မြန်မာနိုင်ငံက ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့သူတွေ လက်နက်ကိုင်လမ်းစဥ်ကို ဘာကြောင့် ရွေးလိုက်ရတာလဲ

စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေးတိုက်ပွဲဝင်နေသူအချို့ဟာ ရရာလက်နက်ဆွဲကိုင် တိုက်ပွဲဝင်နေရ
ဓာတ်ပုံ ပုံစာ, စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေးတိုက်ပွဲဝင်နေသူအချို့ဟာ ရရာလက်နက်ဆွဲကိုင် တိုက်ပွဲဝင်နေရ
ရေးသားခဲ့သည်။

ရေးသားသူ ဂျွန်နသန် ဟက်ဒ်

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာအားလုံးကို ချုပ်ကိုင်လိုက်တဲ့ တုန်လှုပ်ချောက်ချားဖွယ် အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာ လူထုရဲ့ တုံ့ပြန်မှုက ပြင်းထန်မှု သိပ်မရှိသေးပါဘူး။

ဆယ်စုနှစ်သုံးစုကြာ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ခဲ့သူ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရသလို လူတွေအနေနဲ့ကလည်း အာဏာသိမ်းမှုကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ သိကြပုံမပေါ်ပါဘူး။

“အဲဒီနေ့မနက်က အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်” လို့ ရန်ကုန်စက်မှုဇုန် လှိုင်သာယာက လူသိများတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် မမိုးစန္ဒာမြင့်က ပြန်ပြောပြပါတယ်။

“အစပိုင်းတုန်းက အဲ့ဒီ သတင်းကို မယုံပေမယ့် ရေဒီယိုထွက်ဝယ်ပြီးတဲ့အချိန်မှာ အာဏာသိမ်းလိုက်တာ အမှန်ဆိုတာ သိလိုက်ရပါတယ်။ ဝမ်းနည်းပက်လက်ဖြစ်ပြီး ကြေကွဲခဲ့ရတယ်။ အဲဒီနေ့က ကျွန်မတို့အတွက် အမှောင်ကျခဲ့တဲ့ နေ့တစ်နေ့ပါ။ မြန်မာနိုင်ငံဟာ အခုမှစ ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံတစ်ခုပါ။ အာဏာရှင်တွေကို ဆန့်ကျင်ဖို့က ကျွန်မတို့အတွက် အရေးအကြီးဆုံးကိစ္စဖြစ်လို့ ဘယ်လိုပြန်တိုက်ရမယ်ဆိုတာကို တိုင်ပင်အဖြေရှာခဲ့ကြပါတယ်”

ဒါပေမဲ့ အဲ့ဒီနေ့နှောင်းပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက စာတစ်စောင်ထွက်လာပြီး အဲ့ဒီစာထဲမှာ အာဏာသိမ်းတာကို သူ မျှော်လင့်ထားတဲ့သဘောမျိုးနဲ့ ၊ အာဏာသိမ်းတာကို လက်မခံကြဖို့ မြန်မာပြည်သူတွေကို တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယုံကြည်ရဆုံး အကြံပေး တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကာလရှည်ကြာ ရပ်တည်ခဲ့တဲ့ မဟတ္တမဂန္ဒီလမ်းစဥ်အတိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို လုပ်ကြဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာဆရာမတွေ ဦးဆောင်တဲ့ အာဏာဖီဆန်ရေး CDMလှုပ်ရှားမှု မွေးဖွားလာပြီး အလုပ်သမားသမဂ္ဂတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ တက်ကြွတဲ့ ဂီတနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ၊ LGBT အဖွဲ့တွေနဲ့ တိုင်းရင်းသား လူနည်းစုတွေ၊ ကဏ္ဍပေါင်းစုံက လူတွေ ပူးပေါင်းပါဝင် လာကြပါတယ်။

သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လှုပ်ရှားမှု ယုံကြည်ချက်ကို ထောက်ခံအားပေးခဲ့ကြရုံသာမက၊ ဆန္ဒပြပွဲမှာကိုင်စွဲတဲ့ ပိုစတာတွေပေါ်မှာလည်း သူ့ပုံတွေကိုတွေ့ရပြီး သူဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရလက်ထဲကို အာဏာ ပြန်အပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

မမိုးစန္ဒာမြင့်ဟာ အာဏာသိမ်းပြီး လေးရက်အကြာမှာ အလုပ်သမားတွေအများ ကြီးပါတဲ့ ပထမဆုံးဆန္ဒပြပွဲတစ်ခုကို စည်းရုံး ဦးဆောင်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် သူတို့အဖွဲ့ ပူးပေါင်းပါဝင်ခဲ့ကြပြီး အာဏာသိမ်းပြီး ပထမလရဲ့ အခြေအနေကတော့ လမ်းတွေပေါ်ကို လူတွေအုံနဲ့ကျင်းနဲ့ ထွက်လာပြီး ပွဲတော်ကြီးသဖွယ် ဆန္ဒပြစုရုံးခဲ့ကြတာကို တွေ့ရပါတယ်။

“ကျွန်မ အလုပ်သမားတွေ အပစ်ခံရမှာကို စိုးရိမ်မိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ချီတက်တဲ့အချိန်မှာ လူတွေတခဲနက် ပူးပေါင်းပါဝင်လာတာကို တွေ့ရတော့ ကြောက်စိတ်တွေအားလုံး ပျောက်သွားတယ်"လို့ အဲ့ဒီတုန်းက သူခံစားခဲ့ရတာကို ပြန်ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ မမိုးစန္ဒာမြင့်ဟာ ခင်ပွန်းသည်၊ ကလေး သုံးယောက်တို့နဲ့ အတူ ထိုင်းနိုင်ငံမှာ ခိုလှုံနေပါတယ်။

အဲ့ဒီကိုမရောက်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေကိုဖြတ်ခဲ့ရသလို နယ်စပ်ကိုလည်း ညအချိန်မှာ ကြောက်ကြောက်နဲ့ ဖြတ်ခဲ့ရပါတယ်။

စစ်အာဏာရှင်လက်က ရှောင်တိမ်းထွက်ပြေးလာပြီးနောက် မိသားစုနဲ့အတူ မမိုးစန္ဒာမြင့်ထိုင်းမှာ ရောက်ရှိနေ
ဓာတ်ပုံ ပုံစာ, စစ်အာဏာရှင်လက်က ရှောင်တိမ်းထွက်ပြေးလာပြီးနောက် မိသားစုနဲ့အတူ မမိုးစန္ဒာမြင့် ထိုင်းနိုင်ငံမှာ ရောက်ရှိနေ

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေရဲ့ အလှည့်အပြောင်းက မတ်လမှာ ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းခေါင်းဆောင်တွေက သူတို့ တပ်ဖွဲ့ဝင်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ဖြိုခွင်းဖို့ အမိန့်ပေးခဲ့တာကနေ အလှည့်အပြောင်းတွေ စဖြစ်လာတာပါ။

မတ် ၁၄ ရက်နေ့မှာလည်း မမိုးစန္ဒာမြင့်ကို စစ်တပ်က ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ အဲဒီအချိန်မှာ အိမ်မှာသူ ရှိမနေတဲ့အတွက် အဖမ်းမခံခဲ့ရပါဘူး။

လှိုင်သာယာမြို့နယ်ဟာ ရွှေ့ပြောင်းလုပ်သားတွေ အများစု နေထိုင်တဲ့နေရာတစ်ခုဖြစ်သလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရန်ကုန်မြို့က နေရာတစ်ခုလည်းဖြစ်ပါတယ်။

အဲ့ဒီမှာနေတဲ့သူတွေက သူတို့မြို့နယ်ထဲကို စစ်တပ်လွယ်လွယ်နဲ့ ဝင်မလာနိုင်အောင် လမ်းတွေပေါ် မှာ အပိတ်အဆို့ အတားအဆီးတွေအကြီးအကျယ် လုပ်ခဲ့ကြပါတယ်။

" နောက်ထပ်လှုပ်ရှားမှုတစ်ခုလုပ်ဖို့ အခြားသမဂ္ဂခေါင်းဆောင်တွေနဲ့ တိုင်ပင်နေတဲ့အချိန် စစ်တပ်ဝင်လာပြီလို့ ရုတ်တရက်ကြားလိုက်တော့ ကျွမတို့ လူစုခွဲလိုက်ရတယ်။ လှိုင်သာယာအပြင်ကို ထွက်တဲ့လမ်းအားလုံးကို သူတို့ ပိတ်ဆို့ထားပြီး ကျွန်မတို့လူတွေကို ပစ်ပါတယ်။ အဲ့ဒီမှာ ကျွန်ရဲ့ လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေအပါအဝင် အများစု သေဆုံးသွားကြတယ်။ "

"ပထဆုံး အလယ်ကြောကို စပစ်တယ်။ အဲ့ဒီအချိန်မှာ ကျွန်မအမျိုးသားကလည်း ဆန္ဒပြနေတဲ့ သူတွေနဲ့ အတူ လမ်းတွေပေါ်မှာရှိနေတာ။ ပြီးတော့ ပစ်တာက ကျွန်မတို့အနောက်နဲ့ ဘေးဘက်အထိ ရောက်လာတယ်။ ကျွန်မတို့လည်း အကာအကွယ်ယူရတာပေါ့။ ဒါပေမဲ့ ကျည်လွတ်ရာ ရှောင်ဖို့ကလည်း မလွယ်ဘူးလေ။ "

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ Myanmar Witnessအဖွဲ့ ဟာ ဂြိုလ်တုက တစ်ဆင့် ရတဲ့ပုံတွေကို ဆန်းစစ်လေ့လာခဲ့ပြီး သူတို့လေ့လာချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် လူ အစုလိုက်အပြုံလိုက် သတ်ခံရတယ်ဆိုတာတွေ့ရပြီး အဲ့ဒီနေ့က လှိုင်သာယာမှာ သေဆုံးတဲ့သူ အနည်းဆုံး ၈၀ ကျော်ရှိတယ်လို့ တွက်ထားကြပါတယ်။

အဲ့ဒီနေ့ကဖြစ်တာ ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာလည်း လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ တံတားတစ်စင်းပေါ်ကနေ စစ်ကောင်စီတပ်ဖွဲ့တွေက တံတားအောက်ကလူတွေကို သေနတ်နဲ့ ပစ်နေတာကို တွေ့ရပါတယ်။ မမိုးစန္ဒာမြင့်ရဲ့နေအိမ်ကိုလည်း ဝင်‌ရောက်စီးနင်းခံရတာကြောင့် အဲ့ဒီမှာ သူတို့ဆက်နေလို့မရတော့ဘဲ သူနဲ့ သူ မိသားစု ရန်ကုန်ကနေ ထွက်ခဲ့ရပါတယ်။

ဒဏ်ရာရသူလူငယ်လေးတဦးကို မတ် ၁၄ ရက်နေ့က ဆေးရုံပို့ရန်သယ်ဆောင်လာစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒဏ်ရာရသူလူငယ်လေးတဦးကို မတ် ၁၄ ရက်နေ့က ဆေးရုံပို့ရန်သယ်ဆောင်လာစဥ်

စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုတွေကြောင့် အာဏာသိမ်းပြီး ပထမလတုန်းက ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြတဲ့ အများစုဟာလည်း ထွက်ပြေးတဲ့သူထွက်ပြေးကြပြီး အချို့ကတော့ စစ်တပ်ကို လက်နက်ချင်းယှဥ်တိုက်ဖို့ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်သွားကြပါတယ်။

အရင်အခြေအနေကို ပြန်မသွားဘူး

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူမြင်ကွင်းက ပျောက်သွားသလို စစ်ကောင်စီက သူ့ကိုစီရင်ဖို့ လုပ်နေတဲ့ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်တရားခွင်မှာ ရုန်းကန်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီက လွှတ်တော်အမတ်တွေနဲ့ သူ့ပါတီကခေါင်းဆောင်အချို့က အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ပြီးခဲ့တဲ့ ဧပြီလက ဖွဲ့စည်းခဲ့ကြပါတယ်။ NUG အစိုးရဟာ စစ်အုပ်စုက နိုင်ငံတကာ အသိအမှတ်ပြု ဖို့ကြိုးစားချက်ကို ဆန့်ကျင်တားဆီးခဲ့သလို၊ သူတို့အစိုးရအဖွဲ့ ခေါင်းဆောင်ပိုင်းမှာ လည်း တိုင်းရင်းသားတွေ ပိုမိုပါဝင်လာ‌အောင် ရည်မှန်းချက်ထားပြီး လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်လက်မှာ အဖမ်းမခံရအောင် ရှောင်တိမ်းနေရတာကြောင့် သူတို့အဖွဲ့ဝင်တွေ ပြန့်ကြဲနေတဲ့အချက်ကလည်း စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အပေါ် NUG အစိုးရရဲ့ သြဇာလွှမ်းမိုးမှုဟာ အကန့်အသတ်တွေ ရှိနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် သို့မဟုတ် PDFတွေလို့ ခေါ်ဆိုကြတဲ့ ပြည်တွင်းမှာ စစ်အာဏာရှင်ကိုတိုက်နေတဲ့ တပ်တွေဟာ စစ်တပ်ယာဉ်တန်းတွေကို တိုက်ခိုက်တာ၊ စစ်အစိုးရကို အလုပ်လုပ်ပေးပြီး သစ္စာခံနေတဲ့သူတွေကို လုပ်ကြံတာတွေ လုပ်ဆောင်နေပြီး သိမ်းဆည်းရမိတဲ့သေနတ်တွေ ဒါမှမဟုတ် ကိုယ့်ဘာသာ ဖန်တီးထားတဲ့ အိမ်လုပ်သေနတ်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြု တိုက်ခိုက်နေကြပါတယ်။

သူတို့အဖွဲ့တွေအနေနဲ့ ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေအကြောင်းကို စကားထဲတောင် သိပ်ထည့် မပြောကြတော့ပါဘူး။

သူတို့ထဲက အချို့လူတွေကတောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်ဦးဆံပိုင် တစ်ဦးတည်း ခေါင်းဆောင်မှုနဲ့ အာဏာသိမ်း စစ်တပ်နဲ့အတူ ယှဥ်တွဲရပ်တည်ခဲ့တဲ့ လုပ်ရပ်ကိုလည်း ဝေဖန်နေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဏာမသိမ်းခင်က အနေအထားကို သူတို့အနေနဲ့ ပြန်သွားမှာမဟုတ်ဘူးလို့ ပြောနေကြပါတယ်။

နာမယ်ဝှက်တွေ သုံးထားတဲ့ ‌ဂျောချ်နဲ့ ဖရန့်ခ်တို့ဟာ ရန်ကုန်မြို့က သူတို့ အိမ်နားမှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ လူငယ်နှစ်ဦးပါ။

ဂျော့ချ်က စီးပွားရေးလုပ်ခန်းတစ်ခုက အမှုဆောင်တစ်ဦးဖြစ်ပြီး ဖရန့်ကတော့ ဗီဒီယိုဂိမ်းကစားရတာ ဝါသနာပါပြီး ကော်ဖီဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်။

သူတို့ တို့နှစ်ဦးစလုံးဟာ အခုအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာက PDFအဖွဲ့တစ်ဖွဲ့ကဖြစ်ပါတယ်။

မတ်လတုန်းက သူတို့ အတားအဆီးတွေလုပ်ထားတဲ့နေရာကို သေနတ်နဲ့ဖြိုခွင်းခံရပြီး သူတိုရှေ့မှာ ပစ်သတ်ခံရတာတွေ တွေ့ခဲ့ရပြီးနောက်ပိုင်း နိုင်ငံတကာ အကူအညီတွေကလည်း ဘာမှမပေါ်လာတာကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ သူတို့အနေနဲ့ ဆုံးဖြတ်ခဲ့ရ ပါတယ်။

“ကျွန်တော်တို့က စစ်ရေးလေ့ကျင့်မှုအတွေ့အကြုံမရှိတဲ့ ရိုးရိုးသာမန်လူတွေပါ။ ကျွန်တော်တို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးကို ဘယ်နေရာက စရမှန်းမသိခဲ့ ဘူး ” လို့ ဂျော့ချ်က ပြောပါတယ်။

ဆန္ဒပြပွဲတွေဖြိုခွင်းခံရတဲ့ကာလမှာ ရဲတပ်ဖွဲ့ကို မည်ကာမတ္တပစ္စည်းတွေကို အသုံးပြုပြီး ဆန္ဒပြသမားတွေ ရင်ဆိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, STR / AFP

ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲတွေဖြိုခွင်းခံရတဲ့ကာလမှာ ရဲတပ်ဖွဲ့ကို မည်ကာမတ္တပစ္စည်းတွေကို အသုံးပြုပြီး ဆန္ဒပြသမားတွေ ရင်ဆိုင်ခဲ့

လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ရန်ကုန်က တက်ကြွလှုပ်ရှားသူတွေ အတွက် အလွယ်ဆုံးရွေးချယ်မှုကတော့ လက်နက်ကိုင်အဖွဲ့တွေဆီ ရောက်အောင်သွားဖို့ပါ။ အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟာ ဆယ်စုနှစ်များစွာကြာ စစ်အစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေထဲက အချို့အဖွဲ့တွေက အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ ခပ်ဝေးဝေးနေကြပေမယ့် မြန်မာပြည်မြောက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ထိုင်းနယ်စပ်တစ်လျှောက်မှာရှိနေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်နီတိုင်းရင်းသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)တွေကတော့ သူတို့ နယ်မြေထဲကို ရောက်လာတဲ့သူတွေကို လက်ခံပြီး ခိုလှုံစရာနေရာတွေပေးတဲ့ အပြင် စစ် သင်တန်းတွေပါပေးခဲ့ပါတယ်။

KNLA နယ်မြေထဲကိုရောက်သွားတဲ့ ဂျောချ်နဲ့ဖရန့်တို့အတွက် ပထမဆုံးပြဿနာက KNLAအဖွဲ့ရဲ့ ယုံကြည်မှုရဖို့ပါ။

KNLA အဖွဲ့ဟာ စစ်တပ်ဘက်က ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ အန္တရာယ်ကို သတိထားနေပြီး တစ်ဖက်မှာလည်း လူများစု မြန်မာလူမျိုးတွေအပေါ်ကာလရှည်ကြာ သံသယတွေက ဆက်ရှိနေဆဲဖြစ်ပါတယ်။

သူတို့အတွက် ဒုတိယပြဿနာကတော့ လက်နက်အခက်အခဲပါ။ သူတို့ကိုင်မယ့် လက်နက်ကို သူ့တို့ဘာသာ မှောင်ခိုစျေးကွက်ကနေ ဝယ်ရပါတယ်။

ဂျော့ချ်ဟာ ပစ္စတိုတစ်လက်ကို ဒေါ်လာ ၂,၀၀၀ (ပေါင် ၁,၅၀၀)‌ပေးဝယ်ခဲ့ရပါတယ်။ ဖရန့်ကတော့ အမေရိကန်လုပ် M4 ရိုင်ဖယ်သေနတ်တစ်လက်ကို ဒေါ်လာ ၃,၅၀၀နဲ့ ဝယ်ဖို့ သူပိုင်တဲ့ ကားနဲ့ မြေကွက်တစ်ကွက်ကို ရောင်းလိုက်ရပါတယ်။ လက်နက်ရပြန်တော့လည်း ခဲယမ်းမီးကျောက် ကျည်ဆံ အခက်အခဲတွေက ဆက်ရှိနေဆဲပါ။

သူတို့ လက်ခံထားတဲ့ အိမ်ရှင် ကရင်တွေက PDF တွေ ရပ်တည်ဖို့ သူ့တို့ ဘာသာ ငွေရှာခိုင်းပေမယ့် အုပ်ချုပ်မှုတွေကိုတော့ သူတို့ KNLA တပ်အောက်မှာ ဆက်ထိန်းချုပ် ထားပါတယ်။ အဲ့ဒီကိစ္စက သူတို့အတွက် ထိန်းညှိဖို့ခက်တဲ့ ကိစ္စတစ်ခုပါ။

“ဒါတွေအားလုံး မဖြစ်ခင်တုန်းကဆို ကျွန်တော်က ဂိမ်းကစားတာကိုပဲ စိတ်ဝင်စားတဲ့သူ ” လို့ ဖရန့်ခ်က ပြောပါတယ်။

"တောထဲမှာ နေရတာ မြေကြီးပေါ်မှာ အိပ်ရတယ်၊ တစ်ခါတလေကျတော့ အခုလုပ်နေတာကြီး စွန့်လွှတ်ပစ်လိုက်ချင်တယ်။ ပေးတဲ့ဟာကိုပဲ ကျွန်တော်တို့စားရတယ်။ အသားထက် ငှက်ပျောအူတွေ စားရတာပိုများတယ်။ ပြီးတော့ အိမ်သာတက်ရတဲ့ကိစ္စ အလေ့အကျင့်ဖြစ်အောင် လုပ်ရတာ အခက်ဆုံးပဲ ထင်တယ်ဗျ။"

စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေးတိုက်ပွဲဝင်နေသူအချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အာဏာရှင်ဆန့်ကျင်ဖြုတ်ချရေးတိုက်ပွဲဝင်နေသူအချို့

PDF ခေါင်းဆောင်တွေနဲ့ NUG အစိုးရအဖွဲ့ဝင်တွေ ခိုလှုံနေတယ်ဆိုပြီး စစ်အစိုးရက ဝင်ရောက်စီးနင်းရာက ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလတုန်းက တိုက်ပွဲ မှာ သူတို့နှစ်ယောက်လုံး ဒဏ်ရာရခဲ့ပါတယ်။

သူတို့တွေ သေနတ်ဒဏ်ရာခဲ့တုန်းက ကြောက်စရာကောင်းတဲ့ ၊ ဖရိုဖရဲ ကြုံတွေ့ရတဲ့ အခြေအနေတွေကိုလည်း ပြန်ရှင်းပြခဲ့ကြပါတယ်။

ပြီးတော့ သူတို့ PDFတွေ သစ္စာခံနေတဲ့ NUG အစိုးရဆီကလည်း ဘာပစ္စည်းအထောက်အပံ့မှ မရဘူးလို့လည်း စောဒကတက်ပြီး ပြောပြကြပါသေးတယ်။

NUG အစိုးရအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် တောက်လျှောက် ဆုပ်ကိုင်ခဲ့တဲ့ အကြမ်းမဖက် လှုပ်ရှားရေးမှုတွေကနေ သွေဖယ်ပြီး လက်နက်ကိုင်ခုခံမှု တော်လှန်ရေးကို အသားပေး လုပ်ဆောင် လာခဲ့ပါတယ်။

ပြီးခဲ့ စက်တင်ဘာလမှာ NUG က စစ်အစိုးရကို ခုခံစစ်ကြေညာပြီး ဒီ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ (PDF)တွေ တရားဝင်ဖွဲ့စည်းမယ်လို့ ကြောညာခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကိုပါ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်ပရောက် မြန်မာတွေကလည်း NUG ကို သိသိသာသာ အလှူငွေတွေ အများကြီးထည့်ဝင်ကြ သလို ကာကွယ်ရေးဝန်ကြီးဌာနကို ထူထောင်ခဲ့ ပြီး၊ အခုအခါ ဂျော့ချ်ကိုယ်တိုင်လည်း PDF တပ်ရင်းလေးတစ်ခုကို ဦးစီးကွပ်ကဲနေပါတယ်။ NUGနဲ့ သူတို့ ပုံမှန် အဆက်အသွယ်ရှိဆိုပေမယ့် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့ ကရင်လူမျိုးတွေရဲ့ ဆန္ဒကိုလည်း ဦးစားပေးရမယ်လို့ ဂျော့ချ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်သွားပြီဆိုပေမယ့် စစ်အုပ်ချုပ်ရေးကို ခုခံတွန်းလှန်မှုတွေကတော့ အရှိန်ကောင်းကောင်းနဲ့ ဆက်ရှိနေဆဲပါ ။

စစ်ကောင်စီလက်အောက်က တပ်ဖွဲ့တွေလက်ချက်နဲ့ အနည်းဆုံး လူ ၁,၅၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ကြောက်စရာကောင်းတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလည်း ဆက်တိုက် ဖြစ်ပွားခဲ့သလို နေအိမ်ရာနဲ့ချီလည်း ပျက်စီးခဲ့ရပါတယ်။

ပြီးတော့ ဗုံးတွေ ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် သူတို့ဘက်ကလူ ရာနဲ့ချီသေဆုံးခဲ့တာရှိနေပြီလို့လည်း စစ်အုပ်စုဘက်က ပြောထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာပြည်ရဲ့ စီးပွားရေးက ယိုယွင်းပျက်စီးနေပြီး ၊နိုင်ငံရပ်ခြားကို ထွက်ပြေးတဲ့သူတွေကလည်း တစ်နေ့နဲ့ တစ်နေ့ ပိုပိုများလာပါတယ်။