုပ်နေတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။








