ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံမှာ အိုမီခရွန်ကူးစက်ခံရသူ ဘယ်လောက်ရှိလာပြီလဲ
ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကစပြီးမြန်မာနိုင်ငံမှာ (ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန် တွေ့ရှိခဲ့ပြီးနောက်ပိုင်း အိုမီခရွန်ကူးစက်ခံရတဲ့သတင်းတွေ ခပ်စိပ်စိပ် တွေ့လာရပါတယ်။
ကိုဗစ် ၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကို လေကြောင်းက ပြန်၀င်လာသူ ၄၂ ဦး မှာတွေ့ရှိခဲ့ပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့အထဲမှာ အဲ့ဒီနေ့က အိုမီခရွန်တွေ့ရှိမှုဟာ အများဆုံး တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၄ ရက် လှည်းကူးဖောင်ကြီးက သင်တန်းသားတစ်ရာကျော် ကူးစက်ခံရတာကို ကျန်းမာရေးဝန်ကြီးဌာနဘက်က အိုမီခရွှန်ပိုး ကူးစက်တာမဟုတ်ဘူးလို့ ငြင်းပါတယ်။
ရန်ကုန်မြို့ခံတစ်ဦးကတော့ လှည်းကူးဖောင်ကြီးက သင်တန်းသားတစ်ရာကျော် ကူးစက်ခံရမှုဟာ အိုမီခရွန် ဟုတ်တာ မဟုတ်တာထက် လူအုပ်စုလိုက် ရာကျော်ကူးစက်ခံရမှုဟာ သတိထားစရာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် နေ့စွဲနဲ့ စစ်ကောင်စီအခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးရဲ့ ရုံးတွင်းစာမှာ ကိုဗစ် ၁၉ ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)မျိုးဗီဇကွဲ အိုမီခရွန်ရောဂါပိုး ပြည်တွင်းဖြစ်ပွားမှု တွေ့ရှိရပြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)မှာ တက်ရောက်နေတဲ့ သင်တန်းသားတွေမှာ အစုလိုက်အပြုံလိုက် ရောဂါပိုးတွေ့ရှိတာကြောင့် အစုလိုက်ရောဂါကူးစက်မှုမရှိအောင် ထိထိရောက်ရောက်လုပ်ဆောင်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။
အဲဒီစာအရ ပြည်တွင်းမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် အစုလိုက်ကူးစက်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီး ပြည်သူတွေဘက်က စိုးရိမ်မှုမြင့်တက်နေတာလည်း ဖြစ်ပါတယ်။
"အစုလိုက်ကူးတာ သတိတော့ ထားရမှာပေါ့ ၊ ဒီကူးစက်မှုကို အိုမီခရွန် ဟုတ်မဟုတ် စမ်းကြည့်ခဲ့တာဆိုတော့ အိုမီခရွန်တော့ မဟုတ်ပါဘူးလို့ "ဖောင်ကြီးက အုပ်စုလိုက်ကူးစက်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ရှင်းပြပါတယ်။
အခုလို အစုလိုက်ကူးစက်မှုတွေ့တဲ့ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှာ ဒီဇင်ဘာ ၂၀ ရက်က စပြီး အရာထမ်းငယ် အခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားနေတာလည်း ဖြစ်ပါတယ်၊
အဲ့ဒီသင်တန်းကို အရာထမ်းငယ်သင်တန်းသား ၁၁၃ ဦး၊ သင်တန်းသူ ၁၃၂ ဦး၊ စုစုပေါင်း ၂၄၅ ဦးတက်ရောက်နေတာဖြစ်ပါတယ်။အဲ့ဒီထဲက သင်တန်းသား ၁၁၁ ဦးမှာ ကိုဗစ် တွေ့ရှိခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ကိုဗစ်တွေ့ရှိမှု ထုတ်ပြန်စာရင်းတွေကို ဘီဘီစီဘက်က လေ့လာကြည့်တဲ့အခါမှာတော့ လှည်းကူးမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်ကမှ ကိုဗစ်လူနာ ၁၅ ဦးစတင်တွေ့ရှိပြီး ဒီဇင်ဘာ ၂၉ ရက်မှာတော့ ၉၂ ဦးရောဂါပိုးတွေ့ခဲ့ပါတယ်။ အဲ့ဒီရက်ကစပြီး ဇန်နဝါရီ ၁၀ရက် အတွင်းမှာ လှည်းကူးမြို့နယ်မှာ နေ့စဉ်လိုလို လူဆယ်နဲ့ချီ ကိုဗစ်ပိုးတွေ့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ဒီဖောင်ကြီးကသင်တန်းသားတွေ အစုလိုက် ကိုဗစ်ကူးစက်တာဟာ ဘယ်ရက်တွေမှာ ဖြစ်ခဲ့တယ်၊ ဒီရောဂါကူးစက်ခံရသူ ရာနဲ့ချီကို ဘယ်လိုသီးသန့်ထား ကုသနေလဲဆိုတာတော့ အတိအကျ ထုတ်ပြန်တာမရှိခဲ့ပါဘူး။
ဒါ့အပြင် လှည်းကူးအခြေစိုက် ပရဟိတအသင်းတွေနဲ့ ကြက်ခြေနီအသင်းတွေကို ဒီအစုလိုက် ကိုဗစ်တွေ့ရှိတာနဲ့ပတ်သက်ပြီး ကူညီဖို့ ဆက်သွယ်တာတွေ မရှိသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။
မြန်မာပြည်တွင်းမှာ ပြည်ပကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေမှာ အိုမီခရွန်ပိုးတွေ့မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းကစလို့ အိုမီခရွန် ကူးစက်ခံရသူတွေ့ ရှိလာခဲ့တာ ဖြစ်ပါတယ်။
နယ်မြို့တွေမှာ အိုမီခရွန် ကူးစက်မှုတွေ့ရှိတယ်ဆိုတာမျိုး စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မန္တလေးမြို့မှာတော့ အခုရက်ပိုင်းအတွင်း အောက်ဆီဂျင်တောင်းတဲ့ ကိုဗစ်လူနာတွေ များလာပြီး ကိုဗစ်-၁၉ နဲ့ သေဆုံးသူတွေလည်း ရက်ခြားဆိုသလို သေဆုံးတာတွေ ရှိလာတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
မန္တလေးတိုင်းမှာ ဇန်နဝါရီ ၁၅ ရက်နေ့က ကိုဗစ် ၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၈ဦးတွေ့ရှိရာ မန္တလေးမြို့က ၅ဦး ပါဝင်ခဲ့ပါတယ်။
ဒီရက်ပိုင်း မန္တလေးမြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေက အသက် ၄၀ကျော်၊ ၅၀ကျော် အရွယ်တွေဖြစ်တယ်လို့ သေဆုံးလူနာတွေကို ပို့ဆောင်ပေးရတဲ့ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
လက်ရှိ ရန်ကုန်မှာ အိုမီခရွန် မျိုးကွဲသစ် တွေ့တာတွေရှိလာလို့ မန္တလေးမြို့မှာ အိုမီခရွန်နဲ့ ပက်သက်ပြီး ဆင်ခြင်ကြီးကြပ်ဖို့ လူမှုကူညီရေးအသင်းတွေကအစ ထုတ်ပြန်စာတွေ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုရက်ပိုင်းမှာ ဆေးရုံကြီးက ကိုဗစ်ကုသဆောင်တွေကိုလည်း ပြန်လည် သန့်ရှင်းရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြည်တွင်းက ပရဟိတလုပ်ကိုင်သူအချို့ကတော့ စစ်ကောင်စီရဲ့ ကိုဗစ် သတင်းထုတ်ပြန်မှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ကိုဗစ် ၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်နဲ့ ပတ်သက်ပြီး ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကာ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၅ ရက်အထိထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်တွေ့ရှိတာ ၇၃ ဦးရှိလာပြီဖြစ်ပြီး အဲ့ဒီထဲက မြန်မာနိုင်ငံသား ၂ ဦးဟာ အိုမီခရွန်ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။