စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်က လူဦးရေ ၂၀ ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ

အိန္ဒိယဘက် မီဇိုရမ်ပြည်နယ်ဘက်ရှောင်တိမ်းသွားပြီး ကွာရန်တင်းဝင်ကြရတဲ့စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယဘက် မီဇိုရမ်ပြည်နယ်ဘက်ရှောင်တိမ်းသွားပြီး ကွာရန်တင်းဝင်ကြရတဲ့စခန်းတစ်ခု
ရေးသားခဲ့သည်။

စစ်အာဏာသိမ်းပြီး ၁၀ လကြာလာတဲ့ အခုလိုအချိန်မှာ ချင်းပြည်နယ်ကနေ အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရသူတွေ ၇ သောင်းခန့်အထိ ရှိလာနေပြီလို့ ချင်းလူ့အခွင့်အရေး အဖွဲ့ (Chin Human Rights Organization - CHRO)က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းတဲ့နောက်ပိုင်း အဲဒီ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူ တွေ၊ CDM လုပ်ကြသူတွေထဲက ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် ချင်းပြည်နယ်မှာအိုးအိမ်ကနေစွန့်ခွာခဲ့ကြရသူတွေ ရှိသလို၊ ဒေသခံတွေက ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလာကြပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ရွာတွေ၊ မြို့တွေကို ထိုးစစ်ဆင် လာတဲ့အပေါ် အသက်ဘေးကို စိုးရိမ်ကြောက်ရွံ့လို့ ထွက်ပြေးကြရသူ ဒေသခံ ပြည်သူအများအပြားရှိနေပါတယ်။

နယ်စပ်ကိုကျော်ပြီးထွက်ပြေးကာ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေရသူ အရေအတွက်က ၃ သောင်းရှိပြီး၊ မြန်မာပြည်တွင်းမှာပဲ ပြည်တွင်းဒုက္ခသည် အဖြစ်ရှိနေတာက ၄ သောင်းခန့် ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကပြောပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်သွားသူတွေအတွက် အစားအစာပြတ်တောက်မှာကို မပူရပေမယ့် မြန်မာပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာပြေးနေရတဲ့ စစ်ရှောင် ဒုက္ခသည်တွေအတွက်တော့ အတော်ပူပင်နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ပြောပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာ-အိန္ဒိယနယ်စပ်

CHRO ဒုတိယအမှုဆောင် ဒါရိုက်တာ ဇာအုပ်လိန်းက"ပြည်တွင်းမှာက (စစ်ကောင်စီတပ်က)လုပ်နေတဲ့ 'ဖြတ်လေးဖြတ်'ကြောင့် စစ်ဘေးရှောင်တွေ အစားအစာပြတ်မှာကို စိုးရိမ်ရတယ်၊ ထန်တလန်မြို့ တွေဘက် ဆိုရင်လုံးလုံး လျားလျား ပြတ်တောက်သွားပြီ"လို့ ဘီဘီစီကို ‌ပြောပါတယ်။

၁၉၆၀ နှစ်တွေတဝိုက်ကတည်းက မြန်မာစစ်တပ်အနေနဲ့ သူတို့ကို ဆန့်ကျင်သူ လက်နက်ကိုင်အဖွဲ့တွေကို နှိမ်နင်းဖို့အတွက် 'ဖြတ်လေးဖြတ်'နည်းဗျူဟာ (ရန်ပုံငွေ ဖြတ်၊ အစားအစာရိက္ခာဖြတ်၊ သတင်းဖြတ်၊ လူသစ် စုဆောင်းတာတွေဖြတ်) ကို ချမှတ် နှိမ်နင်းခဲ့တာပါ။ စစ်ကောင်စီတပ်တွေရဲ့ ဖြတ်လေးဖြတ် ဆိုတဲ့ လုပ်ဆောင် ချက်တွေက လက်နက်ကိုင်တပ်ဖွဲ့တွေကိုသာမက စစ်ရှောင် ပြည်သူတွေကိုလည်း ပစ်မှတ်ထားကြတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက အရင်ကတည်းက ထောက်ပြနေတာပါ။

အိုးအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ ထန်တလန်မြို့

ဓာတ်ပုံ ရင်းမြစ်, The Hakha Times

ဓာတ်ပုံ ပုံစာ, အိုးအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ ထန်တလန်မြို့

ထန်တလန်မြို့မှာ လူဦးရေ ၈၀၀၀ ကျော်ရှိပြီး မြို့ကို စစ်ကောင်စီတပ်တွေ ရောက်လာတာနဲ့ အတူ သူတို့အားလုံးနီးပါးက သူတို့ နေထိုင်ရာ အိမ်တွေကို စွန့်ခွာ ခဲ့ကြပြီး စစ်ဘေးဒုက္ခသည်တွေဖြစ်လာခဲ့ကြပါတယ်။

လုံး၀ခြောက်ကပ်သွားတဲ့ စွန့်ပစ်မြို့ထဲမှာ မီးလောင်တာ ၉ ကြိမ်ဖြစ်ခဲ့သလို ဒေသခံ လူထုရဲ့ ကိုးကွယ်ရာ ခရစ်ယာန် ဘုရားကျောင်းတော် အတော်များများလည်း မီးလောင်ခံခဲ့ရပါတယ်။

စစ်ကောင်စီဘက်က အဲဒီမီးလောင်မှုတွေက သူတို့ကြောင့်မဟုတ်ပါဘူးလို့ ငြင်းဆန်ပေမယ့် ဒေသခံပြည်သူတွေကတော့ စစ်ကောင်စီတပ်တွေရဲ့လက်ချက်လို့ ယုံကြည်ကြပါတယ်။

ထန်တလန်မြို့က မီးလောင်မှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ထန်တလန်မြို့က မီးလောင်မှု

အခုထန်တလန်ဘက်က ဒုက္ခသည်တွေအတွက် အစားအစာ တင်ပို့ပေးတဲ့ လမ်းကြောင်း ပြတ်တောက်နေပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေး နေပါပြီ။

အလားတူပဲ ဖြတ်လေးဖြတ်ကို ကြုံနေရတဲ့ မင်းတပ်မြို့နယ်က စစ်ရှောင်ဒုက္ခသည် တွေပူပင်စရာတွေထဲမှာ ကိုဗစ်ကူးစက်မှုကပါ ထပ်တိုးပါ၀င်လာပါတယ်။

မင်းတပ် စစ်ဘေးရှောင်ဒုက္ခသည်တွေကို စောင့်ရှောက်ကူညီပေးနေတဲ့ Mindat IDP Management Committeeက ကိုလော့ရင့်က "အစားအစာတွေ ပို့ပေးတဲ့ လမ်းကြောင်းကို‌တော့ (စစ်ကောင်စီတွေဘက်က ) မပိတ်ပင်သေးဘူး၊ ဒါပေမယ့် ဖျားတဲ့သူတွေ ဒုက္ခသည်တွေထဲမှာ အရမ်းများတယ်၊ အယောက်တိုင်းလိုလိုပဲ၊ ကိုဗစ်ဖြစ်မှာကို စိုးရိမ်နေရတယ်၊ ဆေးသယ်တဲ့လမ်းကြောင်းကို ပိတ်ထား ကြတယ်"လို့ ဘီဘီစီကို ပြောပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ်ရှိပြီး အဲဒီထဲက အနည်းဆုံး မြို့နယ် ၃ မြို့နယ်မှာ စစ်ဘေး‌ရှောင် ဒုက္ခသည်တွေ ရှိနေတာပါ။

အခုဒုက္ခသည်အဖြစ်တိမ်းရှောင်နေရတဲ့ ၇ သောင်းဆိုတဲ့ လူအရေအတွက်ဟာ ချင်းပြည်နယ်ရဲ့ ၂၀၁၅ - ၂၀၁၆ လူဦးရေ စာရင်း နဲ့ နှိုင်းစာရင် ပြည်နယ်လူဦးရေ စုစုပေါင်းရဲ့ ၂၀ % ပဲလို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။