KNDO ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြ တာဝန်ကနေ ရပ်ဆိုင်းခံရ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ကရင်အမျိုးသားအစည်းအရုံး (KNU - Karen National Union)က ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO - Karen National Defence Organization)မှာ ကာလကြာမြင့်စွာ ဦးဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။
ဇန်နဝါရီလ ၁၇ ရက်က စတင်ပြီး သူ့ကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့အကြောင်း KNU က စာထုတ်ပြန်ခဲ့သလို၊ အဲဒီအဖွဲ့အစည်းရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး ကလည်း ဘီဘီစီကို အတည်ပြုပြောပါတယ်။
KNDO က တခြားအရာရှိတယောက်ဖြစ်တဲ့ ဗိုလ်အဆင့်ရှိသူ စောဘာဝါးလည်း အလားတူ တာဝန်က နေ ရပ်ဆိုင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလ ၃၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး နယ်မြေ ဝေါလေဒေသအတွင်းမှာ အရပ်သား ၂၅ ယောက် အသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး KNDOရဲ့ လက်ချက်လို့ ဆိုတဲ့ စွပ်စွဲသံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သလို၊ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ် စောနယ်ဒါးမြကလည်း ဒီလူတွေဟာ မြန်မာစစ်တပ်က သူလျှိုတွေဖြစ်တဲ့အတွက် သူတို့ လက်အောက်ခံတပ်ဖွဲ့ကနေ သတ်ဖြတ် အပြစ်ပေးလိုက်တာလို့ ဝန်ခံ ပြောဆိုတဲ့အကြောင်း fortify rights အဖွဲ့ကလည်း သြဂုတ်လအတွင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
KNDO အဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNUရဲ့ လက်အောက်က တပ်ဖွဲ့တခုဖြစ်ပြီး အခုဆုံးဖြတ်ချက်ကို KNU ဗဟိုအလုပ်အမှုဆောင်ကော်မီတီက ဆုံးဖြတ်ခဲ့တာလို့ ပဒို စောတောနီးက ပြောပါတယ်။
"ဌာနချုပ်ကနေ သူ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး လာဖြေရှင်းဖို့ တလျှောက်လုံးဆင့်ခေါ်ခဲ့တယ်။ သူက ဆင့်ခေါ်တိုင်းမလာဘူး၊ ပျက်ကွက်တာက တကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်၊ သုံးကြိမ်လည်းမဟုတ်တော့ နောက်ဆုံးမှာ ဌာနချုပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာဖြစ်တယ်။"
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့ စစ်ဆေး တာတွေ ပြုလုပ်ခဲ့ကာ အခုဆုံးဖြတ်ချက်ကို ကော်မရှင်ရဲ့တွေ့ရှိချက်တွေ အပေါ်မူတည်ပြီး လုပ်ခဲ့တာလို့လည်း သိရပါတယ်။
ဗိုလ်ချုပ်နယ်ဒါးမြဟာ ကရင်အမျိုးသားအစည်းအရုံးမှာ သြဇာကြီးတဲ့ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့တဲ့ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ သားတယောက် လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
မနှစ်ကမေလကုန်ပိုင်းအတွင်းက အရပ်သားတွေ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း ကရင်အမျိုးသားအစည်းအရုံးအပေါ် စောင့်ကြည့်တာတွေ ရှိလာခဲ့တာနဲ့အတူ အဖွဲ့အစည်းရဲ့ နိုင်ငံရေးသိက္ခာထိပါးမှာကို အဖွဲ့အတွင်းကရော၊ မဟာမိတ်အဖွဲ့အစည်း တွေကပါ စိုးရိမ်ခဲ့ကြတာပါ။
ဒီအရေးစဖြစ်ပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်စောနယ်ဒါးမြကို တာဝန်ကနေ ခေတ္တရပ်ဆိုင်းတဲ့ အမိန့် ကေအန်ယူဘက်က ထုတ်ပြန်ခဲ့သေးပေမယ့် အဲဒီအမိန့်ကို နာခံစရာမရှိဘူးလို့ သူ့ဘက်က တုံ့ပြန်ခဲ့ဖူးပါတယ်။
အခုနောက်ဆုံး မိခင်ကေအန်ယူအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အပေါ် ဗိုလ်ချုပ် စောနယ်ဒါးမြအနေနဲ့ လက်ခံမယ်၊ လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်ထွက် မလာသေးပါဘူး။








