စစ်ကိုင်း - နတ်ချောင်း ပစ်ခတ်မှု သေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ရဟတ်ယာဉ်တွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဆက်တိုက်ဆိုသလို ပစ်ခတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲက ရေဦးနဲ့ ကလေးမြို့နယ်ထဲက ရွာတချို့မှာ သေဆုံးသူ ဆယ်ချီရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ တပ်တွေက ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာအပြင် ရွာအတွင်း တပ်စွဲပြီးနောက် မြေပြင်တပ်ဖွဲ့တွေက ပစ်ခတ်တာတွေကြောင့် သေဆုံးတာမျိုးလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
မနေ့က ရဟတ်ယာဉ် ၄ စီးနဲ့ ၂ ခါ လာပစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက နတ်ချောင်းရွာထဲမှာ ဒီကနေ့အထိ ပစ်ခတ်ခံရပြီး သေဆုံးသူ ဒေသခံ အနည်းဆုံး ၁၀ ဦး အထိရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူ နတ်ချောင်းဒေသခံတွေထံက သိရပါတယ်။
ဒီကနေ့အထိတော့ နတ်ချောင်းရွာထဲက စာသင်ကျောင်းမှာ စစ်တပ်က တပ်စွဲထားပြီး အဲဒီကနေတစ်ဆင့် လက်နက်ကြီးတွေနဲ့ မနေ့ကညပိုင်းက ပစ်ခတ်တာတွေ ရှိသလို ဒီနေ့ နေ့ပိုင်းတွေမှာလည်း လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ တိမ်းရှောင်ရသူဒေသခံတွေက ဘီဘီစီကို ပြောပြပါ တယ်။
သေဆုံးသူတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ရပ်ရွာထဲမှာ ထိပ်တိုက်တိုးမိပြီး ပစ်ခတ်ခံရပြီး သေဆုံးတယ်၊ အဲဒီထဲက တစ်ဦးဟာ ရဟတ်ယာဥ်ပေါ်က ပစ်ခတ်မှု ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ နတ်ချောင်းက မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ၂၂ ရက်နေ့ နတ်ချောင်းရွာထဲက ဖမ်းဆီးထားသူ အမျိုးသမီးတွေ အပါအဝင် ၆ ဦး ကိုလည်း ကလေးမြို့နယ် ရဲစခန်းမှာ ထားရှိထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာ ကလေးမြို့နယ် နတ်ချောင်းရွာကို CNF အဖွဲ့ နဲ့ PDF တို့က မနေ့က လူအင်အား ၃၀၀ နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ လုံခြုံရေးတပ်တွေက ပြန်ခုခံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီတိုက်ခိုက်မှုမှာ အလောင်း ၉ လောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CICDS
ဓာတ်အားစီးဆင်းဆဲ ဓာတ်ကြိုးတွေပြတ်ကျနေတဲ့ ရေမျက်ရွာ
နတ်ချောင်းနီးတူ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ရေမျက်ရွာမှာဆိုရင် စစ်တပ်က ရွာအတွင်းက ထွက်သွားပေမယ့် ပစ်ခတ်မှုဒဏ်တွေ၊ မပေါက်ကွဲသေးတဲ့ ဗုံးတွေရှိနေသေးတာရယ် စစ်ကြောင်းပြန်ဝင်လာမှာ စိုးရိမ်တာရယ်တို့ကြောင့် ရွာထဲပြန်မနေနိုင်ကြသေးဘူးလို့ ရေမျက်ရွာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရွာထဲမှာ ဗုံးသီးတွေ၊ မီးကြိုးတွေ ပြတ်ကျပြီး ဓာတ်အားစီးဆင်းနေဆဲ ဖြစ်တာကြောင့် ပြန်မသွားသင့်သေးဘူးလို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၅ ယောက် ရှိတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ဒါ့အပြင် ရေမျက်ရွာမှာ ဒီဇင်ဘာ ၂၂ ရက်က မီးရှို့ခံခဲ့ရတာကြောင့် အိမ်ခြေ ၅၀ ကျော်မီးလောင်ခဲ့တာကို ရွာအတွင်း ဝင်ရောက်ပြီး စာရင်းပြုစုထားနိုင်တယ်လို့ ရေမျက်ဒေသခံတွေထံက သိရပါတယ်။
ရေဦးမြို့နယ်က ရေမျက်ရွာ၊ ကလေးမြို့နယ်ထဲက နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ စတဲ့ရွာတွေထဲက ဒေသခံ ထောင်ကျော်ကတော့ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေနဲ့ မီးလောင်မှုတွေကြောင့် နေအိမ်တွေဆုံးရှုံးရသူ တွေရှိသလို၊ ရွာအနီးလုံခြုံရာလို့ယူဆတဲ့နေရာတွေကို ထွက်ပြေးတိမ်ရှောင်နေရသူတွေလည်း ဒီကနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။








