ဖြတ် ၃ ဖြတ် နည်းနာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လျှော့ချနိုင်မလား

လူနေရပ်ရွာတွေ လေကြောင်း တိုက်ခိုက်ခံနေရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လူနေရပ်ရွာတွေ လေကြောင်း တိုက်ခိုက်ခံနေရ
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ နောက်ဆက်တွဲ ပေါ်ပေါက် လာခဲ့တာမှာ၊ အခု နောက်ပိုင်း သီတင်းပတ်တွေမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို တိုင်းပြည်ရဲ့ နေရာအနှံ့ ၊ သိသိသာသာကို ပိုပြီးတွေ့ လာရတယ်လို့ စစ်ရေး အကဲခတ်တွေက တညီတညွတ်တည်း ပြောကြပါတယ်။

အရပ်သားတွေနေထိုင်ရာ မြို့ရွာတွေကိုပါ မရှောင် လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ကောင်စီ လုပ်ရပ်တွေကို ရပ်အောင်လုပ်ဖို့ နိုင်ငံတကာအနေနဲ့ လေယာဥ်မပျံရဇုန်တွေ ဖော်ဆောင် ထားရှိပေးပါ ဆိုတဲ့ တောင်းဆိုသံတွေလည်း ကျယ်ပြန့်လာပါတယ်။

အဲဒီလို လေယာဥ် မပျံသန်းရ ဇုန်နယ်မြေတွေ ဖော်ဆောင်ထားနိုင်ဖို့ ဆိုတာ လက်တွေ့ ဖြစ်နိုင်လား၊ အရပ်သား ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက် ခံရတဲ့ အန္တရာယ်က အတတ်နိုင်ဆုံး ဘယ်လို ကာကွယ် လျှော့ချနိုင်မလဲ .... အထူးသဖြင့် အခုလ လုံခြုံရေးကောင်စီ ဥက္ကဌနေရာမှာ မြန်မာ့ဒီမိုကရေစီ အရေး အားပေးတဲ့ နော်ဝေနိုင်ငံ ဥက္ကဌ ဖြစ်နေချိန် မြန်မာအရေး တိုးတက်မှုတွေ ဘာတွေ မြင်ရလာဖွယ် ရှိလဲ ....

ဒီအကြောင်းတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ဝင် ဖြစ်ခဲ့ပြီး၊ လက်ရှိ မြန်မာအရေး အထူးအကြံပေး ကောင်စီ SAC-M ကို ပူးတွေ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဩစတြေးလျနိုင်ငံ အခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေပညာရှင် ခရစ္စဆီဒိုးတီးကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ကသာနယ်ထဲ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အရပ်သားနေရာ

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, ကသာနယ်ထဲ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အရပ်သားနေရာ

ဘီဘီစီ။ ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ နောက်ဆက်တွဲ ပေါ်ပေါက် လာခဲ့တာမှာ၊ အခု သီတင်းပတ်တွေမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေရာအနှံ့ ပိုပြီးတွေ့လာနေရပါတယ်။ SAC-M အဖွဲ့ အနေနဲ့ရော အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာ စုံစမ်းထားတာတွေ ရှိပါသလား။

ခရစ္စဆီဒိုးတီး။ ။ စစ်တပ်ရဲ့ ထိုးစစ်တွေ ဘယ်လောက် ပြင်းထန် လာနေသလဲ ဆိုတာကို ဖော်ပြနေတဲ့ အင်မတန် ခိုင်လုံတဲ့ သတင်းပေးပို့ချက်တွေ၊ အစီရင်ခံစာတွေ ကျွန်တော်တို့ ရရှိထားပါတယ်။ အဲဒီထိုးစစ်တွေဟာ မြန်မာပြည်ရဲ့ နေရာ တော်တော်များများမှာ ပေါ်ပေါက် နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်၊ ကရင်နီလို့ ဒေသခံတွေ ခေါ်ကြတဲ့ ကယား၊ ချင်းနဲ့ စစ်ကိုင်း ထဲက နေရာတွေမှာ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာ၊ ဗုံးကြဲတာတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

ဝေးလံခေါင်သီတဲ့ နေရာတွေမှာ သာမက၊ မြို့တွေ ရွာတွေမှာပါ အဲဒီလို လေကြောင်း တိုက်ခိုက်တာ တွေ ပြုလုပ် နေကြတာပါ။ ကရင်နီ ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော် ဆိုရင် အခု သီတင်း နှစ်ပတ် အတွင်း ဆက်တိုက်ဆိုသလိုပဲ လေကြောင်းကနေ တိုက်ခိုက် ခံနေခဲ့ရပါတယ်။

အခြေအနေဟာ အင်မတန် ဆိုးရွားပြီး၊ တိုက်ခိုက်မှုတွေ ပို ပြင်းထန်လာနေပါတယ်။ တိုက်ပွဲတွေ အတွင်း သေဆုံးစာရင်းလည်း မြင့်တက်နေပါတယ်။

လွိုင်ကော်

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, လွိုင်ကော်ကနေ ရှမ်းပြည်တောင်ပိုင်းနေရာ အနှံ့ကို ထွက်ပြေးကြရ

ဘီဘီစီ။ ။ ခရစ္စတို့အနေနဲ့ ရထားတဲ့ အစီရင်ခံစာတွေ အပေါ် ပိုင်းခြား ဆန်းစစ်တာမျိုးရော လုပ်လား။ ကျွန်တော် သိချင်တာက အဲဒီ လေကြောင်း တိုက်ခိုက်တာတွေမှာ ဘယ်လို ပစ်မှတ်မျိုးတွေကို၊ ဘယ်လို ပုံစံမျိုးတွေ တိုက်ခိုက်တယ် စသဖြင့် pattern လို့ ခေါ်နိုင်တဲ့ သူတို့ လုပ်လေ့လုပ်ထ ရှိတာတွေကို ဘယ်လိုမျိုး နားလည်ထားလဲ။

ခရစ္စဆီဒိုးတီး။ ။ တိုက်ခိုက်မှုတွေဟာ စစ်ဘက်ပစ်မှတ်၊ အရပ်သား နေရာထိုင်ခင်း ရယ်လို့ ခွဲခြားမှု မရှိတာကို တွေ့ရပါတယ်။ အကြမ်းဖက် ဝါဒ ဆိုတာ ဘာကို ခေါ်လဲ ဆိုတဲ့ အပေါ် နိုင်ငံတကာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ရှိပါတယ်။ အခု သူတို့ရဲ့ အပြုအမူတွေဟာ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုမှုတွေ အောက် အကျုံးဝင်နေတာ ထင်ရှားနေပါတယ်။

အရပ်သားတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်ရေး ရည်မှန်းချက် သက်သက် အတွက်မကပဲ စစ်ကောင်စီဟာ သူတို့လိုချင်တဲ့၊ တည်ဆောက် ရယူချင်တဲ့ နိုင်ငံရေး အတွေးအခေေါ်နဲ့ နိုင်ငံရေး ရည်မှန်းချက်တို့ အတွက် အများပြည်သူ အပေါ် စစ်ရေးနည်း သုံးပြီး ခြိမ်းခြောက် ရန်မူနေတာ ဖြစ်ပါတယ်။

အဓိကကတော့ သူတို့ရဲ့ အာဏာသိမ်းမှုကို အများပြည်သူက ဆန့်ကျင်တာမျိုး မလုပ်တော့ပဲ၊ ပျဝပ် ကျိုးနွံပြီး လက်ခံသွားအောင် ရည်ရွယ် လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ ဒီတော့ အတိုချုပ်ကတော့ လူတွေရဲ့ မြို့ရွာတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ရည်မှန်းချက် အတွက် ပစ်မှတ်ထား ခံနေရပါတယ်။

ဗီဒီယို ပုံစာ, နေ့ရောညပါ လေကြောင်းကနေကူညီတိုက်ခိုက်

ဘီဘီစီ။ ။ ဟုတ်ကဲ့ ခရစ္စရေ ... အခုလို အခြေအနေတွေမှာပဲ တချို့ လူမျိုးစု အဖွဲ့အစည်းတွေဆီက နိုင်ငံတကာ အကာအကွယ်ပြု ပေးဖို့ တောင်းဆိုသံတွေ ထွက်လာတာ ကြားနေရပါတယ်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှု ရန်ကနေ ကာကွယ် တားဆီးနိုင်အောင် လေယာဥ်မပျံသန်းရ ဇုန်နယ်မြေ ပိုင်းခြား သတ်မှတ် ပေးဖို့၊ ဖော်ဆောင်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုကို ပန်ကြား နေတာပါ။ ဒီတော့ လေယာဥ်မပျံသန်းရ ဇုန်နယ်မြေ ပေါ်ပေါက်လာဖို့၊ ဒါမှမဟုတ် ဘယ်လို ပုံစံမျိုးနဲ့ ဖြစ်ဖြစ် နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိလာဖို့ဆိုတာ လက်တွေ့မှာ တကယ် ဖြစ်လာနိုင်လား။

ခရစ္စဆီဒိုးတီး။ ။ လေယာဥ်မပျံသန်းရ ဇုန်နယ်မြေ တောင်းဆိုကြတယ် ဆိုတာ အဓိပ္ပာယ် ရှိပါတယ်။ ဘာလို့ တောင်းဆိုကြတာလဲ ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ကမ္ဘာကြီးရဲ့ တချို့ နေရာတွေမှာ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ကာကွယ် တားဆီး ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို လေယာဥ်မပျံရ ဇုန် နယ်မြေတွေ ဖော်ဆောင်ဖို့ ဆိုတာ အခက်အခဲ နှစ်မျိုး ရှိပါတယ်။ ပထမတစ်ခုက နိုင်ငံရေး ဆိုင်ရာ အခက်အခဲနဲ့ နောက်တစ်ခုကတော့ လက်တွေ့ ဘယ်လိုတွေ လုပ်ကြမလဲ ဆိုတဲ့ အခက်အခဲပါ။

နိုင်ငံရေး ဆိုင်ရာ အခက်အခဲ ဆိုတာက လေယာဥ်မပျံရ ဇုန်ဆိုတာမျိုးကို ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီကနေ သတ်မှတ် ကြေညာပေးရမှာ ဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ရင် လုံခြုံရေး ကောင်စီဟာ ကုလသမဂ္ဂရဲ့ ပဋိညာဥ် ချာတာကနေ ပေးအပ်ထားတဲ့ အခွင့်အာဏာကို အပြည့်အဝ မကျင့်သုံးပဲ အခုအချိန်ထိ ရှောင်လွှဲနေဆဲ ဖြစ်နေတာကို တွေ့နေရပါတယ်။

အခု အာဏာသိမ်းပြီး နောက်ပိုင်း ကိစ္စတွေမှာ သာမက၊ ဒီမတိုင်ခင် ရိုဟင်ရာ ပြဿနာလိုမျိုး အင်မတန် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု ပြဿနာတွေ မှာကတည်းက မြန်မာ အရေးနဲ့ ပတ်သက်ရင် လူ့အခွင့်အရေး ကောင်စီဟာ အစဥ်အဆက် ပျက်ကွယ်နေခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ အမြဲပဲ ဝေဖန် ထောက်ပြလေ့ ရှိပါတယ်။

ဒီတော့ လိုရင်းပြောရရင်၊ အခုလတ်တလော ဒါမှမဟုတ် မကြာခင် အချိန် အတွင်းမှာ မြန်မာနိုင်ငံထဲ လေယာဥ်မပျံသန်းရ ဇုန်နယ်မြေတွေ ပိုင်းခြား သတ်မှတ် ကြေညာဖို့ လုံခြုံရေး ကောင်စီကနေ လုပ်ဆောင်လာဖွယ် မရှိပါဘူး။

နောက် ၊ လက်တွေ့ လုပ်ဆောင်ရ ခက်စေတဲ့ အချက်တွေလည်း ရှိပါတယ်။ ဆိုကြပါစို့ ... လုံခြုံရေး ကောင်စီကနေ .... 'လေယာဥ်မပျံသန်းရဇုန်' သတ်မှတ် ကြေညာလိုက်ပြီပဲထား .... တကယ်တမ်း အသက်ဝင်စေဖို့ ဆိုတာ ဘယ်သူက ကြီးကြပ် ဖော်ဆောင် ပေးမှာလဲ .... စောင့်ကြည့် ထိန်းကျောင်းပေးမှာလဲ ... ။

အမေရိကန် ပြည်ထောင်စုရော .. ယူကေရော ... သေချာတာက ရုရှားနဲ့ တရုတ်တို့ကရော သူတို့ရဲ့ စစ်လေယာဥ်တွေ၊ လိုအပ်တဲ့ စောင့်ကြည့်ရေး ပစ္စည်း နည်းနာတွေ သုံးပြီး မြန်မာနိုင်ငံထဲ လုပ်ဆောင် ပေးမယ် ဆိုတဲ့ အရိပ်အယောင်မျိုး တစွန်းတစမှ ရှိမနေပါဘူး။

ဗီဒီယို ပုံစာ, လွိုင်ကော်က ဒေသခံတွေ အလုံးအရင်းနဲ့ စစ်ဘေးရှောင်နေရ

ဘီဘီစီ။ ။ ဒါပေမယ့် ခရစ္စရေ ... အခုနေတုန်းက ပြောတဲ့ အထဲမှာ ကမ္ဘာကြီးရဲ့ တချို့ နေရာတွေမှာတော့ လေယာဥ်မပျံသန်းရ ဇုန်တွေ အောင်မြင်ထိရောက်အောင် ဖော်ဆောင် နိုင်ခဲ့တယ် ဆိုပြီး ပြောသွားတော့ ... ကျွန်တော့်ကို ဥပမာတချို့ ပေးပါလား ။ အဲဒီနေရာတွေမှာ ဖော်ဆောင်နိုင်ပြီး၊ မြန်မာပြည်မှာ ဘာလို့ မဖြစ်နိုင်ရတာလဲ ... ဘာတွေ ကွာခြားနေလို့လဲခင်ဗျ။

ခရစ္စဆီဒိုးတီး။ ။ အဓိကကတော့ နိုင်ငံရေး အကြောင်းပြချက်တွေ ရှိနေလို့ပေါ့ဗျာ.. ။ အဲဒီလို ပြောရမှာပဲ။ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းမှာ သူတို့ရဲ့ အကျိုးစီးပွားတွေ ကြီးကြီးမားမား ရှိနေပါတယ်။ အီရတ်မှာ ဆိုရင် ၁၉၉၀ ပြည့်ကျော်နှစ်တွေမှာရော၊ ၂၀၀၀ ပြည့်လွန်ကာလတွေမှာရော လေယာဥ်မပျံသန်းရ ဇုန်တွေ ဖော်ဆောင်ခဲ့ပါတယ်။ လစ်ဗျားမှာလည်း အလားတူပဲ သူတို့ လိုလိုချင်ချင် လုပ်ဆောင် ခဲ့ပါတယ်။

အဲဒီနေရာတွေကနေ သူတို့အနေနဲ့ ရေနံနဲ့ လောင်စာဆီတွေ အဓိက မှီခိုအားထားကြရတာ မဟုတ်လား။ ဒီတော့ အဲဒီ အကျိုးစီးပွားတွေကို မထိခိုက်စေဖို့ သူတို့ အနေနဲ့ ပိုပြီး အလေးထား အားထုတ်ကြပါတယ်။ မြန်မာအရေးဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အပေါ် အဲဒီလောက် အတိုင်းအတာ ပမာဏမျိုး မခြိမ်းခြောက် မထိခိုက်စေဘူး ဖြစ်နေပါတယ်။

နောက်ပြီး လုံခြုံရေးကောင်စီထဲ ဗီတိုအာဏာ ရှိတဲ့ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲ တရုတ်နဲ့ ရုရှားတို့ ပါဝင်နေပါတယ်။ သူတို့ဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ရပ်တည်မှုနဲ့ အမြဲတမ်း ချိန်ခွင်လျှာညှိပြီး အားပြိုင်ကြပါတယ်။ ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံပေါ် လွှမ်းမိုးဖို့ နိုင်ငံကြီးတွေဟာ အမြဲပဲ ယှဥ်ပြိုင်နေကြပါတယ်။ မြန်မာအရေးမှာလည်း အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လမ်းကြောင်းနဲ့ တရုတ်၊ ရုရှားတို့ရဲ့ လမ်းကြောင်း ထပ်တူကျဖို့ မဖြစ်နိုင်ပါဘူး။

ဘီဘီစီ။ ။ ဟုတ်ကဲ့ ခရစ္စရေ ... ဒီလ အတွက် လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဌနေရာမှာ နော်ဝေ ရှိနေမယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ နော်ဝေဟာ အမြဲပဲ မြန်မာ့ ဒီမိုကရေစီ အရေး အားပေး ကူညီ ခဲ့တဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီ အချက်အပေါ်မှာ မူတည်ပြီး မြန်မာ အရေးနဲ့ ပတ်သက်ရင် လုံခြုံရေး ကောင်စီကနေ တစုံတရာ ထွက်ပေါ်လာဖို့ မျှော်လင့်နိုင်လားဗျ ... ။

ခရစ္စဆီဒိုးတီး။ ။ လုံခြုံရေး ကောင်စီ အတွင်းမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး အများသူငါ ကြားသိခွင့် ရှိမယ့် ဆွေးနွေး ပြောဆိုမှုမျိုးတွေ အခုလထဲ ရှိလာမယ်လို့ ကျွန်တော် သေချာပေါက် မျှော်မှန်း ထားပါတယ်။ နော်ဝေဟာ ဂျနီဗာ လူ့အခွင့်အရေး ကောင်စီ ဘက်ခြမ်းမှာလည်း အင်မတန် အားရဖို့ ကောင်းတဲ့၊ လူ့ အခွင့်အရေး အခြေခံမူတွေနဲ့ ပြုမူလေ့ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီတော့ နော်ဝေဟာ လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဌ ဖြစ်လာချိန်မှာ မြန်မာအရေး ပြောဆို ဆွေးနွေးပွဲတွေ၊ ကြားနာပွဲတွေကို ကမကထလုပ် ခေါ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူဟာ ဗီတို အာဏာရှိတဲ့ ကြီး ၅ ကြီးထဲမှာ မပါဝင်ပါဘူး။ ဒီတော့ ဆုံးဖြတ်ချက် ချနိုင်စွမ်း အပေါ် မူတည်ပြီး ကြည့်ရင် နော်ဝေမှာ အကန့်အသတ်တွေ ရှိနေပါတယ်။

ဘာပဲပြောပြော အခုလ နော်ဝေ ဥက္ကဌ ဖြစ်နေချိန်မှာ မြန်မာအရေး ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ လုံခြုံရေးကောင်စီထဲ တွေ့လာရဖို့ မျှော်လင့်ထားပါတယ်။

ဗီဒီယို ပုံစာ, ကယားပြည်နယ်မှာ အရပ်သား ပြည်သူ ၁၅၀ နီးပါး သတ်ဖြတ်ခံခဲ့ရ

ဘီဘီစီ။ ။ မြန်မာအရေး ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ဆိုတာ ဘယ်လို အရာမျိုးတွေကို ဆိုလိုတာပါလဲ ... ခရစ္စရေ။ ဘယ်လို တိကျတဲ့ ဆုံးဖြတ်ချက်မျိုး၊ လုပ်ဆောင်ချက်မျိုးတွေ လုံခြုံရေးကောင်စီကနေ ထွက်လာဖို့ မျှော်လင့်နိုင်လဲခင်ဗျ။

ခရစ္စဆီဒိုးတီး။ ။ ပထမဆုံး အနေနဲ့ကတော့ မြန်မာအရေး ဆွေးနွေးပွဲ တစ်ရပ် လုံခြုံရေး ကောင်စီတွင်းမှာ အခုလထဲ ထပ်ရှိလာဖို့ မျှော် လင့်ထားပါတယ်။

ကျွန်တော်တို့ တောက်လျှောက် တွန်းအားပေးနေတာက မြန်မာအရေး ခိုင်မာတိကျတဲ့ မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေ လုံခြုံရေးကောင်စီ အနေနဲ့ ချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါမှ မြန်မာအရေးနဲ့ ပတ်သက်ရင် ဘယ်အချက် ဘယ်အချက်တွေကိုတော့ဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံး အနေနဲ့ လိုက်နာဆောင်ရွက်ဖို့ လိုတယ် ဆိုတာမျိုး စပြီး ဖြစ်လာမှာပါ။

ဒီတော့ ဘယ် အချက်တွေကတော့ အဖြစ်သင့် အဖြစ်ထိုက်ဆုံးလဲ ... ဖြစ်သင့်နေတာ ကြာပြီလဲ ဆိုရင် ပထမဆုံး ကတော့ မြန်မာပြည်ထဲ လက်နက်တင်ပို့မှု ပိတ်ဆို့ရေးဟာ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အနေနဲ့ ထွက်သင့် နေပြီ ဖြစ်ပါတယ်။

လေယာဥ်မပျံသန်းရဇုန် ဖော်ဆောင်ရေး ဆိုတာနဲ့ နှိုင်းယှဥ်ရင် လက်နက်တင်ပို့မှု နိုင်ငံတကာ ပိတ်ဆို့ရေးဟာ လက်တွေ့ကျကျ ဖော်ဆောင်နိုင်တဲ့ အရာ ဖြစ်ပါတယ်။ နောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေကို တတ်နိုင်သလောက် တားဆီးနိုင်ဖို့ ဆိုရင် လေယာဥ်လောင်စာဆီတွေ မြန်မာနိုင်ငံထဲ မတင်ပို့ရေးလို ကိစ္စမျိုးကိုပါ တပါတည်း ထည့်သွင်း လုပ်ဆောင် နိုင်ပါတယ်။

အဲဒီလိုနည်းနဲ့ မြန်မာ စစ်လေယာဥ်တွေ သူတို့ရဲ့ လေဆိပ်တွေနေ ပျံမတက်နိုင်အောင် အတတ်နိုင်ဆုံး တားဆီးနိုင်ဖို့ ရည်ရွယ် ဆောင်ရွက်သင့်ပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေ အနေနဲ့ သူတို့အချင်းချင်းကြား ရှိနေတဲ့ နိုင်ငံရေး အရ ကွဲပြားမှုတွေကို မြန်မာအရေးနဲ့ ပတ်သက်ရင် အဲဒီလောက် အဆင့်တော့ အောက်ထစ် ကျော်လွှားသင့် ပါတယ်။

လေးကေ့ကော်

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, လေးကေ့ကော်ထိုးစစ်ကြောင့် ဒေသခံတွေ သောင်ရင်းကိုကူးပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးကြရ

ဘီဘီစီ။ ။ လက်တွေ့မှာတော့ ခရစ္စရေ ... အခုလို စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီး နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံထဲမှာ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးကြရသူတွေဟာ အနည်းဆုံး ၂ သိန်း ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ စာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ယူအဲန်အိုချာက လောလောလတ်လတ်ပဲ ထုတ်ပြန်ထားပါတယ်။ လူတွေဟာ လေကြောင်း တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ် အပါအဝင် စစ်ဒဏ်ကို နေ့စဥ်နဲ့ အမျှ ခံစားနေကြရတာကို တွေ့မြင် ကြားသိနေရပါတယ်။ ဒီတော့ ခရစ္စရေ ... ချက်ခြင်း ထိရောက် နိုင်တဲ့ နည်းလမ်းမျိုး မရှိတော့ဘူးလား ။ ဥပမာ ... တရုတ်ကနေ တဆင့် နေပြည်တော်ကို နားပေါက်အောင် ဖြောင့်ဖြ နားချတာမျိုး လုပ်လို့ မရနိုင်ဘူးလား ဆိုတဲ့ မေးခွန်းမျိုးတွေလဲ ရှိနေပါတယ်.. ခရစ္စ အနေနဲ့ကရော အဲဒီနည်းက ထိရောက်မယ်လို့ ထင်လား။

ခရစ္စဆီဒိုးတီး။ ။ ကျွန်တော်ပြောခဲ့သလိုပဲ စစ်ဘေးဒဏ်ခံရတဲ့သူတွေ၊ ဒုက္ခသည်တွေ အရေး နိုင်ငံတကာ အနေနဲ့ လုပ်ဆောင်ပေးသင့်တာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ် အရင် ရိုဟင်ဂျာတွေ ဆိုးဆိုးရွားရွား ပြုမူ ဆက်ဆံ ခံခဲ့ရတုန်း ကတည်းက အရေးယူ လုပ်ဆောင်တာတွေ မျိုးတွေ လုပ်သင့်ခဲ့တာပါ။

ဒီနေ့ ဒီအချိန်အခါမှာ တွေ့ကြုံနေရတာတွေဟာ ကျူးလွန်သူတွေဟာ အပြစ်ပေး အရေးယူမှုကနေ ခေတ်အဆက်ဆက် ကင်းလွတ်ခွင့် ရနေခဲ့တဲ့ အတွက် အခုလိုမျိုး ထပ်ပြန်တလဲလဲ ကျူးလွန် နေကြတာ ဖြစ်ပါတယ်။ ဒီနေ့ တွေ့ကြုံ နေရတာတွေဟာ နိုင်ငံတကာ ပျက်ကွက်မှုရဲ့ တိုက်ရိုက် အကျိုးဆက်ပဲလို့ ပထမဆုံး ပြောချင်ပါတယ်။

ခင်ဗျား ပြောသလိုပဲ သိန်းနဲ့ချီပြီး ရှိလာပြန်တဲ့ စစ်ရှောင်တွေထဲက သောင်းဂဏန်းတချို့ဟာ မြန်မာရဲ့ နယ်နမိတ်ကို ကျော်လွန်ပြီး အိန္ဒိယနဲ့ ထိုင်းလို အိမ်နီးချင်း နိုင်ငံတွေထဲ ရောက်လာကြတာပါ။ မြန်မာ့အရေးဟာ ပြည်တွင်းရေး သက်သက် မဟုတ်ဘူး ဆိုတာ အထူး ပြောစရာမလိုပါဘူး။ ဒေသတွင်းနဲ့ နိုင်ငံတကာ တည်ငြိမ်ရေး၊ လုံခြုံရေးတို့ အပေါ်မှာပါ မြန်မာ အရေးဟာ ခြိမ်းခြောက်နေတယ် ဆိုတာကို ကျွန်တော်တို့ အကြိမ်ကြိမ် ထောက်ပြနှင့်ပြီး ဖြစ်ပါတယ်။

ဒီအရေးတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ဆိုတာ နိုင်ငံတကာ မျက်နှာစာမှာ လုပ်ပိုင်ခွင့် အာဏာ အရှိဆုံး ဖြစ်တဲ့ လုံခြုံရေးကောင်စီထံမှာ တာဝန် အရှိဆုံး ဖြစ်ပါတယ်။ ဒီတော့ ခင်ဗျား ပြောတဲ့ တရုတ်နိုင်ငံကလည်း လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲမှာ ပါဝင်တဲ့ အတွက် ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ ကမကထလုပ် ကိုင်တွယ် ဖြေရှင်းဖို့ သူတို့မှာလည်း တာဝန် ရှိပါတယ်။

မြန်မာပြည် တကျော့ပြန် စစ်အာဏာ အသိမ်း ခံရတာ အပါအဝင် နောက်ဆက်တွဲ ပေါ်ပေါက် လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကနေ သဘောထား ကြေညာချက်တွေ ထုတ်ပြန် ထားတာ ရှိပါတယ်။ အဲဒီလို သဘောထား ကြေညာချက်တွေ သက်သက်နဲ့တော့ မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် ကိုင်တွယ်လို့ မရဘူး ဆိုတာ အားလုံး သိမြင်ထားကြပါတယ်။

အားလုံးဟာ ဆက်ပြီး သည်းညည်း မခံနိုင်အောင် ဖြစ်လာကြတာကို ကျွန်တော်တို့ သတိ ထားမိပါတယ်။ မြန်မာနိုင်ငံထဲ အခြေအနေတွေ တိုးတက်မှု မရှိပဲ အခုအတိုင်း ဆက်ပြီး သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို သိမြင်သူတွေထဲမှာ တရုတ်ကိုယ်တိုင်လည်း ပါဝင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မြန်မာနိုင်ငံထဲက မတည်ငြိမ်မှုတွေ၊ စီးပွားရေးတစ်ခုလုံး ပြိုလဲကျမှုတွေဟာ တရုတ်ကိုလည်း ရိုက်ခတ်သက်ရောက် စေပါတယ်။ ဒီတော့ တရုတ်ဘက်ကလည်း မြန်မာစစ်တပ် အပေါ် အတတ်နိုင်ဆုံး ဖြောင့်ဖြတာမျိုးတွေ ပြုလုပ်မယ်လို့ ကျွန်တော် ယူဆပါတယ်။

ဗီဒီယို ပုံစာ, ၀က်လက်မှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်လို့ ဒေသခံတွေ တိမ်းရှောင်နေရ

ဘီဘီစီ။ ။ ဟုတ်ကဲ့ပါ ခရစ္စရေ ... နိုင်ငံတကာ စွက်ဖက်မှု လို့ ဆိုတဲ့ နေရာမှ လေယာဥ် မပျံသန်းရ ဇုန် ဖော်ဆောင်တာမျိုးလို စစ်ရေး နည်းနာတွေ ပါဝင်တဲ့ လမ်းကြောင်းဟာ ဖော်ဆောင်ဖို့ရာ လက်တွေ့ အရ ဖြစ်နိုင်ဖို့ နည်းတယ်လို့ ခရစ္စ ပြောခဲ့ပါတယ်။ တကယ်လို့ နိုင်ငံရပ်ခြား တိုင်းပြည်တွေကနေ စစ်ရေးနည်းနာတွေ သုံးပြီး ပါဝင်လာမယ် ဆိုရင်ရော မြန်မာ့အရေးဟာ အဆုံးအစွန် ပြေလည်မှု ရနိုင်မယ်လို့ရော ယူဆပါသလား ခင်ဗျ။

ခရစ္စဆီဒိုးတီး။ ။ စစ်ရေး အရ စွက်ဖက်မှု ဆိုတာ ဘယ်လို ပြဿနာမျိုးကိုမှ ပြေလည်အောင် ဖြေရှင်းနိုင်တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ပြဿနာတွေ ပိုဆိုးသွားတာမျိုးကိုပဲ ကြုံရလေ့ ရှိပါတယ်။ ဆီးရီးယား၊ ယီမင်၊ အီရတ်၊ အာဖဂန်နစ္စတန် ... စသဖြင့် ကျွန်တော်တို့မှာ ဥပမာ အများအပြား ရှိနှင့်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အနေနဲ့ မြန်မာအရေးမှာ ပိုပြီး ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ် ဆိုတဲ့ အချက်ကလည်း မှန်နေပါတယ်။

မြန်မာ စစ်တပ်နဲ့ ဆက်ဆံရာမှာ စကားလုံးတွေ သက်သက် အားဖြင့်တော့ မလုံလောက်တာ၊ မထိရောက်တာကလည်း အသေအချာပဲ ဆိုတာ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကနေ မျက်မှောက် ပြုသင့်နေပြီ ဖြစ်ပါတယ်။

ဒီတော့ အခု ကျွန်တော်တို့ ထောက်ပြနေတာက သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေး အထောက်အပံ့တွေ ဖြတ်တောက်နိုင်ရေး ဘက်ပေါင်းစုံကနေ မြန်မာ စစ်တပ်အပေါ် ဖိအားတွေ တစုတစည်းတည်း သက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ "မြန်မာ့အရေး အထူးအကြံပေး ကောင်စီ SAC-M" အနေနဲ့ စစ်အာဏာသိမ်း ပြီးစ ကတည်းက ထောက်ပြ တောင်းဆိုနေတဲ့ အချက်တွေ ရှိပါတယ်။ ဖြတ် ၃ ဖြတ် နည်းနာ လက်တွေ့ ကျင့်သုံးကြဖို့ ကျွန်တော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ထောက်ပြ နေပါတယ်။

မြန်မာ စစ်တပ်ဆီ စီးဝင်နေတဲ့ ဘဏ္ဍာငွေကြေး လမ်းကြောင်းတွေကို ဖြတ်တောက် ပစ်ရပါမယ်။ စစ်လက်နက်ပစ္စည်းတွေကို ဖြတ်တောက်ပစ်ရပါမယ်။ အပြစ်ပေး အရေးယူ ခံရတာကနေ ကင်းလွတ်နေကြတဲ့ အဖြစ်ကြီးကိုလည်း ဖြတ်တောက်ပစ်ဖို့ လိုပါတယ်။

အဲဒီလို ဖြတ်တောက်မှုမျိုးတွေဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ တဆင့် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်လို့ ရနိုင်ပါတယ်ဆိုတာကို ကျွန်တော်တို့ ပြောနေတာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဖရူဆို သတ်ဖြတ်ခံရမှု အသက်မပြည့်သေးသူတွေ ပါဝင်