NUG နဲ့ စစ်ကောင်စီကြား သံတမန်အားပြိုင်မှု ဆက်လက်ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Reuters, Getty
ကုလသမဂ္ဂအပါအ၀င် ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ တရား၀င် အသိအမှတ်ပြုခွင့်ရဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီကြား သံတမန်တိုက်ပွဲဟာ ပိုမို ပြင်းထန်လာနေပါတယ်။
လက်ရှိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တက်ရောက်ခွင့်ရတဲ့ NUG အစိုးရဘက်က သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ R2P လို့သိကြတဲ့ ခုခံကာကွယ်ပေးဖို့ တာ၀န်ရှိမှုဆိုင်ရာ ၀န်ကြီးအဆင့် အစည်းအ၀ေးကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ တက်ရောက်မိန့်ခွန်းပြောတာကို စစ်ကောင်စီဘက်က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။
အဲဒီအစည်းအဝေးမှာ ဦးကျော်မိုးထွန်းက မြန်မာစစ်တပ်ကို ပြစ်ဒဏ်ခတ်နိုင်အောင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကူညီဆောင်ရွက်ပေးဖို့ ထပ်မံတိုက်တွန်းသွားခဲ့ပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးယန္တရားအပါအဝင် တခြားအပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ တာဝန်ခံမှုဆိုင်ရာ ယန္တရားတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တာ၀န်ခံမှု အပြည့်ရှိဖို့နဲ့ တရားမျှတမှု ရရှိဖို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုချက်တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုသလို နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစေတဲ့ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်တဲ့လုပ်ရပ်လို့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်ခွင့်ပြုတဲ့ နိုင်ငံတွေကိုလည်း စစ်ကောင်စီက ကန့်ကွက်ရှုတ်ချလိုက်ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာအောင် လှုံဆော်နေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာဆက်ဆံရေးအကြောင်း လေ့လာသူ ကိုသီဟက အခုလို သုံးသပ်ပါတယ်။
"R2P နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ ၀န်ကြီးအဆင့် အစည်းအ၀ေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်မိန့်ခွန်းပြောခဲ့တာဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ တရား၀င်အသိအမှတ်ပြုခွင့်ရဖို့အတွက် နောက်ထပ်ထိုးနှက်ချက်တခုဖြစ်သလို စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်လည်း ထပ်ပြီး အရှက်ရစရာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက မခံမရပ်နိုင်ဖြစ်ပြီး ကန့်ကွက်တာဖြစ်တယ်။"
တဖက်မှာလည်း စစ်ကောင်စီဘက်က သူတို့အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ပတ်သက်လို့ အာဆီယံ- အမေရိကန် နိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေး ၀န်ကြီး ဦး၀ဏ္ဏမောင်လွင် အွန်လိုင်းကနေ တက်ရောက်ခဲ့ပြီး NUG နဲ့ CRPH တို့ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့ တိုက်တွန်းပြောကြားခဲ့တာကို လူမှုကွန်ရက်မှာ အကျယ်တ၀င့် ဖော်ပြပါတယ်။
အဲဒီအစည်းအ၀ေးမှာ တက်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်သနီ ဘလင်ကင်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်အောင် စစ်တပ်ကို ဖိအားပေးဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
NUG အစိုးရဘက်ကလည်း နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီး ဦးအောင်မျိုးမင်းနဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ဟာ အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန အတိုင်ပင်ခံ အဲရစ်ချောလက်နဲ့ မြန်မာ့ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
အခုလို အမေရိကန်ဘက် တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ကိုသီဟက "အမေရိကန်အစိုးရနဲ့ အာဆီယံအစည်းအ၀ေးမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်တက်ရောက်တာကတော့ အဓိကအားဖြင့် အာဆီယံနဲ့ပဲ သက်ဆိုင်ပါတယ်။ စစ်ကောင်စီကို အမေရိကန်က အသိအမှတ်ပြုခြင်း မပြုခြင်းနဲ့ မသက်ဆိုင်ပါဘူး။ အမေရိကန်က သူ့ရဲ့ နိုင်ငံခြားရေးမူ၀ါဒကို အင်ဒိုပစိဖိတ်ဒေသကို အလေးပေးလာတာနဲ့အတူ အာဆီယံနဲ့ ဆက်ဆံရေးကို အထူးတည်ဆောက်နေတာ တွေ့ရပါတယ်။ ဒါကြောင့်မလို့ အာဆီယံနဲ့ ဆက်ဆံရေးကို ဘယ်လိုအကြောင်းနဲ့မှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ NUG အစိုးရနဲ့ တွေ့ဆုံမှုကတော့ နှစ်ဦးနှစ်ဖက်တွေ့ဆုံတာ ဖြစ်တဲ့အတွက် အမေရိကန်အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို မျက်ခြေမပြတ်ထောက်ခံနေတယ်လို့ ပြောလို့ရတယ်"လို့ သုံးသပ်ပါတယ်။
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုသူအဖြစ် NUG က သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ စစ်ကောင်စီက စစ်အရာရှိဟောင်း ဦးအောင်သူရိန်တို့ အပြိုင်တင်သွင်းထားပေမယ့်လို့ အရည်အချင်းစစ် ကော်မတီကတော့ ဘယ်သူ့ကို အသိအမှတ်ပြု လက်ခံမလဲဆိုတာ ဆုံးဖြတ်ချက် မချရသေးပါဘူး။
လက်ရှိမှာတော့ ၇၅ ကြိမ်မြောက် ကုလအထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ ဖွင့်ပွဲတွေကို NUG အစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခွင့် ရခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံအသီးသီးအလိုက် မိန့်ခွန်းပြောကြားမယ့်စာရင်းမှာ မြန်မာနိုင်ငံကို စင်တင်ဘာလ ၂၇ ရက်နေ့မှာ ထည့်သွင်းထားပေမယ့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ တက်ရောက်မိန့်ခွန်းပြောမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
မြန်မာ့လူ့အခွင်အ့ရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်ကတော့ အထွေထွေညီလာခံမှာ စစ်ကောင်စီကို နေရာမပေးတာဟာ ကုလသမဂ္ဂရဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။








