ကုလကိုယ်စားလှယ် အာဆီယံ လမ်းကြောင်း လိုက်တော့မလား

ကုလကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘူဂနာ

ဓာတ်ပုံ ရင်းမြစ်, UN Geneva Twitter

ဓာတ်ပုံ ပုံစာ, ကုလကိုယ်စားလှယ် မစ္စ ခရစ်စတင်း ဘူဂနာ
ရေးသားခဲ့သည်။

NUG အမျိုးသား ညီညွတ်ရေး အစိုးရက အရေးပေါ် ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း NUG အပေါ် ဂရုဏာရှိကြတဲ့ အနောက်နိုင်ငံတွေက သူတို့ရဲ့ မူဝါဒတွေကို ပြန်သုံးသပ်ဖို့ ရှိတယ်လို့ ကြားရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘူဂါနာက တိုင်းရင်းသား အဖွဲ့တွေကို ပြောပါတယ်။

ခရစ္စတင်း ဘူဂါနာနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ပါဝင်တဲ့ PPST ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့က ကိုယ်စားလှယ်တွေ စက်တင်ဘာလ ၉ ရက်နေ့က ဆွေးနွေးခဲ့ကြစဉ် ပြောခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ PPST ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ပအိုဝ်း တိုင်းရင်းသားလွတ်မြောက်ရေး အဖွဲ့ချုပ်က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

NUG နဲ့ ပတ်သက်ပြီး ဥရောပနဲ့ အနောက် နိုင်ငံတွေမှာ သူ စည်းရုံးပြောဆိုခဲ့တာတွေ ရှိခဲ့တယ်၊ သူတို့က NUG ကို နိုင်ငံရေးအရ အသိအမှတ်ပြုမှု Political Recognition မပေးနိုင်ပေမဲ့ မူအားဖြင့် လက်ခံထားတာတွေ ရှိတယ်လို့ မစ္စစ် ဘူဂါနာက ပြောကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အဲဒီလို ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ တစ်ဖက်မှာတော့ NUG နဲ့ NUG ရဲ့ ကိုယ်စားလှယ်တွေကို အနောက်နိုင်ငံကြီးတချို့ အပါအဝင် နိုင်ငံတချို့က ထိတွေ့ဆက်ဆံမှုတွေ ရှိနေတယ်ဆိုပြီး NUG ဘက်က ပြောဆိုထားသလို အဲဒီလို ဆက်သွယ်ပြောဆိုမှုတွေရှိကြောင်းကို ယူကေနဲ့ အမေရိကန် အပါအဝင် နိုင်ငံတချို့ရဲ့ သံတမန်တွေ၊ အစိုးရ အဆင့်မြင့်အရာရှိတွေက တရားဝင် သတင်းထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။

လတ်တလော အခြေအနေမှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်လို့ နောက်ဆုံး အနေနဲ့ အာဆီယံ လမ်းကြောင်းပဲ ကျန်တဲ့အတွက် အာဆီယံ လမ်းကြောင်း ပေါ်မှာ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ ရုရားနဲ့ အာဆီယံ ပူးပေါင်း အဖြေရှာဖို့မှာ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတီးန် ဘူဂါနာလည်း ပါဝင်ဖြေရှင်းဖို့ ဆိုတဲ့ လမ်းကြောင်းပေါ်လာတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

မကြာခင် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဘယ်သူ့ကို လက်ခံမလဲ ဆိုတာ Credentials Committee က ဆုံးဖြတ်တဲ့အခါ ဘယ်လို ဖြစ်လာနိုင်ခြေရှိတယ် ဆိုတာကိုလည်း ခရစ္စတင်း ဘူဂါနာနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ထည့်သွင်းဆွေးနွေးခဲ့ကြပါသေးတယ်။

တိုင်းရင်းသားတွေဘက်က လေ့လာချက် အရရောရော ကုလ သံတမန်ရဲ့ ခန့်မှန်းချက်အရပါ ဆိုရင်တော့ စစ်ကောင်စီအတွက်ရော၊ NUG အတွက်ပါ နှစ်ဖက်စလုံး အတွက် ဘာမှ ထူးလာနိုင်တဲ့ အလားအလာ မရှိဘူးလို့ သုံးသပ်ကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂမှာ မြန်မာ နိုင်ငံအတွက် ကိုယ်စားပြုခွင့်ရှိသူကို ဆုံးဖြတ်မယ့် Credentials Committee က ဒီနှစ် မဆုံးဖြတ်ဘဲ ထားနိုင်ပြီး တနှစ်ပြီး တနှစ် ရွှေ့သွားနိုင်တယ်လို့ ခရစ္စတင်း ဘူဂါနာက ပြောတယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြန်ပြောပါတယ်။

NCA လက်မှတ်ထိုးခဲ့ကြတုန်းက အသိသက်သေအဖြစ် ပါဝင်ခဲ့ကြတဲ့ ကုလသမဂ္ဂ အပါအဝင် လက်မှတ်ရေးထိုးခဲ့ကြသူတွေကို လက်ရှိ မြန်မာ့ အကျပ်အတည်းကာလမှာ ဝိုင်းဝန်းပါဝင် ပံ့ပိုးပေးကြဖို့ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က PPST အဖွဲ့က မေတ္တာ ရပ်ခံခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ ကုလသမဂ္ဂ ကိုယ်စား လက်ရှိ အထူးသံတမန်က အသိအမှတ်ပြု တုံ့ပြန်တဲ့ အနေနဲ့ အခုလို တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ PPST ဘက်ကပြောပါတယ်။

NUG ကြေညာချက်နဲ့ စစ်ကောင်စီ တုံ့ပြန်မှု

စစ်ကောင်စီဘက်ကတော့ စက်တင်ဘာလ ၇ ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီကို ပြည်သူတွေရဲ့ ခုခံစစ်၊ ပြည်သူ့တော်လှန်ရေး စတင်ပြီလို့ဆိုထားတဲ့ NUG ရဲ့ ကြေညာချက်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းဘဲ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ အကြမ်းဖက်နည်းလမ်းကို ရွေးချယ်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

NUG အစိုးရဘက်ကတော့ ပြည်သူ့အာဏာပြန်မရမချင်း အရေးပေါ် အခြေအနေ ကြေညာထားပြီး စစ်ကောင်စီနဲ့ဆိုင်တဲ့ နေရာတွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ထိန်းချုပ်ကာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူတွေအနေနဲ့လည်း သူတို့နဲ့ ပူးပေါင်းတိုက်ပွဲ၀င်ဖို့ တိုက်တွန်းထားတာပါ။

ဒါဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမယ့်ရက်နဲ့ အချိန်ကိုက် လုပ်ဆောင်တာ ဖြစ်ပြီး စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဖြတ်တောက်နိုင်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်တပ်ဘက်က တုံ့ပြန်ပါတယ်။

သြဂုတ်လ ၃၀ ရက် မနက်ခင်းတစ်ပိုင်းတည်းမှာတင် ရန်ကုန်မြို့အနှံ့ နေရာ ၄ ခုထက်မနည်းမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၃၀ ရက် မနက်ခင်းတစ်ပိုင်းတည်းမှာတင် ရန်ကုန်မြို့အနှံ့ နေရာ ၄ ခုထက်မနည်းမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့

ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ အာဆီယံလမ်းကြောင်းကိုသာ ဖွင့်ထားပြီး NUG နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

"NUG၊ CRPH စတဲ့ အဖွဲ့တွေနဲ့ကတော့ ညှိစရာအကြောင်း မရှိပါဘူး။ အဲဒီဘက်ကလည်း တွေ့ဆုံဆွေးနွေးပွဲ မလုပ်ဘူးလို့ ပြောထားပြီးသားဖြစ်တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ အာဆီယံလမ်းကြောင်းကတော့ ရှိပါလိမ့်ဦးတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့အတွက် အဲဒီလမ်းကြောင်းကတော့ ကျွန်တော်တို့ ရှိနေပါသေးတယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့အနေနဲ့ကတော့ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ အဖွဲ့တွေနဲ့ကတော့ တရား၀င်ဆက်ဆံတာတို့၊ အသိအမှတ်ပြုမှာတော့ မဟုတ်ပါဘူး။ သို့သော်လည်းပဲ လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိသေးတယ်ဆိုတာကို ဖော်ညွှန်းတာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ အဲဒီဘက်ကနေ လုပ်မလာဘူးဆိုရင် တုံ့ပြန်စရာအကြောင်းမရှိဘူးလို့ပဲ ပြောချင်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

NUG အစိုးရရဲ့ အရေးပေါ်ကြေညာချက်ဟာ အာဏာသိမ်းစစ်တပ်ကို နိုင်ငံတ၀န်း ခုခံတွန်းလှန်မယ့်နေ့ D Day အဖြစ် သတ်မှတ်ကြေညာတာ ဖြစ်တယ်လို့ လူထုကြား ယူဆပြောဆိုမှုတွေ ရှိနေပေမယ့်လည်း NUG အစိုးရဘက်ကတော့ ဒါဟာ အဲဒီအခြေအနေအထိမသက်ရောက်ဘဲ ရရာနည်းလမ်းကို အသုံးပြုပြီး ဒီမိုကရေစီပြန်လည်ရရှိအောင် ကြိုးစားသွားဖို့ ရည်ရွယ်တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်ဖက်လုံးက တဖက်နဲ့တဖက် အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာထားပါတယ်။

အာဆီယံ လမ်းကြောင်းရော ဘယ်အဆင့်ရောက်ပြီလဲ

အကြမ်းဖက်မှုတွေ အားလုံးရပ်ဆိုင်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဖို့ ဧပြီလနှောင်းပိုင်းမှာ ထွက်ပေါ်လာတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်မှာ တိုက်တွန်းထားပေမယ့် အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်နိုင်တာကလွဲလို့ တိုးတက်ပြောင်းလဲမှု ကြီးကြီးမားမား မရှိသေးပါဘူး။

မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး ၄ လတာ အပစ်ရပ်စဲဖို့ အာဆီယံအထူးကိုယ်စားလှယ်ဘက်က တိုက်တွန်းထားသလို မြန်မာနိုင်ငံတွင်းမှာ သွေးချောင်းစီးမှုတွေ၊ လူအများအပြား ထိခိုက်သေကြေဒဏ်ရာရမှုတွေ ရှောင်ကြဥ်နိုင်အောင် တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့လမ်းကို သွားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေပါတယ်။

နိုင်ငံတကာ သဘောထားနဲ့ လက်တွေ့ဖြစ်နိုင်ခြေ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်သစ် ပိထ်ဗောင်းဇ်ကတော့ အာဏာသိမ်းမှုကို ရှုတ်ချကြောင်းပြောပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကိုပဲ လိုက်ကြဖို့ NUG ရဲ့ အရေးပေါ်ကြေညာချက်ကြေညာအပြီးမှာ ပြောထားပါတယ်။

အမေရိကန်အနေနဲ့လည်း မြန်မာ့ အကျပ်အတည်းကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ အပေါ် လက်မခံကြောင်းနဲ့ ပြိမ်းချမ်းစွာဖြေရှင်းဖို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ဖြေကြားတယ်လို့ RFA ရဲ့သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ နှစ်ဖက်ကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတွေ ပိတ်နေပြီး အပြုတ်တိုက်ရေးကိုဦးတည်နေကြလို့ စစ်ရေးပဋိပက္ခတွေ ပိုမိုကြုံတွေ့လာနိုင်တယ်လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, အာဆီယံရဲ့ ၄ လ အပစ်ရပ်တောင်းဆိုမှုအပေါ် တိုင်းရင်းသားတွေရဲ့ အမြင်

ပြည်တွင်းတုံ့ပြန်မှုနဲ့ အခြေအနေ

စက်တင်ဘာလ ၉ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာလည်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

NUG အစိုးရရဲ့ အရေးပေါ် ကြေညာချက် ထုတ်ပြန်အပြီး ရန်ကုန်အပါအ၀င် မြို့ကြီးတချို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး လုံခြုံရေး ပိုမိုတင်းကြပ်ထားသလို နိုင်ငံတ၀န်းမှာလည်း စစ်ကောင်စီနဲ့ ဆက်စပ်ပတ်သက်နေတယ်လို့ ပြောဆိုကြတဲ့ သတင်းပေးတွေ လုပ်ကြံသတ်ဖြတ်ခံရတာတွေ၊ ပေါက်ကွဲမှု သတင်းတွေ ပိုပြီးတွေ့လာရပါတယ်။

စစ်ကောင်စီဘက်နဲ့ စောင့်ကြည့်လေ့လာသူတွေ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းခဲ့ပြီးချိန်ကနေ သြဂုတ်လကုန်ပိုင်း အထိ စစ်ကောင်စီဘက်ကရော အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေဘက်ကပါ စုစုပေါင်း သေဆုံးသူ နှစ်ထောင်ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။