ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဖဂန်ဘဏ်လုပ်ငန်း ပြိုကျလုနီးပြီလို့ ဘဏ်အကြီးအကဲပြော
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘဏ်စနစ် ပြိုကျလုနီးပြီလို့ အာဖဂန် အကြီးဆုံး ဘဏ်တစ်ခုရဲ့ အကြီးအကဲတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဘဏ်ကို အသုံးပြုတဲ့ ဖောက်သည်တွေက စိုးရိမ်နေကြတဲ့ အလားတူ တဖက်မှာလည်း နိုင်ငံရဲ့ ငွေကြေး စီးပွားရေး လုပ်ငန်းဟာ ချောက်ထဲကျလုနီးပါး ဖြစ်နေပြီလို့ အာဖဂန်နစ္စတန်နိုင်ငံ အစ္စလာမ်မစ်ဘဏ်ရဲ့ အမှု ဆောင်အရာရှိ ဆီယက်မိုဆာ ကာလင်း အယ်လ်ဖာလာဟီက ပြောပါတယ်။
"လက်ရှိအချိန်မှာ လူတွေက ဘဏ်တွေကနေ ငွေတွေအကြီးအကျယ်ထုတ်နေကြတယ်။ အဲ့လို ငွေထုတ်တာပဲလုပ် နေကြတဲ့ အတွက် ဘဏ်အများစုက အလုပ်မဖြစ်ကြတော့သလို ဝန်ဆောင်မှုတွေလည်း အပြည့်အဝမလုပ်ပေးနိုင်တော့ဘူး"လို့ ကာဘူးလ်မြို့မှာဖြစ်နေတဲ့ ပရမ်းပတာ အခြေအနေကြောင့် ဒူဘိုင်းမှာ ပြောင်းနေနေရတဲ့ အယ်လ်ဖာလာဟီက ထပ်ဖြည့်ပြောပါတယ်။
တကယ်ဆို အာဖဂန်နစ္စတန်နိုင်ငံရဲ့ စီးပွားရေးဟာ တာလီဘန်တွေသိမ်းပိုက်တဲ့ သြဂုတ် လမတိုင်ခင်ကတည်းက အင်အားချည့်နဲ့ပြီး မတည်မငြိမ် ဖြစ်နေတာပါ။
ပြီးတော့ နေရာအများစုကလည်း နိုင်ငံခြားအကူအညီကိုသာ မှီခိုနေရပြီး ဂျီဒီပီ ၄၀ ရာခိုင်နှုန်းကလည်း နိုင်ငံတကာ အကူအညီတွေက လာတာလို့ ကမ္ဘာ့ဘဏ်ရဲ့ အပြောအရ သိရ ပါတယ်။
ဒါပေမယ့် တာလီဘန်တွေ နိုင်ငံကို သိမ်းပိုက်ပြီးကတည်းက အာဖဂန်နစ္စတန်က ပိုင်ဆိုင်မှုတွေ အပါအဝင် ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင် အခြားနိုင်ငံတကာ အကူအညီတွေကိုပါ အနောက်အုပ်စုက ရပ်တန့်ပိတ်ဆို့ထားပါတယ်။
ဒီလိုအခြေအနေ ဖြစ်သွားတဲ့အတွက် တာလီဘန်တွေကို အခြားနေရာက ငွေရပေါက်လမ်းရှာဖို့ တွန်းပို့ ပေးလိုက်သလို ဖြစ်သွားတယ်လို့ မစ္စတာ အယ်လ်ဖာလာဟီက ပြောပါတယ်။
"တရုတ်နဲ့ ရုရှားနိုင်ငံအပါအဝင် အခြားနိုင်ငံတွေဆီက ငွေရဖို့ သူတို့ ကြိုးစားနေကြတယ်။ ကျွန်တော့် အမြင်ကတော့ အနှေးနဲ့အမြန် ဆွေးနွေးမှုတွေအောင်မြင်သွားမှာပါ " လို့ သူက ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ တည်ဆောက်ရေးမှာ ကူညီပြီး တာလီဘန်တွေနဲ့ အလုပ်တွဲလုပ်ချင်တယ်လို့ တရုတ် ဘက်ကလည်း ပြောထားတာ ရှိပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ တည်ဆောက်ရေးမှာ တရုတ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာ အများအပြား ရှိနေပြီး တရုတ်ဟာ အာဖဂန်နစ္စတန်အတွက် အရေးပါတဲ့တိုင်းပြည်တစ်ခု ဖြစ်လာမှာ သေချာတယ်လို့ တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းစ်သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်ကလည်း ရေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ အစားအသောက်တွေ အပါအဝင် အမေရိကန်ဒေါ်လာ ၃၁ သန်း တန်ဖိုးနဲ့ ညီမျှတဲ့ အကူအညီတွေ အာဖဂန်နစ္စတန်ကိုပေးမယ်လို့ တရုတ်ကလည်း ကတိပြုထားပါတယ်။
ဒါပေမယ့် တာလီဘန်တွေအနေနဲ့ အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးပြဿနာတွကို ပြေလည်အောင် ဖြေရှင်းဖို့ ဖိအား အခက်အခဲတွေတော့ ရှိနေပါသေးတယ်။
အာဖဂန်က ငွေကြေးဖောင်းပွမှုကြောင့် အဲ့ဒီက လူတွေအများစု အလုပ်အကိုင်တွေပျောက်ကုန်ပြီး လက်ထဲမှာလည်း ငွေမရှိ ဖြစ်ကုန်ပါတယ်။
နေ့စဉ်စားဖို့ အစားအစာ အလုံအလောက် ရှိနေတဲ့ အာဖဂန် မိသားစု အရေအတွက်ဟာ ၅ ရာခိုင်နှုန်းပဲ ရှိတော့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း ပြောနေပါတယ်။
သူတို့ထဲက လူတစ်ဝက်ဟာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ စားစရာ ပြတ်သွားတဲ့ အတွေ့အကြုံ အနည်းဆုံးတစ်ကြိမ်တော့ ကြုံခဲ့ရတယ်လို့ လေ့လာဆန်းစစ်မှုအရ သိရပါတယ်။
ဒါကြောင့် နိုင်ငံကာက ငွေကြေးအထောက်အပံ့တွေနဲ့ နိုင်ငံခြားအကူအညီက အာဖဂန်နစ္စတန် ဆက်လက်ရှင်သန်နိုင်ရေးအတွက် အသက်သွေးကြော ဖြစ်နေပါတယ်။
တာလီဘန်တွေနဲ့ အလုပ်အတူလုပ်ဖို့ကိစ္စဟာ အမျိုးသမီးတွေနဲ့ လူနည်းစုတွေအပေါ်ဆက်ဆံတဲ့ တာလီဘန်တွေရဲ့ အခြေအနေပေါ် မူတည်တယ်လို့ အမေရိကန်လို တိုင်းပြည်တွေက ပြောနေပါတယ်။
အမျိုးသမီးတွေကို အလုပ်လုပ်ခွင့်မပြုဘူးလို့ တာလီဘန်တွေက ပြောနေပေမယ့် ဘဏ်မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ လုပ်ငန်းခွင် ပြန်ဝင်နေကြပြီလို့ မစ္စတာ အယ်ဖာလာဟီက ပြောပါတယ်။
"အမျိုးသမီးတွေကြောက်ပြီး အလုပ်လုပ်ဖို့ ရုံးကိုမလာကြပေမယ့် အခုတော့ တဖြည်းဖြည်းနဲ့ ရုံးပြန် တက်နေကြပါပြီ "လို့ သူက ဆိုပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်ခန်းရဲ့ လက်တလော ထုတ်ပြန်ပြောကြားချက် အပေါ်မှာလည်း မစ္စတာအယ်ဖာလာဟီက သူ့သဘောထားတွေကို ပြောခဲ့ပါတယ်။
သူတို့အရင် အာဏာရတဲ့အချိန်တုန်းကနဲ့ အခုအာဏာရတဲ့အချိန် ကွာခြားမှု သူတို့ ပိုပြီး ခေတ်မီ လာတယ်ဆိုတာနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်ဆိုတာလည်း တာလီဘန်တွေက ကမ္ဘာကို ပြ ချင်နေကြတယ်လို့ မစ္စတာခန်းက ဘီဘီစီနဲ့ အင်တာဗျူးမှာ အခုလို ပြောပါတယ်။
"လက်ရှိအချိန်မှာ သူတို့က လိုက်လျောညီထွေ ပိုဖြစ်လာသလို ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပိုလုပ်လာကြပါတယ်။ အနာဂတ်အတွက်လည်း တင်းကျပ်တဲ့ ဘယ်လို ဥပဒေစည်းမျဉ်းမှ သူတို့ ထုတ် ထားတာမရှိပါဘူး။"
ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးအခွင့်အရေးကာကွယ်ရေးအဖွဲ့တွေနဲ့ လူအခွင့်အရေးအဖွဲ့တွေက တာလီဘန်တွေပြောတာတွေနဲ့ အမျိုးသမီးနဲ့မိန်းကလေးအများစု အလုပ်လုပ်ခွင့်မရတာနဲ့ ကျောင်းတက်ခွင့်မရတဲ့ တကယ့်မြေပြင် အခြေအနေက အများကြီး ကွာခြားမှုရှိတယ်လို့ ထောက်ပြနေကြပါတယ်။