ပါတော်မူချောင်း သို့မဟုတ် မြန်မာမြေပေါ်က ပျောက်ဆုံးသွားတော့မယ့် မြစ်တစ်စင်း

ဒလမြို့နယ်နဲ့ ကော့မှူးမြို့နယ်ချင်း ဆက်သွယ် ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပေါ်ရှိ သခွပ်မြစ် တံတား

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ-တံတားအထူးအဖွဲ့(၁၁)

ဓာတ်ပုံ ပုံစာ, ဒလမြို့နယ်နဲ့ ကော့မှူးမြို့နယ်ချင်း ဆက်သွယ် ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပေါ်ရှိ သခွပ်မြစ် တံတား
ရေးသားခဲ့သည်။

ဝါးဘလောက်သောက်ရွာကို ရောက်သွားပြီး ကောသွားတဲ့ မြစ်ကြီးစီးဆင်းခဲ့တဲ့နေရာကို ကြည့်ရင်း ရွာသားတွေပြောပြခဲ့ကြတဲ့ စကားတစ်ခွန်းကို ဦးအေးမြင့် အခုထိ မေ့မရသေးပါ။ အဲဒါကတော့ ဒီနေရာကို ပါတော်မူချောင်းလို့ သိမှတ်ခေါ်ဝေါ်ခဲ့ကြတယ်ဆိုတာပါ။

ရန်ကုန်ကနေ မိုင် ၂၀ လောက်ဝေးတဲ့ ဝါးဘလောက်သောက်ရွာကို ဆည်မြောင်း အင်ဂျင်နီယာဘဝနဲ့ ဦးအေးမြင့် ပထမဆုံးစရောက်ခဲ့တဲ့ အချိန်က ၁၉၉၃ ခုနှစ် နွေဦးရာသီကာလ ဖြစ်ပါတယ်။

သခွပ်မြစ်ဆိပ်ကမ်းက ဝါးဘလောက်သောက်ရွာ ကြီးကိုရောက်ခဲ့တဲ့ အဲဒီအချိန်ကတည်းက မြစ်ရယ် ချောင်းရယ်ဆိုတာကို ရွာမှာ သူ မတွေ့ခဲ့ရတော့ပါဘူး။

"ရွာထဲကို ရောက်တဲ့ချိန်မှာ ရေစပ်စပ်ကုန်းစပ်စပ် နေရာလေးတွေတွေ့ရပေမဲ့ မြစ်ကတော့ မတွေ့ရတော့ဘူး။ ချောင်းနှုတ်ခမ်းလို ကမ်းစပ်နေရာတွေမှာ ပေါက်လေ့ရှိတဲ့ သစ်ပင်အုပ်အုပ်တွေ တွေ့ရသလို ကောသွားတဲ့ ချောင်းရိုးနေရာတွေ့ရတယ်၊ တချို့ ကောသွားတဲ့ မြစ်ပေါ်မှာ လယ်တွေလုပ်နေကြတယ်၊ တချို့နေရာမှာ အိမ်တွေ ဆောက်ထားကြတယ်"လို့ ဦးအေးမြင့်က ပြောပြပါတယ်။

သီပေါဘုရင်ကို ခေါ်သွားခဲ့တဲ့ လမ်းကြောင်းလား

မြေပုံထဲမှာ တွေ့ရတဲ့ ၂၇ မိုင် လောက်ရှည်တဲ့ မြစ်ကြီးနဲ့ ရွာက ဆိပ်ကမ်းတွေပျောက်သွားခဲ့တဲ့ အကြောင်းကို သူမေးရင်းနဲ့ ရွာကလူတွေပြောတဲ့ ပါတော်မူချောင်းဆိုတဲ့ စကားတစ်ခွန်းကို အဲဒီအချိန်က စိတ်လှုပ်ရှားစရာ သူကြားခဲ့ရပါတယ်။

၁၉၂၀ ခုနှစ် အင်္ဂလိပ်လက်ထက်မြေပုံမှာ Bassein Creek ပုသိမ်ချောင်းလို့ ဖော်ပြထားတဲ့ ဝါးဘလောက်သောက်မြစ် ခေါ် သခွပ်မြစ်ဟာ ၁၈၈၅ ခုနှစ်က မြန်မာဘုရင် သီပေါမင်းပါတော်မူစဥ် အင်္ဂလိပ်က နှစ်ထပ်သင်္ဘောနဲ့ ခေါ်လာစဥ် ဖြတ်‌မောင်းခဲ့တဲ့ မြစ်ဖြစ်ပြီးတော့ ဝါးဘလောက်သောက်ရွာဟာ မြန်မာဘုရင်က မြန်မာလူမျိုးတွေကို နောက်ဆုံးလက်ပြ နှုတ်ဆက်သွားခဲ့တဲ့ ရွာလို့ ရွာသားတွေက အဲဒီအချိန်က ယုံကြည်နေကြတဲ့ အကြောင်း ဦးအေးမြင့်ကပြောပြခဲ့ပါတယ်။

အဲဒီအချိန်က တွံတေးတူးမြောင်း မရှိသေးတာကြောင့် ရွာသားတွေပြောပြကြတဲ့ ဒီပါတော်မူချောင်းဆိုတာ ဖြစ်နိုင်ခြေရှိတယ်လို့ သူ့စိတ်ထဲမှာ တေးမှတ်ထားခဲ့ လိုက်ပါတယ်။

ဒီနေရာကို သီပေါမင်း ပါတော်မူချောင်းလို့ ဝါးဘလောက်သောက်ရွာက သက်ကြီးရွယ်အိုတွေကလည်း ပြောကြသလို ရန်ကုန်တောင်ပိုင်းခရိုင်မှာတာဝန်ကျခဲ့ဖူးတဲ့ စိုက်ပျိုးရေးမန်နေဂျာတစ်ဦးက ၂၀၁၅ ခုနှစ်အတွင်းက ပြည်တွင်းထုတ် The Farmer ဂျာနယ်မှာ ရေးခဲ့ဖူးပါတယ်။

ပုသိမ်ကို သွားတဲ့ မီးသင်္ဘောတွေဖြတ်သန်းရာ

ဒီလိုနဲ့ ဦးအေးမြင့်လည်းတာဝန်ကျတဲ့ နေရာတွေ ကို ပြောင်းရွှေ့ခဲ့ရင်း နှစ်ပေါင်း ၂၅ နှစ် နီးပါးကြာသွားခဲ့တယ်။

၂၀၁၇ ခုနှစ်ဝန်းကျင်မှာ တော့ သီပေါမင်းဆွေတော်မျိုးတော်ထဲက တစ်ဦးကို သူက သခွပ်‌မြစ်ကို ပါတော်မူချောင်း လို့ခေါ်တဲ့ အကြောင်းတွေ့ဆုံပြီး မေးမြန်းခဲ့တယ်လို့ ဦအေးမြင့်ကပြောပါတယ်။

"သူလည်း သေချာမပြောနိုင်ဘူး။ ဒီတော့ တိကျခိုင်မာတဲ့ အချက်အလက် မရဘူး။ ကျွန်တော်ရှာကြည့်တဲ့ သမိုင်းမှတ်တမ်းတွေမှာလည်း မတွေ့ရဘူးလို့ " ဦးအေးမြင့်က ပြောပါတယ်။

ဒီအကြောင်းကို သီပေါမင်းရဲ့ မြစ်တော် ဒေါ်ဒေဝီသန့်စင် ထုတ်ဝေတဲ့ အောင်ပင်လယ် မဂ္ဂဇင်းမှာ သူဆောင်းပါးရေးခဲ့ပြီး အင်္ဂလိပ် မြန်မာ နှစ်ဘာသာ နဲ့ ၂၀၁၇ ခုနှစ်က ဖော်ပြခဲ့ပါတယ်။

ရွာသားတွေပြောတဲ့ ပါတော်မူချောင်းဆိုတာကို သူအထောက်အထားနဲ့ ရှာလို့မတွေခဲ့ပေမဲ့ ၁၉၂၀ အင်္ဂလိပ် စစ်သုံးမြေပုံမှာတော့ ဒီသခွပ်မြစ်ဟာ ပုသိမ်ကို မီးသင်္ဘောတွေ သွားခဲ့တဲ့မြစ် ဆိုတာကို တွေ့ရတယ်လို့ ဦးအေးမြင့်ကပြောပါတယ်။

စစ်သုံးမြေပုံမှာ Bassein Creek ပုသိမ်ချောင်း လို့ တွေ့ရသလို ၁၉၂၀ တစ်လက်မတစ်မိုင်စကေးနဲ့ ရေးဆွဲထားတဲ့ steamer route မီးသင်္ဘောတွေဖြတ်တဲ့ လမ်းကြောင်း ဆိုတာတွေ့ရတယ်၊ ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီက မီးသင်္ဘောတွေ စပါးတွေ ပုသိမ်ကို ပို့တဲ့လမ်းကြောင်းဖြစ်ပြီးတော့ သခွပ်မြစ်ခေါ် ဝါးဘလောက်သောက်မြစ်ဟာ ဆိပ်ကမ်းဘေးက ရွာကြီးဖြစ်တယ်လို့ ဦးအေးမြင့် ကပြောပါတယ်။

၁၉၀၃ ခုနှစ် ဝန်းကျင်က အင်္ဂလိပ်တွေစတူးခဲ့တဲ့ ၂၁ မိုင် ရှည်တဲ့ တွံတေးတူးမြောင်းဟာ ၁၉၁၅ တူးမြောင်းပြီးတဲ့ အချိန်မှာတော့ ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ကို ဖြတ်တဲ့ အတိုဆုံး ရေလမ်းခရီးဖြစ်လာပြီး‌နောက် ပုသိမ်ကနေတစ်ဆင့် အိန္ဒိယဘက်ကို ဆန်စပါးတင်ပိုတဲ့ အဓိက ခရီးလမ်းဖြစ်လာခဲ့ပါတယ်။

သခွပ်မြစ်ခေါ် ဝါးဘလောက်သောက်မြစ် ကောသွားရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ တွံတေးတူးမြောင်းကြောင့် လည်းပါတယ်လို့ ဦးအေးမြင့်က ပြောပါတယ်။

no tag

ဝါးဘလောက်သောက်ဆိပ်ကမ်း လွန်ခဲ့သော နှစ် ၅၀

ဖခင်ဇာတိ ဝါးဘလောက်သောက်ရွာကို ဒေါ်ဥမ္မာလှိုင်က လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က ရန်ကုန်က သင်္ဘောနဲ့ သွားခဲ့ရတာကို မှတ်မိသေးတဲအကြောင်း ဘီဘီစီကိုပြောပြပါတယ်။

"ရွာမှာ ဆိပ်ကမ်းရှိတာမှတ်မိတယ်၊ လှိုင်းတွေ လေတွေကြီးလို့ သင်္ဘော ဟိုဘက်ဒီဘက်လူးတာ မှတ်မိတယ်၊ ရန်ကုန်ဆိပ်ကမ်းကနေပဲ ရွာကို သင်္ဘောစီးရတာ တစ်ထပ်သင်္ဘောပဲ" လို့ သူကပြန်ပြောပြပါတယ်။

အသက် ၅၀ နှစ်ကျော်အရွယ် ဒေါ်ဥမ္မာလှိုင်ဟာ ရန်ကုန်မြို့မှာနေထိုင်သူဖြစ်ပြီး အသေးစားငွေစုငွေချေး အဖွဲ့ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

ရန်ကုန်မြစ်အတိုင်း သန်လျင်ဘက်ကို သင်္ဘောမောင်းလာရင် သန်လျင်ဘက် မကွေ့ဘဲ ပင်လယ်ဝ အထွက်ဘက် ကိုဆက်သွားရင် သခွပ်မြစ်ဝကို ညာဘက်မှာ တွေ့ရပါတယ်။

"အရင်က သင်္ဘောက ရွာဆိပ်ကမ်းအထိ ရောက်တာမှတ်မိတယ်။ ဆိပ်ခံတွေဘာတွေ မရှိပေမယ့် ကုန်းဘောင်ထိုးပြီး ရွာရောက်ရင်ဆင်းခဲ့ရတာကို မှတ်မိတယ်"လို့ ‌ဒေါ်ဥမ္မာလှိုင်ကပြောပြပါတယ်။

သခွပ်မြစ်ဝထိပ်မှာ ဓနုတ်ဘုရားရှိပြီးတော့ အခုအချိန်အထိ ရေတက်ရေကျနဲ့ စက်တပ်လှေတွေ ဝင်ထွက်လို့ ရနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ၆ မိုင်လောက်ဝင်လိုက်ရင်တော့ ကမာကနီးရွာနားမှာ အရင် တိုးမြစ်အထိပေါက်ခဲ့တဲ့ မြစ်ကြောင်းက ပျောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အခုအခါမှာတော့ ရန်ကုန်ဘက် အဝင်က ၆ မိုင်လောက်၊ ဟိုဘက် ဒေးဒရဲဘက် အထွက်နားမှာ ၃ မိုင်လောက်ပဲ ကျန်ပြီး အလယ်မှာလုံးဝ ပျောက်သွားခဲ့ပြီလို့ ဦးအေးမြင့်က ပြောပါတယ်။

ဝါးဘလောက်သောက်မြစ်အလယ် မိုင် ၂၀ ခန့် အရှည်ဟာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကစပြီး မြစ်ကကောသွားခဲ့တာလို့ ယူဆရကြောင်း အဲဒီဒေသမှာ တာဝန်ကျခဲ့တဲ့ ခရိုင်စိုက်ပျိုးရေးမန်နေဂျာဟောင်း စာရေးဆရာ ဦးအောင်ဆန်းက ပြည်တွင်းထုတ်သတင်းဂျာနယ်တစ်ခုမှာ ရေးခဲ့ပါတယ်။

တွံတေးတူးမြောင်းပေါ်လာပြီးနောက်မှာတော့ ရန်ကုန်မြစ်နဲ့ ဧရာဝတီမြစ်လက်တက် တိုးမြစ်ကို ဆက်သွယ်တဲ့ သခွပ်မြစ်ဟာ ဇာတ်ပို့နေရာကို ရောက်သွားခဲ့ရတာ ဖြစ်ပြီး နောက်ပိုင်းမှာ မြစ်ကကောသွားခဲ့တာဖြစ်ပါတယ်။

no tag

တွံတေးတူးမြောင်းကြောင့်ကောခဲ့သလား

သခွပ်မြစ်ကြောင်း ကောသွားရတဲ့ အဓိက အခြားအကြောင်းရင်းတွေကတော့ ချောင်းပိတ်ပြီး ငါဖမ်းတဲ့လုပ်ငန်းလုပ်တာကလည်း အဓိက အချက်တစ်ချက် အနေနဲ့ ပါတယ်လို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှာ အကြံပေးအဖြစ် ၁၀ နှစ်ကျော်ခန့် တာဝန်ယူခဲ့တဲ့ပညာရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မြစ်ကောသွားတဲ့ မြစ်ကြောင်းတလျှောက်က လူတွေရဲ့ လူနေမှုဘဝ တွေကို ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။

‌ရေချိုရေငန်စပ်ဖြစ်တဲ့ ဒီမြစ်နေရာဟာ ရေနေသတ္တဝါတွေအတွက် ပေါက်ဖွားပြီးမျိုးပွားလို့ကောင်းတဲ့နေရာလို့ ဒေသခံတွေက ပြောကြပါတယ်။

သခွပ်မြစ်ခေါ် ဝါးဘ‌လောက်သောက်မြစ်ရဲ့ ရေစီးပုံ ရေစီးဆင်းမှု အခြေအနေတွေဟာ တွံတေးတူးမြောင်းဖောက်ပြီးတဲ့ အချိန်မှာ စတင်ပြောင်းလဲလာခဲ့တာလို့ ယူဆရကြောင်း ရန်ကုန်တောင်ပိုင်း ခရိုင်ဆည်မြောင်းဌာန အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအေးမြင့်က ယုံကြည်နေပါတယ်။

ရန်ကုန်မြစ်ဝကနေ ဒီလှိုင်းနဲ့ အတူပါလာတဲ့ နုန်းတွေက မြစ်ထဲကို ဝင်ပြီးရေစီး‌နှေးလာမယ်၊ ဒီရေအတက်အကျ ကြောင့် နုန်းတွေဟာ အနည်ထိုင်ပြီးကျန်ခဲ့ပြီးတော့ မြစ်ကြမ်းပြင်တိမ်လာမယ်၊ အချိန်ကြာလာတော့ မြစ်ကြောင်းသွားလာလို့မရတော့တဲ့ မြစ်တစ်စင်းဖြစ်လာတယ်လို့ သူက ယူဆပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးတဲ့ အချိန်နောက်ပိုင်းမှာ ဒီမြစ်ကောသွားခဲ့တာလို့ ပညာရှင်တွေက ယူဆပါတယ်။

ဝါးဘလောက်သောက်ရွာ

ဓာတ်ပုံ ရင်းမြစ်, Google Map

ဓာတ်ပုံ ပုံစာ, ဝါးဘလောက်သောက်ရွာ

ဘယ်အချိန်မှာ မြစ်ကောသွားတာလဲ

ဒါ့အပြင် သခွပ်မြစ်ထွက်ပေါက် တိုးမြစ်ကလည်း ရေတက်ရေကျရှိတဲ့ အတွက် မြစ်ဟိုဘက်ထိပ် ဒီဘက်ထိပ် ဆိုင်ပြီး ရေတက်ရေကျ ဖြစ်တဲ့ ဒီဆိုင် ပြဿနာကလည်း မြစ်ကောတဲ့ အကြောင်းတစ်ခုလို့ ယူဆမှုတွေရှိပါတယ်။

ဒီဆိုင်ဆိုတာကတော့ မြစ်ရဲ့ ဟိုဘက်ထိပ်ဒီဘက်ထိပ် အဝင်နှစ်ခုစလုံးဟာ ရေပြိုင်တက်ပြီး ပင်လယ်ရေကပါလာတဲ့ နုန်းတွေဟာ တစ်ဖက်ကို ထွက်မသွားဘဲ အလယ်မှာ ပိတ်မိပြီး အနည်ကျလာတာမျိုး ဖြစ်ပါတယ်။

ဝါးဘလောက်သောက်ရွာဟာ သခွပ်မြစ်ရဲ့ အလယ်လောက်မှာ ရှိခဲ့ပါတယ်။

ဒေါ်ဥမ္မာလှိုင်ကတော့ သူငယ်ငယ်က ရန်ကုန်ကနေ ဝါးဘလောက်သောက်ရွာကို သင်္ဘောစီးခဲ့ဖူးတဲ့အတွက် လွန်ခဲ့တဲ့ နှစ် ၅၀ ဝန်းကျင်မှာ ဝါးဘလောက်သောက်အထိ ရေလမ်းသွားလို့ ရခဲ့သေးတယ်လို့ အခိုင်အမာပြောပါတယ်။

ဒါကြောင့် ၁၉၇၀ နဲ့ ၈၀ ကြားမှာ သခွပ်မြစ်ဟာ ဝါးဘလောက်သောက် ရွာအထိ ရေကြောင်း သွားမရတော့ဘဲ ကောသွားခဲ့ပြီလို့ ယေဘုယျ သုံးသပ်ရပါတယ်။

no tag

မြောက်ကိုရီးယားကွန်မန်ဒိုနဲ့ ပျောက်ဆုံးသွားတဲ့မြစ်

လွန်ခဲ့တဲ့ ၃၈ နှစ် ၁၉၈၃ ခုနှစ်ဝန်းကျင်မှာ မြစ်ကောသွားပြီဆိုတာကို သိနိုင်တဲ့ ကမ္ဘာကျော်ခဲ့တဲ့ ခိုင်မာတဲ့ နောက်ထပ်သက်သေတစ်ခု ရှိပါသေးတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက် မြန်မာနိုင်ငံ ရန်ကုန်မြို့က အာဇာနည်ဗိမာန်မှာ မြောက်ကိုရီးယား ကွန်မန်ဒိုတွေက တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖောက်ခွဲမှုကြီးဖြစ်ပွားခဲ့ပါတယ်။

သမ္မတချန်ဒူးဝမ်ဟာ အဲ့ဒီနေ့က အာဇာနည်ကုန်းကို မိနစ်ပိုင်းလေး နောက်ကျရောက်ခဲ့တဲ့အတွက် သေဘေးက လွတ်မြောက်ခဲ့ရပေမဲ့ သူနဲ့ အတူပါလာတဲ့ သူတွေထဲက ဧည့်သည်တော် ကိုးရီးယားဘက်က ၁၇ ဦးဟာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါတယ်။မြန်မာဘက်ကတော့ ၄ ဦးသေဆုံးခဲ့ပါတယ်။

စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့တဲ့ ဒီဖောက်ခွဲမှုကို လုပ်ကြံသူ မြောက်ကိုရီးယားကွန်မန်ဒို ၃ ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ မြန်မာအစိုးရပိုင် သတင်းစာတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖောက်ခွဲမှုကို လုပ်ခဲ့တဲ့ မြောက်ကိုးရီးယားက သူလျှိုသုံးဦးအနက် တစ်ဦးဖြစ်တဲ့ ဆင်ကီချူးကတော့ မြန်မာရဲနဲ့ စစ်သားတွေ ဝိုင်းဝန်း ဖမ်းဆီးစဉ်မှာပဲ သူ့လက်ထဲက ဗုံး ပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်မှူး ဇင်မိုခေါ် ကင်ဂျင်ဆုလည်း သူခွဲလိုက်တဲ့ လက်ပစ်ဗုံးဒဏ် ခံခဲ့ရပေမဲ့ အသက်မသေဘဲ ခြေတစ်ဖက်နဲ့ လက်နှစ်ဘက်ပြတ်၊ မျက်လုံးတစ်ဖက်ပါ ကွယ်ခဲ့ပါတယ်။

နောက်ဆုံးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ကင်မင်ချူး ( Kang Min-chul) လည်း ဖမ်းဆီးစဉ်မှာ သူ့လက်ထဲက လက်ပစ်ဗုံးပေါက်ကွဲလို့ လက်တစ်ဖက် ပြတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား ကွန်မန်ဒိုတွေ ထဲက သခွပ်မြစ်ထဲက သခွပ်ပင် ရွာအနီးမှာ သေဆုံးသွားခဲတဲ့ မြောက်ကိုရီးယား ကွန်မန်ဒိုကတော့ ဆင်ကီချူးဖြစ်ပြီးတော့ သူဟာ သခွပ်ချောင်းထဲ မြေပုံအတိုင်းဝင်လာပြီးတော့ ဒေးဒရဲဘက်ကို ထွက်ဖို့ ကြိုးစားခဲ့ကြောင်းနဲ့ အင်္ဂလိပ်မြေပုံအတိုင်း မြစ်အတိုင်း ဆင်းသွားစဥ် မြစ်ကကောသွားတဲ့အတွက် သူမျက်စိလည်သွားပြီး ဝါးဘလောက်သောက်ရွာ မရောက်ခင်မှာ ဖမ်းမိခဲ့ပုံရတယ်လို့ ဦးအေးမြင့်က ပြောပါတယ်။

no tag

မြစ်တစ်စင်းရဲ့ နိဂုံး

၁၉၈၈ ဝန်းကျင်မှာ သခွပ်မြစ်ခေါ် ဝါးဘလောက်သောက်မြစ်အတွင်း လှေငယ်တွေ သွားလာနိုင်သေးပေမဲ့ ၁၉၉ဝ နောက်ပိုင်းမှာတော့ လှေငယ်တွေတောင် ဝင်ထွက်မရတော့ဘဲ လုံးဝကောသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ရန်ကုန်မြစ် ဓနုတ်ဘုရားဝင်ပေါက်ကနေ ကမားကနီးရွာအထိ ၆ မိုင်ခန့်နဲ့ ဝါးဘလောက်သောက်ကျေးရွာကနေ အနောက်တောင်ဘက်ကို ဆက်သွားတဲ့အခါ တိုးမြစ်ဝဘက်ကို မရောက်ခင် သုံးမိုင်ခွဲလောက်မှာ ပြန်လည်စတင်ပြီး ၁၅ပေခန့် အကျယ်ရှိတဲ့ ချောင်းရိုးလေးအဖြစ် ပြန်လည်ပေါ်ပေါက်လာတာပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

‌ဒေသခံတွေ အပြောအရဆိုရင်တော့ ဝါးဘလောက်သောက်ကနေ ရန်ကုန်ကို သင်္ဘောပြေးခဲ့ပြီး ဝါးဘလောက်သောက်မြစ်ဟာ အကျယ် ပေ ၃၀၀ ခန့်ရှိခဲ့ကြောင်းနဲ့ ရေလုပ်ငန်းကောင်းမွန်ပြီး ရန်ကုန်ကို ငါး ပုဇွန်တွေ တင်ပို့ခဲ့ရဖူးတယ်လို့သိရပါတယ်။

အရင်ကတော့ မြစ်ကိုမှီပြီး ရေလုပ်ငန်းတွေနဲ့ အချို့ အသက်မွေးကြ သွားလာခဲ့ကြပေမဲ့ မြစ်မရှိတော့ လယ်ယာလုပ်ငန်းဘက်ကို အကုန်လုံးပြောင်းသွားတယ်လို့ ရွာခံတွေကပြောပါတယ်။

"ရွာကို ပြန်ရောက်ရင် စားရတာ မှတ်မိတာက ကဏန်းအရမ်းကောင်းတယ်၊ ပုဇွန်ကျော့လေးတွေ အရမ်းစားလို့ကောင်းတယ်"လို့ ဒေါ်ဥမ္မာလှိုင်က ပြောပြပါတယ်။

မြစ်ချောင်းပေါများတဲ့ မြန်မာနိုင်ငံမှာ မြစ်တွေကောမယ့် အလားတူပြဿနာတွေ အများအပြားရှိနေပါတယ်။

အနီးစပ်ဆုံး ဥပမာက‌တော့ ဝါးဘလောက်သောက်ခေါ် သခွပ်မြစ်နဲ့ အလားတူတဲ့ ရန်ကုန်မြို့က ပန်းလှိုင်မြစ်ဖြစ်ပါတယ်။

ပျောက်ဆုံးမြစ်နောက်ကိုလိုက်ကြခြင်း

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုံးကတော့ ကွမ်းခြံကုန်း ဘက်က လွှတ်‌တော်ကိုယ်စားလှယ်တွေက သခွပ်မြစ်ကောပြီး ရေနက်ကွင်းတွေကြောင့် သူတို့ဘက်က လယ်မြေတွေ ဆန်စပါးစိုက်ဖို့ အခက်အခဲရှိနေတာကို လွှတ်တော်ကို တင်ပြခဲ့ပြီးတော့ ကွမ်းခြံကုန်း မြို့နယ်က သခွပ်မြစ်ကောကို ၆ မိုင်ကျော်ခန့် တစ်စိတ်တစ်ပိုင်း ပြန်တူးနိုင်ခဲ့ပါတယ်။ ဒေသခံလယ်တွေ အကျိုးဖြစ်ထွန်းခဲ့လို့ အများစုက ဒီစီမံကိန်းကို အမှတ်ရကြပါတယ်။

သခွပ်မြစ် ဝါးဘလောက်သောက်ရွာ အကျော် ဘို့ဒင်ရွာကနေ ကမာကနီးအထိ မြစ်ကောနေတဲ့အပိုင်းဟာ ကော့မှူးမြို့နယ်မှာ တည်ရှိပြီး ဘို့ဒင်ရွာကနေ ကမာကနီးအပိုင်း မြစ်ကောအတွင်း ကျေးရွာများ၊ လယ်မြေများ၊ ဆက်သွယ်ရေး လမ်းများ၊ လူနေအဆောက်အဦများ တည်ရှိ နေတဲ့အတွက် ထိုအပိုင်း တူးဖော်ဆောင်ရွက်မည်ဆိုပါက အိမ်ခြေအဆောက်အဦများ၊ လယ်ယာမြေများကို ဖယ်ရှားရှင်းလင်းရမှာ ဖြစ်တဲ့အပြင် ရန်ကုန်မြစ်က ရေငန်တွေ ဝင်ရောက်လာနိုင်တဲ့အတွက် လက်ရှိစိုက်ပျိုး နေတဲ့ လယ်ယာမြေများ ပျက်စီးမှုဖြစ်ပေါ်နိုင်တယ်လို့ လွှတ်တော်မှာ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

ဆည်မြောင်းအင်ဂျင်နီယာ ဦးအေးမြင့်ကတော့ ပျောက်ဆုံးသွားတဲ့ သခွပ်မြစ်ကြီးတစ်ခုလုံးကို မူလအတိုင်းပြန်တူးဖို့ရာ မဖြစ်နိုင်ဘူးလို့ပြောပါတယ်။

သခွပ်မြစ်ကြီးပျေက်ဆုံးသွားတာဟာ လူတွေကြောင့်လို့ သူကပြောပါတယ်။ မြစ်တစ်စင်းနဲ့အတူ ဒီပတ်ဝန်းကျင်ရဲ့ အပင် နဲ့ သတ္တဝါတွေရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီစွာ ဖွဲ့စည်းထားတဲ့ တည်ရှိမှုစနစ်ကြီးတစ်ခုကတော့ လုံးဝ ပျောက်သွားခဲ့ရပါတယ်။

ဆည်မြောင်းအင်ဂျင်နီယာ ဦးအေးမြင့်
ဓာတ်ပုံ ပုံစာ, ဆည်မြောင်းအင်ဂျင်နီယာ ဦးအေးမြင့်

ဆည်မြောင်းအင်ဂျင်နီယာ တစ်ဦးရဲ့ နှစ် ၃၀ ပဟေဠိ

ဝါးဘလောက်သောက်အကြောင်း မေ့မေ့ပျောက်ပျောက်ရှိနေခဲ့အပြီး နှစ်ပေါင်း ၃၀ ‌လောက်အကြာ ၂၀၂၁ မှာတော့ စင်ကာပူမှာနေထိုင်တဲ့ မြန်မာနိုင်ငံက ဆည်မြောင်းအင်ဂျင်နီယာ ဦးအေးမြင့်ဟာ ၁၉၂၇ နဲ့ ၁၉၂၈ က တိုင်းထားတဲ့ အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံမြေပုံတစ်ခုကို ထပ်ပြီးရှာတွေ့ခဲ့ပါတယ်။

အဲ့ဒီမှာ Thakhutpin (Bassein Creek)လို့ ဖြည့်စွက်ဖော်ပြထားပြီး သခွပ်မြစ်တစ်ခုလုံးကို အပြာရောင် ချယ်ထားတယ်လို့ ဆိုပါတယ်။

သေချာသွားပါပြီ။ ၁၈၈၅ ခုနှစ် မြန်မာဘုရင်သီပေါမင်းကို ရန်ကုန်အထိခေါ်လာပြီး ပုသိမ်ဘက်ကို ရန်ကုန်ကနေ ခေါ်သွားတဲ့ ချောင်းက ဒီချောင်းပါလို့ သူကပြောပါတယ်။

သမိုင်းသုတေသီ တချို့ကတော့ သီပေါမင်းရန်ကုန်ကို ဖြတ်လာတာတော့ သေချာကြောင်းနဲ့ သခွပ်မြစ်ထဲက ဖြတ်ပြီးခေါ်မခေါ် အတည်မပြုနိင်ဘူးလို့ပြောကြပါတယ်။

"သခွပ်ချောင်းကနေ ပုသိမ်ဘက်ကို တက်မယ်။ အဲဒီကနေ အိန္ဒိယကို သွားတာဖြစ်မယ်။ ပင်လယ်ထဲက‌နေ အိန္ဒိယကို ခေါ်သွားတာ မဖြစ်နိုင်ပါ"လို့ ဦးအေးမြင့်က မြေပုံကို ကိုးကားရင်းပြောပါတယ်။

၁၉၂၇ နဲ့ ၁၉၂၈ က မြန်မာပြည်မြေပုံကို ရှာတွေ့အပြီးမှာတော့ နှစ်ပေါင်း အတန်အကြာ ပဟေဠိ ဖြစ်ခဲ့ရတဲ့ ပုစ္ဆာတစ်ပုဒ်ကို တွက်ထုတ်နိုင်ခဲ့သူတစ်ယောက်လို ဦးအေးမြင့်ဟာ စိတ်အေးလက်အေးရှိသွားပုံရပါတယ်။

"ဘယ်သူမှတော့ မေးလို့မရ‌တော့ဘူး။ ဒါပေမဲ့ ဒီပျောက်သွားခဲ့တဲ့ သခွပ်မြစ်ဟာ ပါတော်မူချောင်းပဲ။ ကျွန်တော့်အမြင် မမှားနိုင်ဘူး"လို့ သူက ပြောပါတယ်။