ကုလသမဂ္ဂအထွေထွေညီလာခံမှာ တာလီဘန်က မိန့်ခွန်းပြောခွင့် တောင်း

ရေးသားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ တာလီဘန်က မိန့်ခွန်းပြောခွင့် တောင်း

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို စကားပြောကြားခွင့်ပေးဖို့ တာလီဘန်တွေက ပန်ကြားလိုက်ပါတယ်။

ကုလသမဂ္ဂကော်မီတီတခုက ဒီပန်ကြားချက်အပေါ်အဆုံးအဖြတ်ပေးရမှာ ဖြစ်ပြီး ဒီကုလသမဂ္ဂ ညီလာခံမှာတော့ အဲဒီလို တာလီဘန်တွေ မိန့်ခွန်းပြောဖို့ အခြေအနေဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့ တွက်ဆနေကြပါတယ်။

ဒိုဟာမှာအခြေစိုက်တဲ့ တာလီဘန်ပြောခွင့်ရ ပုဂ္ဂိုလ် ဆူဟေး ရှာဟင်းကို အာဖဂန်နစ္စတန် ဆိုင်ရာ ကုလသမဂ္ဂသံအမတ်အဖြစ် ထားဖို့ကိုလည်း တာလီဘန်တွေက အမည်စာရင်း တင်သွင်း ထားပါတယ်။

အာဖဂန်နစ္စတန်ကို ပြီးခဲ့တဲ့လအတွင်းက သိမ်းထားခဲ့တဲ့ ဒီအဖွဲ့က ပြုတ်ကျသွားပြီဖြစ်တဲ့ အရင်အစိုးရရဲ့ ကုလသမဂ္ဂကိုယ်စားလှယ်က နိုင်ငံကို ကိုယ်စားပြုနိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

သူတို့ရဲ့ ပန်ကြားချက်ကို အရည်အချင်းစစ်ကော်မီတီ (Credentials committee) က ဆန်းစစ်စဥ်းစားမှာဖြစ်ပြီး အဲဒီကော်မီတီမှာ နိုင်ငံ ၉ နိုင်ငံပါဝင်ကာ အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံ ၃ နိုင်ငံလည်း ပါဝင်တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူတယောက်က ပြောပါတယ်။

ဒါပေမဲ့ ကော်မီတီအနေနဲ့ အခု ကုလသမဂ္ဂညီလာခံ အဆုံးသတ်ချိန် လာမယ့် တနင်္လာနေ့ အထိ အစည်းအဝေးထိုင်နိုင်ဦးမှာ မဟုတ်သေးတဲ့အတွက် ကုလသမဂ္ဂ စည်းမျဉ်းတွေအရ အခုလက်ရှိ အာဖဂန်ဆိုင်ရာ ကုလသံအမတ် ဂုလန် အီဇက်ဇာအီပဲ ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဦးမှာပါ။

သူဟာ ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးနောက်ဆုံးနေ့မှာ မိန့်ခွန်းပြောဘွယ် ရှိနေပါတယ်။

အခုအချိန်ထိ ဘယ်အစိုးရကမှ တာလီဘန်တွေကို အာဖဂန်ရဲ့ အစိုးရအသစ်အဖြစ် အသိအမှတ် မပြုထားသေးပါဘူး၊ ကုလသမဂ္ဂအနေနဲ့ အဆိုပြုလာတဲ့ သံအမတ်ကို လက်ခံဖို့အတွက် နိုင်ငံတကာက လက်ခံဖို့လိုအပ်ပါတယ်။

တာလီဘန်တွေကလည်း အရင်သမ္မတဟောင်း အာရှက်ဖ် ဂါနီကို နိုင်ငံအများအပြားက သမ္မတအဖြစ် အသိအမှတ်မပြုတော့ပါဘူးလို့ ဆိုပါတယ်။

မစ္စတာ ဂါနီဟာ တာလီဘန်တွေ ကာဘူးလ်ကို သိမ်းဖို့ဝင်လာတဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ အာဖဂန်ကနေ ထွက်ခွာပြေးခဲ့ပါတယ်၊ အဲဒီနောက် အာရပ်စော်ဘွားများနိုင်ငံမှာ ခိုလှုံနေ ပါတယ်။

အာဖဂန်ကို တာလီဘန်တွေ ၁၉၉၆ နဲ့ ၂၀၀၁ ခုနှစ်တွေကြားမှာ ထိန်းချုပ်ထားနိုင်တုန်းက ဖြုတ်ချခံလိုက်ရတဲ့ အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ဟာ သူ့တာဝန်မှာ ဆက်လက် ထမ်းဆောင်နိုင်ခွင့်ရှိခဲ့ပါတယ်၊ အဲဒီလို လုပ်နိုင်တာက အရည်အချင်းစစ်ကော်မီတီက ဒီတာဝန်အပေါ် တခြားဘက်က အပြိုင်တင်သွင်းလျှောက်လာတဲ့အပေါ် ရွှေ့ဆိုင်းထားလိုက်လို့ပါ။

အင်္ဂါနေ့က လုပ်ခဲ့တဲ့ ကုလသမဂ္ဂညီလာခံ အစည်းအဝေးမှာ ကာတာနိုင်ငံက ကမ္ဘာ့ ခေါင်းဆောင်တွေအနေနဲ့ တာလီဘန်တွေကို ဆက်ဆံ ဆက်သွယ်ပြောဆို ဆွေးနွေးမှုတွေကို ဆက်လက်လုပ်စေလိုတယ်လို့ တိုက်တွန်းပါတယ်။

"သပိတ်မှောက်ထားတာက ကွဲပြားမှုတွေ၊ တုံ့ပြန်လာမှာတွေကိုသာ ပြန်ရမှာဖြစ်ပြီး ဆွေးနွေး ညှိနှိုင်းမှုတွေကသာ အကျိုးဖြစ်ထွန်းလာမှာဖြစ်တယ်"လို့ ကာတာနိုင်ငံ အကြီးအကဲ ရှိတ်ခ် တာမင် ဘင် ဟာမက် အယ် သာနီက ပြောပါတယ်။

ကာတာဟာ အာဖဂန်အရေး ကြားခံဆောင်ရွက်ပေးတဲ့နိုင်ငံပါ။ တာလီဘန်နဲ့ အမေရိကန်ကြား ၂၀၂၀ခုနှစ်မှာလုပ်ခဲ့တဲ့ သဘောတူညီချက် အရ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ် တပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်ဆုတ်ခွာတာဖြစ်လာခဲ့ပြီး၊ အဲဒီသဘောတူညီချက် ရဖို့ ဆွေးနွေးပွဲတွေကို ကာတာက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပေးခဲ့တာပါ။