အလင်္ကာပုလဲပန်း ပျောက်နေတဲ့ကျားနဲ့ ပြောက်တိပြောက်ကျား

ပြောက်ကျား၊ ပျောက်ကျား၊ ပြောက်ကျား၊ ပျောက်ကြားဆိုပြီး အမျိုးမျိုးစာလုံးပေါင်းနေကြ
ဓာတ်ပုံ ပုံစာ, ပြောက်ကျား၊ ပျောက်ကျား၊ ပြောက်ကျား၊ ပျောက်ကြားဆိုပြီး အမျိုးမျိုးစာလုံးပေါင်းနေကြ
    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီ မြန်မာပိုင်း
  • ရေးသားခဲ့သည်။

အခုတလောသတင်းတွေထဲမှာ စကားလုံးတလုံးကို အမျိုးမျိုးစာလုံးပေါင်းနေကြတာ သတိထားမိပါတယ်။ ပျောက်ကြား၊ ပျောက်ကျား၊ ပြောက်ကြား၊ ပြောက်ကျား စသည်ဖြင့် အမျိုးမျိုးပေါင်းကြတာကို တွေ့ရပါတယ်။ ဒီအသံထွက်လို့ရရင်ပြီးရောသဘောနဲ့ ကြိုက်တဲ့စာလုံးသုံးပြီး ပေါင်းနေတယ်လို့တောင် ဆိုရမလို ဖြစ်နေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဗမာအက္ခရာတွေထဲမှာ ဒီအသံထွက်အောင်ပေါင်းလို့ရတာ ၄ မျိုးပဲရှိတဲ့အနက် အဲဒီ ၄ မျိုးစလုံးကို ကိုယ်သန်ရာသန်ရာ ယူသုံးနေကြတာ တွေ့ရလို့ပါ။

အခုလို အမျိုးမျိုးရေးနေကြတာနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းတင့်က ဒီလို မှတ်ချက်ပေးပါတယ်။

"ဒီလိုဗျ။ တကယ်တော့ ဝေါဟာရတွေဆိုတာ ထင်သလိုဖြစ်လာတာ မဟုတ်ဘူးဗျနော။ သူ့စနစ်နဲ့သူ၊ သူ့စည်းကမ်းနဲ့သူ၊ သူ့အဓိပ္ပာယ်နဲ့သူ ဖြစ်လာတာ။ အဲဒါကိုလိုက်မမီတဲ့လူတွေ နားမလည်တဲ့လူတွေက အသံထွက်လို့ရပြီးရောဆိုပြီး ရေးနေကြတာ။ ဥပမာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းကို ရရစ်နဲ့ကြောင်းလို့ရေးတယ်။ အဲဒါမှားနေပါတယ်လို့ပြောတော့ ကိုယ့်ဘာသာကြိုက်တာနဲ့ရေးတာ ကြောင်းကို အိမ်လို့မဖတ်ရင် ပြီးရောကွာလို့ ဆိုတတ်ကြတယ်။"

ရှေးဆရာကြီးတချို့က ဗမာဝေါဟာရတွေထဲမှာ အနွတ္ထနဲ့ ရုဠှီဆိုပြီး နှစ်မျိုးရှိတယ်လို့ ဆိုတတ်ကြပါတယ်။ အနွတ္ထဆိုတာကတော့ အနက်အဓိပ္ပာယ်ရှိတဲ့အခေါ်အဝေါ်မျိုးကို ဆိုလိုတာပါ။ ရုဠှီဆိုတာက အသံမျှသာရှိပြီး အနက်အဓိပ္ပာယ်မရှိတဲ့အခေါ်အဝေါ်မျိုးကို ဆိုလိုတာပါ။ ဆရာကြီးဦးထွန်းတင့်ကတော့ ဗမာစကားမှာ အားလုံးဟာ အနွတ္ထတွေချည်းပဲဖြစ်တယ်။ ရုဠှီဆိုတာ မရှိဘူးလို့ယူဆပါတယ်။ တောက်တဲ့တို့ ဥသြတို့လိုမျိုး၊ ဝုန်းကနဲ၊ ဒိုင်းကနဲ ဆိုသလိုမျိုး မြည်သံကို အစွဲပြုခေါ်တဲ့စကားလုံးမျိုး အနည်းအကျဉ်းမှအပ ကျန်စကားလုံးတိုင်း စကားလုံးတိုင်းမှာ အနက်ရှိတာချည်းပဲလို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။ ဗမာစကားဟာ ဧကဝဏ္ဏဘာသာစကားဖြစ်တယ်၊ အသံတိုင်းအသံတိုင်းမှာ အဓိပ္ပာယ်ကိုယ်စီရှိတယ်လို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။

(ရုဠှီကို ရုန်လှီလို့ အသံထွက်ပါတယ်။ ဘာ့ကြောင့်အဲသလို အသံထွက်တယ်ဆိုတာကိုတော့ ဆောင်းပါးတပုဒ်မှာ သီးသန့်ရှင်းပြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ အကျယ်မရှင်းတော့ပါဘူး။ လိုရင်းပျောက်သွားမှာစိုးလို့ပါ။)

ဧကဝဏ္ဏဘာသာစကားဆိုတဲ့အချက်ကို ဗမာစာသမားအများအပြားက ဂုဏ်ယူပြောဆိုလေ့ရှိပါတယ်။ ဧကဝဏ္ဏက အမှန်ဆိုရင် ရုဠှီရှိတယ်ဆိုတဲ့စကားဟာ မမှန်နိုင်တော့ပါဘူး။ ရုဠှီရှိတာကအမှန်ဆိုရင် ဧကဝဏ္ဏဆိုတာ မမှန်နိုင်ပါဘူး။ ရှေ့နောက်မညီဖြစ်နေပါလိမ့်မယ်။ ရုဠှီဆိုတဲ့သဘောအရ အနက်မရှိတဲ့အသံဆိုတာမျိုး ဗမာစကားမှာရှိနေတာမှန်ရင် အသံတိုင်းမှာ အနက်ရှိတယ်လို့ပြောတဲ့ ဧကဝဏ္ဏသဘောဟာ မှားနေတော့မှာပါ။

ဧကဝဏ္ဏဘာသာစကားလို့ဆိုတဲ့ အတွက် အခုလေ့လာနေတဲ့စကားလုံးတွေမှာလည်း ပြောက်၊ ပျောက်၊ ကြား၊ ကျားတို့ဟာ သူ့အဓိပ္ပာယ်နဲ့သူရှိနေပါလိမ့်မယ်။ အဲဒီအဓိပ္ပာယ်တွေကို ဆန်းစစ်ကြည့်ရင် ဘယ်စာလုံးပေါင်းက အမှန်ဆိုတာ ထင်ရှားလာမှာပါ။ အခုဒီစကားကို ကြုံသလိုစာလုံးပေါင်းကြတာဟာ အနက်ကိုမသိလို့ သို့မဟုတ် မဆန်းစစ်ကြလို့ပါ။

ပြောက်ဆိုတာ အစက်အပြောက်ကိုပြောတာပါ။ အစက်အပေါက်ဆိုတာနဲ့လည်း အနက်အတူတူပါပဲလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။

ပျောက်ဆိုတာကတော့ ပျောက်ဆုံးတာကိုပြောတာဖြစ်ပါတယ်။

ကြားဆိုတာက တခုနဲ့တခုနဲ့ထိတွေ့မနေတဲ့ အလစ်အလပ်နေရာကိုဆိုလိုပါတယ်။ စပ်ကြား၊ ပပ်ကြား၊ တခုနဲ့တခုအကြားဆိုတဲ့နေရာတွေမှာသုံးတဲ့ကြားဖြစ်ပါတယ်။

ကျားဆိုတာကတော့ အစင်းအကျားကိုဆိုလိုပါတယ်။ မျဉ်းကျားမှာသုံးတဲ့ကျား၊ တိရစ္ဆာန်ကျားမှာသုံးတဲ့ကျားနဲ့ အတူတူပါပဲ။ တိရစ္ဆာန်ကျားကို ကျားလို့ခေါ်ရတာကလည်း အစင်းအကျားတွေပါတဲ့ သတ္တဝါမို့ခေါ်တာပါ။

ဒီအသံလေးမျိုးကိုတွဲစပ်ကြည့်လိုက်ရင် စောစောကရေးသားတဲ့ ၄ မျိုးအနက်မှာ ဘယ်ဟာက အဓိပ္ပာယ်ထင်ရှားသလဲဆိုတာ ပေါ်လွင်လာမှာပါ။

ပထမတမျိုးဖြစ်တဲ့ ပျောက်ကြားဟာ ဘယ်လို အဓိပ္ပာယ်ရှိနိုင်ပါသလဲ။ ပျောက်ဆိုတာက ပျောက်ဆုံးတာ၊ ကြားဆိုတာက စပ်ကြား၊ ပပ်ကြား၊ တခုနဲ့တခုအကြားဆိုတော့ ပျောက်ကြားလို့သာရေးခဲ့ရင် အဓိပ္ပာယ်ဟာ ပျောက်နေတဲ့စပ်ကြားတခုဖြစ်ပါလိမ့်မယ်။

ဒုတိယတမျိုးဖြစ်တဲ့ ပျောက်ကျားဆိုရင် ဘယ်လိုအဓိပ္ပာယ်ထွက်နိုင်ပါသလဲ။ ပျောက်ကပျောက်ဆုံးတာ၊ ကျားက အစင်းအကျား သို့မဟုတ် တိရစ္ဆာန်ကျားဖြစ်ပါမယ်။ ဒါဆိုရင် ပျောက်ကျားလို့ရေးခဲ့ရင် ပျောက်နေတဲ့အစင်းအကျား သို့မဟုတ် ပျောက်နေတဲ့ ကျားသတ္တဝါလို့ အဓိပ္ပာယ်ထွက်ပါမယ်။

တတိယတမျိုးပြောက်ကြားလို့ ရေးရင် အဓိပ္ပာယ်က ဘယ်လိုဖြစ်နိုင်ပါသလဲ။ ပြောက်က အစက်အပြောက်၊ ကြားက ပပ်ကြား၊ စပ်ကြား ဆိုတော့ အစက်ပြောက်တွေရှိတဲ့ပပ်ကြားအက် တခု ဒါမှမဟုတ် အစက်အပြောက်တွေတခုနဲ့တခုအကြားဆိုတဲ့ အဓိပ္ပာယ်ထွက်ပါမယ်။

စတုတ္ထတမျိုးဖြစ်တဲ့ ပြောက်ကျားလို့ရေးရင်ရော ဘယ်လို အဓိပ္ပာယ်ရှိနိုင်ပါသလဲ။ ပြောက်က အစက်အပြောက်၊ ကျားက အစင်းအကျား ဆိုတော့ အဲဒီနှစ်ခုပေါင်းရင် အစက်အပြောက် အစင်းအကျားတွေဆိုတဲ့ သဘောဖြစ်ပါတယ်။

သတ်ပုံအမှန်ကိုသိချင်ရင် သတ်ပုံကျမ်းသို့မဟုတ် အဘိဓာန်ကို တချက်လှန်ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ စတုတ္ထအရေးအသားဖြစ်တဲ့ ပြောက်ကျားက သတ်ပုံအမှန်ပါ။ ဒါပေမဲ့ ဘာ့ကြောင့် အဲဒီသတ်ပုံက အမှန်ဖြစ်ရသလဲဆိုတာကို ပိုင်ပိုင်နိုင်နိုင်သိဖို့ဆိုရင်တော့ အခုလိုခွဲခြမ်းလေ့လာကြည့်မှ စိတ်ထဲရှင်းလင်းလိမ့်မယ်လို့ ယူဆပါတယ်။

ပြောက်ကျားဆိုတဲ့စကားဟာ သတင်းတွေထဲမှာမကြာခဏတွေ့လာ
ဓာတ်ပုံ ပုံစာ, ပြောက်ကျားဆိုတဲ့စကားဟာ သတင်းတွေထဲမှာမကြာခဏတွေ့လာ

"တချို့ကတော့ အခုစစ်တိုက်နေတဲ့သူတွေဟာ ပျောက်လိုက်ပေါ်လိုက်ဖြစ်နေလို့ ပျောက်ကျားလို့ ရေးရင် မဖြစ်ဘူးလားလို့ မေးချင်စိတ်ရှိချင်ရှိမှာပေါ့ဗျာ။ အဲသလိုအဓိပ္ပာယ်နဲ့သာ ရေးမယ်ဆိုရင် နောက်ကကျားနဲ့တွဲစရာ အကြောင်းမရှိပါဘူး။ ကျန်တဲ့ ပျောက်ကြားနဲ့ ပြောက်ကြားကတော့ ဘယ်လိုမှကို ဆက်စပ်လို့မရနိုင်ပါဘူး။ အမှန်က ပြောက်ကျားပါပဲ။" လို့ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။

ဆရာကြီးမြို့မညိန်းရေးတဲ့ နှစ်ယောက်ထဲသီချင်းမှာ "စိမ်းရွက်ညိုအကြိုအကြား၊ ပြောက်ပြောက်ကျားကျား ရောင်ခြည်ဝင်တယ်။ မြေပြင်ငွေမင်လူးသည့်နှယ် လရောင်ကို မကြောင်ဝံ့လို့ သစ်ပင်အောက်ကိုမှောင်ခိုကာရယ် နှစ်ယောက်ထဲတွေ့ကြရာဝယ်" လို့ရေးထားပါတယ်။ အဲဒီပြောက်ကျားနဲ့ အခုစစ်တိုက်နေတဲ့ ပြောက်ကျားတွေဟာ စာလုံးပေါင်းချင်း အတူတူပါပဲ။

ပြောက်တိပြောက်ကျားဆိုတဲ့စကားနဲ့လည်း အတူတူပါပဲ။ ဆိုလိုတာက အစက်အပြောက်တွေ အစင်းအကျားတွေရှိနေတယ်။ တသားတည်း တစပ်တည်းမဖြစ်ဘူး။ ဟိုနေရာတကွက်၊ ဒီနေရာ တကွက်ဖြစ်နေတယ်။ ဟိုနေရာ အစင်းစင်း၊ ဒီနေရာ အစင်းစင်းဖြစ်နေတယ်ဆိုတဲ့ သဘောပါ။

Camouflage လို့ခေါ်တဲ့ စစ်ဝတ်စုံကို ပြောက်ကျားဝတ်စုံလို့ခေါ်တာကလည်း ဒီအဓိပ္ပာယ်ပါပဲ။ ဝတ်စုံမှာ အကွက်တွေ ပြောက်တိပြောက်ကျားဆေးဆိုးထားလို့ အဲဒီဝတ်စုံကို ပြောက်ကျားဝတ်စုံလို့ခေါ်တာပါ။

ပြောက်ကျားစစ်သဘောတရား စာအုပ်တွေထဲမှာလည်း စစ်ရဲ့ဖြစ်ပေါ်တိုးတက်ပုံဟာ မညီညာလို့ ပြောက်ကျားစစ်လို့ခေါ်ကြောင်း ရေးသားကြပါတယ်။ ပြောက်ကျားတပ်ဖွဲ့တွေဟာ တနေရာတည်းမှာ တစုတစည်းတည်း ကြီးကြီးမားမား စုစည်းဖြစ်ပေါ်နေတာမျိုးမဟုတ်ဘဲ ဟိုနားမှာ ပြောက်တိပြောက်ကျား၊ ဒီနားမှာပြောက်တိပြောက်ကျား နည်းနည်းစီနဲ့ အနှံ့အပြား ရှိနေတာမျိုးဖြစ်ပါတယ်။

ပြောက်ကျားဆိုတာ ပြောက်တိပြောက်ကျား နေရာအနှံ့အပြားမှာရှိနေလို့ ခေါ်တာဖြစ်ကြောင်း နားလည်မယ်ဆိုရင် သူ့ရဲ့စာလုံးပေါင်းဟာ ပြောက်ကျားကလွဲပြီး ကျန်တဲ့ ပျောက်ကျား၊ ပျောက်ကြား၊ ပြောက်ကြားတွေလည်း မဖြစ်နိုင်ဘူးဆိုတာ နားလည်နိုင်ပါပြီ။

သတ်ပုံအမှန်ဟာ ဘာဆိုတာသိရုံနဲ့ အဲဒီအသိဟာပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။ ဒီနေ့ခေတ် ပြဋ္ဌာန်းသတ်ပုံကျမ်းမှာ ဒီလိုပြဋ္ဌာန်းထားလို့ ဒါကအမှန်လို့ယူဆလိုက်တာဟာလည်း ပြည့်စုံပြီလို့ မဆိုနိုင်ပါဘူး။ ရှေးခေတ်သတ်ပုံကျမ်းတွေမှာ ဒီလိုပြဋ္ဌာန်းထားလို့ အဲဒါတွေကမှအမှန်လို့ ယူဆလို့လည်း မဖြစ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ရှေးခေတ်သတ်ပုံကျမ်းတွေထဲမှာလည်း အမှားတွေ ရောယှက်ပါဝင်နေတတ်လို့ပါ။

သတ်ပုံတခုက ဘာ့ကြောင့် အမှန်ဖြစ်ပြီး ကျန်တဲ့သတ်ပုံတွေက ဘာ့ကြောင့် မှားကြောင်းကို အကျိုးအကြောင်းနဲ့တကွ၊ ရင်းမြစ်အနက်နဲ့တကွ သိရှိနားလည်မှသာ တကယ်ပြည့်ပြည့်ဝဝ နားလည်တယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။