ခေတ်ပျက်ကာလကြီးပါတော်

ဓာတ်ပုံ ရင်းမြစ်, CJ
ပုလဲမြို့အနောက်ခြမ်းရွာတွေထဲကို စစ်တပ်ဝင်ပါတယ်။ စစ်တပ်လာပြီဆိုတာနဲ့ ရွာသားတွေက ထွက်ပြေးတိမ်းရှောင်ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ဆိုတာ မကြားဖူးတာကြာပါပြီ။ ပြည်တွင်းစစ်ကိုကြုံခဲ့ကြားဖူးခဲ့သူတွေဆိုလို့ အသက်အရွယ်အလွန်ကြီးတဲ့ ဘိုးဘွားအရွယ် အနည်းငယ်လောက်ပဲ ရှိပါလိမ့်မယ်။ အသက် ၅၀၊ ၆၀ အရွယ်တွေတောင် ဒီအရပ်ဒီနယ်မှာ စစ်ဆိုတာ မကြားဖူးခဲ့ပါဘူး။
ဒီနှစ်ဆန်း စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ နယ်စွန်နယ်ဖျားတိုင်းရင်းသားဒေသမှာပဲ ဖြစ်တတ်တယ်လို့ သူတို့ထင်ခဲ့ကြမိတဲ့စစ်ဟာ ရွာတွေထဲအထိရောက်လာပါတယ်။ အိမ်ထဲအထိရောက်လာပါတယ်။ မကြာမကြာဆိုသလို စစ်တပ်ရောက်လာတတ်လို့ နေ့နေ့ညညဆိုသလို ကျီးလန့်စာစားဘဝကို တွေ့ကြုံနေကြရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်တပ်လာပြီ
ဒီဇင်ဘာလ ၁၄ ရက်မှာ ပုလဲမြို့ကို စစ်ကားတော်တော်များများရောက်လာပါတယ်။ မြို့ပေါ်ကလူတွေရော အနီးအနားကျေးရွာတွေကပါ စစ်ကားတွေနဲ့ စစ်သားတွေရဲ့ လှုပ်ရှားမှုကို နားစွင့်နေကြပါတယ်။
“ဒီမနက်လင်းအားကြီးအချိန်မှာ စစ်တပ်က အနောက်ဘက်ကို ဆင်းလာတာဗျ။ မြကုန်းကို မနက် ၅ နာရီလောက်မှာ ရောက်လာတယ်လို့ ဖုန်းသတင်းကြားတာနဲ့ ကျွန်တော်တို့လည်း မနက်လင်းကတည်းက လစ်ကြတော့တာပဲ။ ကမန်းကတန်းကြီးပါဗျာ။ လှည်းကောက်ပြီးထွက်တဲ့လူထွက်၊ ဆိုင်ကယ်စီးထွက်တဲ့လူထွက် ချက်ချင်းထွက်ပြေးကြရတာပါ။ ဘာပစ္စည်းမှလည်း မယူနိုင်ပါဘူး။” လို့လက်ပုကန်ရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။
မြကုန်းရွာကတော့ ပုလဲကထွက်ထွက်ချင်း ပထမဆုံးအဝင်ခံလိုက်ရတဲ့ရွာဖြစ်ပါတယ်။ ရွာသားတွေတော်တော်များများ မရှောင်နိုင်ကြပါဘူး။ တချို့ရွာသားတွေကို ရိုက်နှက်စစ်မေးကြတာတွေရှိတယ်လို့ သတင်းကြားရကြောင်း ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရွာသားတွေကဆိုကြပါတယ်။
ပစ်ခတ်ပေါက်ကွဲသံများကြားကြရ
မနက် ၈ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်ပေါက်ကွဲသံတွေကြားရတယ်လို့ လက်ပုကန်ရွာသူ အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။ ဘာဖြစ်တယ်ဆိုတာ သူတို့ မမြင်ရ မသိရပေမဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတချို့ဖြစ်တယ်လို့ သတင်းကြားကြရကြောင်းပြောပါတယ်။ ပစ်ခတ်မှုဟာ အချိန်တော်တော်ကြာအောင်ဖြစ်ပွားခဲ့ပြီး မြကုန်းရွာနဲ့ ကုက္ကိုကုန်းရွာအကြားမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“နွယ်ရှောက်ရွာကိုလည်း လက်နက်ကြီးကျည်ဆန်တွေကျတယ်။ မြောက်ဘက် ကြောင်သန်းရွာကိုလည်း လက်နက်ကြီး ကျည်ဆန်တွေကျတယ်လို့ အဲဒီဘက်က ပြေးလာတဲ့သူတွေက ပြောတယ်ရှင့်။ မိုင်းခွဲတိုက်ခိုက်တာဆိုလား၊ ဗုံးခွဲတိုက်ခိုက်တာဆိုလားလုပ်လို့ စစ်ကားနှစ်စီးမှောက်ပြီး စစ်သားတွေ ၂၀ ကျော်သေတယ်လို့လည်း သတင်းတွေထွက်နေတယ်။ ကျွန်မတို့လည်း ကိုယ်တိုင်မျက်စိနဲ့ မြင်ရတာမဟုတ်တော့ သေသေချာချာတော့ မပြောနိုင်ဘူးရှင့်။ အသံတွေကတော့ အကျယ်ကြီးပဲ။ မိုးကြိုးတွေပစ်နေသလို၊ မိုးခြိမ်းနေသလိုပဲ။”
ပစ်ခတ်သံတွေငြိမ်သွားပြီးနောက်မှာ စစ်တပ်ဟာ အနောက်ဘက်အရပ်ကို ဆက်ဆင်းပါတယ်။ စစ်သားတချို့က ရှေ့ကနေ ခြေလျင်ဆင်းလျှောက်လာပြီး စစ်ကားတွေက နောက်ကနေ တဖြည်းဖြည်းလိုက်လာကြပါတယ်။
“ပထမစစ်ကား ၄ စီးလာတယ်ရှင့်။ နောက်ထပ် ၉ စီးထပ်လာတယ်။ အဲဒီနောက်တဖြည်းဖြည်းနဲ့ရောက်လာတာ စုစုပေါင်း ၅၆ စီး ကျွန်မတို့ရွာဘက်ကို ရောက်လာပါတယ်။”
“၅၅ စီးလား၊ ၅၆ စီးလားဆိုတာတော့ ကျွန်တော်တို့ အတိအကျမသိဘူးပေါ့ဗျာ။ အစီးရေ ၅၀ တော့ကျော်ပါတယ်။”

ဓာတ်ပုံ ရင်းမြစ်, CJ
ရွာတွေထဲဝင်ရောက်ရှာဖွေ
“ညနေ ၄ နာရီလောက်မှာ လက်ပုကန်ရွာထဲဝင်လာကြပါတယ်။ ရွာသားတွေကတော့ အားလုံးလိုလိုက ပြေးကုန်ကြပါပြီ။ အသက် ၇၀ အရွယ် ၈၀ အရွယ် အဘိုး၊ အဘွားတွေရော၊ ကလေးတွေရော ခေါ်လာကြတာပါ။ ကျန်းမာရေးမကောင်းတဲ့လူ အသက်သိပ်ကြီးတဲ့လူ ဘယ်လိုမှ ပြေးလို့ မဖြစ်တဲ့လူတွေလောက်ပဲ ကျန်ခဲ့ပါတယ်။ လက်ပုန်ကန်မြောက်ဘက်ကို ရမ်းသန်းပြီး လက်နက်ကြီးတွေနဲ့ အချက်တော်တော်များများပစ်ပါတယ်။ လူမမြင်ဘဲနဲ့ ပစ်တာပါ။ ဘယ်သူ့မှတော့ မထိပါဘူး။ ပုန်းနေတဲ့လူတွေအနားတောင်မှ လက်နက်ကြီးကျည်ဆန်တွေကျပါတယ်။”
လက်ပုကန်ရွာသားတဦးပြောပြတာပါ။ လက်ပုကန်ရွာသူအမျိုးသမီးတဦးကလည်း အခုလိုပြောပါတယ်။
“မီးလည်းရှို့သွားသေးတယ်။ လက်ပုကန်နဲ့ ကုက္ကိုကုန်းရွာအကြား တံတားနားလေးမှာ ကြက်သွန်စိုက်နေကြတဲ့ လူတွေရဲ့ တဲ ၆ လုံးကို မီးရှို့သွားတာ။ အဲဒါက လက်ပုန်ကန်အရှေ့ဘက်။ အနောက်ဘက်မှာလည်း ကောက်ရိုးပုံ နှစ်ပုံကို မီးရှို့သွားသေးတယ်။”
ရွာ့မြောက်ဘက်မှာ တွေ့ရတဲ့အမျိုးသား ၂ ယောက်နဲ့ ယာတောထဲမှာ ပုန်းအောင်းနေတဲ့ အမျိုးသားနှစ်ယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးပါတယ်။ ဒါပေမဲ့ရွာထဲမှာ ကျန်ရစ်တဲ့ လက်ပုကန် ဘုန်းတော်ကြီးက သူ့ကျောင်းဝေယျာဝစ္စဆောင်ရွက်ပေးနေတဲ့လူတွေပါလို့ အာမခံတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ မကျန်းမာလို့ စောင်ခေါင်းမြီးခြုံအိပ်စက်နေတဲ့ အသက် ၁၀၀ နည်းပါးရှိတဲ့ အဖွားအိုကိုလည်း မသင်္ကာလို့စောင်ခြုံဖွင့်ခိုင်းပြီးကြည့်သွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဟင်းလင်းပြင်မှာတညတာ
ညနေ ၅ နာရီကျော်အချိန်မှာ စစ်ကားတော်တော်များများရွာကထွက်ခွာသွားပေမဲ့ ရွာထဲမှာ စစ်သားတချို့ကျန်နေရစ်ခဲ့တယ်လို့ သတင်းကြားရတဲ့အတွက် ရွာသားတွေ အိမ်မပြန်ရဲကြပါဘူး။ ရွာနဲ့အလှမ်းကွာဝေးတဲ့ ယာတောတွေထဲမှာ ရှောင်တိမ်းရင်းနဲ့ပဲ ညအချိန်အိပ်စက်ကြရပါတယ်။ အနီးအနားရွာပေါင်း ၅ ရွာ ၆ ရွာမှာရှိတဲ့ ရွာသားတွေအားလုံးနည်းပါးဟာ ယာတောတွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရတဲ့အတွက် စုစုပေါင်းရွာသားအရေအတွက် တသောင်းကျော်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။ လက်ပုကန်တရွာတည်းကရွာသားချည်းပဲ ၃၀၀၀ လောက်ရှိတယ်လို့ဆိုပါတယ်။ တောင်ယာတဲတွေ့တဲ့သူက တောင်ယာတဲမှာအိပ်ကြပြီး တချို့က သစ်ပင်တွေအောက်မှာအိပ်ကြပါတယ်။ တချို့ကဟင်းလင်းပွင့်ကွင်းပြင်မှာပဲ အမိုးအကာမပါဘဲ အိပ်ကြရတယ်လို့ဆိုပါတယ်။
“တော်တော်ဆိုးပါတယ်တော်။ အအေးကလည်း အခု ၂ ရက် ၃ ရက်အတွင်းမှာ တော်တော်ကို အေးလာတာ။ ကျုပ်တို့မှာ ကမန်းကတန်းကြီးပြေးလာရတာဆိုတော့ စောင်တွေ ဘာတွေလည်း ပါမလာပါဘူး။ အမိုးအကာလည်း မရှိပါဘူး။ စားစရာသောက်စရာလည်း ပါမလာကြပါဘူး။ တနေကုန်နေရလိမ့်မယ်လို့လည်း ထင်မှမထင်တာကြီးကိုနော။ တကယ့်ကို ခေတ်ပျက်ကြီးပါတော်။ ဒါမျိုးတခါမှ မကြုံဖူးပါဘူး။” လို့ ထွက်ပြေးတိမ်းရှောင်နေရသူ အသက်ကြီးကြီးအမျိုးသမီးကြီးတဦးကပြောပါတယ်။
ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်းပါလာတဲ့အတွက် တချို့က အင်ကြင်းစုရွာကိုသွားပြီး စောင်တို့ ပန်းကန်အိုးခွက်တို့ ငှားကြပါတယ်။ အသိအကျွမ်းရှိသူတချို့တော့ စောင်အနည်းအပါးရခဲ့ကြတယ်လို့ဆိုပါတယ်။ ရွာထဲကနေ အရေးပေါ်ထွက်ပြေးလာခဲ့ကြရတဲ့အတွက် စားသောက်စရာလည်း မဝယ်နိုင်ခဲ့ကြသလို တော်တော်များများမှာ ဆန်တွေဆီတွေ ပါမလာကြပါဘူး။ ဒါပေမဲ့ ပါလာတဲ့သူတွေဆီက ခွဲဝေစားသောက်ကြပါတယ်။
“အားလုံးမျှပြီးစားကြပါတယ်။ ထမင်းမပါလာတဲ့သူတွေကို ထမင်းခေါ်ကျွေးကြပါတယ်။ ရွာဆိုတော့ အမျိုးလည်း မကင်းကြဘူးလေ။ ဒီမျက်နှာတွေက နေ့တိုင်းမြင်နေရတဲ့မျက်နှာတွေဆိုတော့ မရိုင်းကြပါဘူး။ ပါလာတဲ့ဟာ မျှစားကြတာပါပဲ။ ဟင်းကတော့ တတောလုံးကုလားပဲရွက်ဟင်းချည်းပဲ မိုးမွှန်နေတာပါပဲဗျာ။ အခုချိန်က ကုလားပဲခင်းတွေရှိကြတာဆိုတော့ ကုလားပဲရွက်ဟင်းချိုချည်း ချက်သောက်ကြရပါတယ်။ ကုလားပဲက ပွင့်ချိန်ပဲရှိသေးတာ။ အသီးမသီးသေးဘူး။ တချို့ခရမ်းသီးနဲ့ ပဲလွန်းသီးစိုက်ထားတဲ့ ဥယျာဉ်တွေနဲ့နီးတဲ့လူတွေကတော့ အဲဒါတွေ ချက်စားကြတယ်။ အများစုကတော့ ကုလားပဲရွက်ဟင်းချိုနဲ့မျောချကြရတာပါဗျာ။”

ဓာတ်ပုံ ရင်းမြစ်, CJ
ညဘက်မှာ အလွန်အေးတဲ့အတွက် မီးလှုံချင်ပေမဲ့ စစ်သားတွေမြင်မှာစိုးလို့ မီးမဖိုရဲဘူးလို့ဆိုပါတယ်။ ဆေးလိပ်သောက်ချင်တာတောင် မီးခြစ်ခြစ်ရင် စိုးရိမ်ပူပန်သူတွေက ဟန့်တားကြတယ်လို့ဆိုပါတယ်။
“လက်နှိပ်မီးလည်း မယူခဲ့ကြရတော့ မြွေပါးကင်းပါးကြောက်လို့ ဘယ်မှလည်း မသွားရဲကြပါဘူး။ လက်နှိပ်မီးပါရင်လည်း မထိုးရဲပါဘူး။ ကိုယ်ရောက်တဲ့ နေရာမှာပဲ ငြိမ်ငြိမ်လေးအိပ်ကြရပါတယ်။ ကျွန်တော်တယောက်ပဲ မှောင်မှောင်မည်းမည်းထဲလျှောက်သွားပြီး သတင်းပလင်း စနည်းနာတဲ့သူရှိကပါတယ်။”
တနေကုန်နေပူထားတဲ့အတွက် မြေကြီးကပူနေပြီး ဆောင်းညဖြစ်တဲ့အတွက် အပေါ်ကအလွန်ချမ်းအေးနေလို့ လူတော်တော်များများ မကျန်းမမာဖြစ်ကြတယ်လို့ ဆိုပါတယ်။ အသက်ကြီးသူတချို့ အအေးမိဖျားနာပြီး အန်ကြတယ်လို့ဆိုပါတယ်။ ဟင်းလင်းပြင်ဖြစ်နေတဲ့အတွက် လေပြင်းတိုက်ပြီး အလွန်ချမ်းတယ်လို့ ပြောကြပါတယ်။
“စစ်တပ်နဲ့မတွေ့အောင် ကျွန်တော်တို့ကရှောင်ကြရတာဗျ။ သူတို့နဲ့တွေ့ရင်မလွယ်ဘူး။ သူတို့ကိုမြင်မှ ထွက်ပြေးရင် မကြိုက်ဘူး။ သေနတ်နဲ့ပစ်တော့တာပဲ။ အရင်ကလည်း ကျွန်တော်တို့ရွာမှာ အဲဒါမျိုးကြုံဖူးတယ်။ အဲဒီတုန်းက ဆိုင်ကယ်တွေ ပစ္စည်းတွေလည်း ယူသွားဖူးတယ်။ သူတို့စခန်းချတဲ့ရွာတွေမှာဆိုရင် ကြက်တွေ၊ ဝက်တွေကိုလည်း သတ်စားတယ်။ သူတို့က သူတို့စားရုံတင်မဟုတ်ဘဲ ဖျက်လည်းဖျက်ဆီးတယ်ဗျ။ ကြောင်သန်းရွာမှာဆိုရင် အရင်တခါက ဆန်အိတ်တွေကို ဓားနဲ့ထိုးခွဲပြီး ဆန်တွေပေါ်ကို ဓာတ်ဆီတွေလောင်းသွားတာဗျ။ သူတို့ကထွက်ပြေးရင်လည်း မကြိုက်ဘူး။ ထွက်မပြေးရင်လည်း နှိပ်စက်တယ်ဗျ။ သူတို့မေးချင်တာမေးပြီး စိတ်မထင်ရင်မထင်သလို ရိုက်တယ်ဗျ။ သူတို့ကစိတ်မထင်ရင် လုပ်ချင်သလိုလုပ်ကြတာပါဗျာ။ ရိုက်ချင်လည်း ရိုက်တယ်။ သတ်ချင်လည်း သတ်တယ်။ မီးရှို့ချင်လည်းရှို့တယ်။ ဘယ်လိုလူတွေမှန်းကို မသိပါဘူးဗျာ။ တော်တော်ကိုရက်စက်တာပါ။”

ဓာတ်ပုံ ရင်းမြစ်, CJ
တိမ်းရှောင်နေတဲ့ရွာသားတယောက်ကပြောတာပါ။ အမျိုးသမီးတယောက်ကတော့ စစ်သားကိုကြောက်ရသလို ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခကလည်း ကြီးမားတဲ့အတွက် အလွန်စိတ်ပျက်နေပြီးအခုလိုပြောပါတယ်။
“ကျုပ်ကတော့ နောက်တခါဆိုရင် သတ်ချင်လည်း သတ်ပစေတော့။ ရှောင်မနေတော့ဘူးတော်။ ရှောင်ရတဲ့ဒုက္ခကလည်း လွယ်တာမဟုတ်ဘူး။”
ဒီဇင်ဘာလ ၁၅ ရက်ညမှာ စစ်တပ်ဟာ လက်ပုကန်ရဲ့အနောက်နားက မင်းတိုင်ပင်ရွာမှာ ညအိပ်ကြပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်မနက်ခင်းမှာတော့ စစ်တပ်ဟာ အနောက်ဘက်ကို ဆက်လက်ထွက်ခွာသွားပါတယ်။ စစ်တပ်ဟာ ပုံတောင်ပုံညာဘက်ကို ဦးတည်ပြီးသွားနေတယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။








