စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်နောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုဘဝတွေ

ရန်ကုန်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ရဲကလိုက်လံရှာဖွေနေစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးဖို့ရဲကလိုက်လံရှာဖွေနေစဉ်
    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းပြီးနောက် အဆင့်ဆင့်တိုးတက်ဖြစ်ပွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေရယ်၊ ကူးစက်မှုနှုန်းမြင့်မားလှတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရယ်ကြောင့် မြို့ပြနေထိုင်သူတွေရဲ့ ဘဝဟာ နေ့ချင်းညချင်းပြောင်းလဲသွားကြပါတယ်။

လမ်းပေါ်မှာအစစ်အဆေးအတောင်းအရမ်းထူထပ်

လမ်းပေါ်သွားတဲ့အခါ ခါတိုင်းလိုလွတ်လပ်မှုမရှိတော့ဘူး။ တနေရာရာက ပေါက်ကွဲသံတွေ၊ ပစ်ခတ်မှုတွေ ထွက်ပေါ်လာမလားဆိုတာကို လူတိုင်းက စိုးရိမ်ထိတ်လန့်နေကြပါတယ်။ သတိမပြတ်ထားပြီး မျက်စိလျင်လျင်၊ နားလျင်လျင်ထားပြီး သွားလာတတ်ကြတာဟာ အလေ့အကျင့်တခုပမာ ဖြစ်လာကြပါပြီ။

"ကျွန်တော်ကပစ္စည်းပို့ရတဲ့ ဒလီဗရီသမားပါ။ တခါတလေမှာ လမ်းပေါ်မှာစစ်ဆေးတဲ့စစ်သားတွေက ပစ္စည်းတောင်းတတ်ပါတယ်။ တခါတုန်းက ဆီပုံးတပုံးကိုသွားပို့တာ အဲဒီဆီပုံးကို သူတို့ကိုပေးခဲ့ရမယ်ဆိုလို့ ကြောက်တာနဲ့ပေးခဲ့ရပါတယ်။ ပိုင်ရှင်က သဘောကောင်းလို့ တော်ပါသေးတယ်။ လျော်ရမယ်ဆိုရင် ကျွန်တော်လည်း မလွယ်ဘူးဗျ။"

ရန်ကုန်မြို့ပေါ်မှာ ကားနဲ့ပစ္စည်းလိုက်ပို့သူ ဒလီဗရီသမားတယောက်က ပြောပြတာပါ။ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ရောဂါတွေ ဖြစ်ပွားလာပြီးနောက်ပိုင်းမှာ အွန်လိုင်းကနေ အော်ဒါမှာလို့ ပစ္စည်းသွားပို့ရတဲ့ ဒလီဗရီလုပ်ငန်းက တော်တော်ခေတ်စားလာပါတယ်။ အရင်ကတည်းကရှိတဲ့အလုပ်လို့ ဆိုနိုင်ပေမဲ့ အခုမှခေတ်စားလာတာပါ။ ဒါပေမဲ့ ပစ္စည်းပို့သူဒလီဗရီသမားတွေလည်း လုပ်စားကြရပေမဲ့ ရင်တထိတ်ထိတ်နဲ့လို့ ဆိုပါတယ်။

"ကျွန်တော်တို့ ဒလီသမားတွေကိုပိုပြီး အညှဉ်းခံရတယ်ဗျ။ အိမ်စီးကားတွေ ဘာတွေကျ သူတို့ သိပ်မလုပ်ရဲကြဘူး။ နောက်တခါလည်း ဆီပုံးသွားပို့တာပဲ။ ဆီပုံးကိုတောင်းတယ်ဗျ။ ဘယ်လိုမှ ပေးလို့မဖြစ်ပါဘူးလို့ ကျွန်တော်ကတောင်းပန်တော့ အဲဒါဆိုပိုက်ဆံပေးခဲ့ဆိုလို့ ပါလာတဲ့ပိုက်ဆံ ၁၀၀၀ ပေးခဲ့ရပါတယ်။ တခါတလေကျ ဘာအကြောင်းပြချက်မှမရှိဘူး။ အစ်ကိုရေ ညီလေးတို့ကို ချစ်ကြေးလေးလုပ်ခဲ့ဦးလေဆိုရင် ပေးရတော့တာပဲ။ ကျွန်တော်တို့ဗျာ။ သူတို့ကိုမချစ်ဘဲနဲ့ ဒီလောက်မုန်းတဲ့ကြားက ချစ်ကြေးဆက်နေကြရတာဗျ။"

အရင်ကတော့ တက္ကဆီကားတွေကို ပိုပြီးအစစ်များပါတယ်။ နောက်ပိုင်းမှာတော့ အိမ်စီးကားတွေကိုလည်း စစ်ပါတယ်။ အခုတော့ ဘတ်စ်ကားတွေပေါ်မှာပါ တက်ပြီးရှာဖွေတာတွေ စစ်ဆေးတာတွေလုပ်ပါတယ်။ ပြောက်ကျားသပိတ်ချီတက်သွားတဲ့နေရာဆိုရင် အစစ်အဆေးကပိုပြီး တင်းတင်းကျပ်ကျပ် လုပ်တတ်ပါတယ်။ ဘတ်စကားဆရာတွေက အဲသလိုနေရာမျိုးတွေကို ရှောင်မောင်းလာလို့ ခရီးသွားသာမန်ပြည်သူတွေအတွက် သွားလိုရာမရောက်ဘဲ ခရီးလမ်းကြောင်း ချော်တောငေါ့သွားတတ်တာမျိုးကလည်း မကြာခဏပါလို့ ဘတ်စ်ကားစီးသူ ခရီးသွားတယောက်ကဆိုပါတယ်။

အိမ်တိုင်ရာရောက်စျေးရောင်းစနစ်

ကိုဗစ်ကြောင့် လူအများအပြား စျေးမသွားနိုင်ကြတဲ့အချိန်မှာ စျေးကားတွေနဲ့ အိမ်တိုင်ရာရောက် စျေးရောင်းတဲ့စနစ် ထွန်းကားလာပါတယ်။

"ဟင်းသီးဟင်းရွက်နဲ့ အသားငါးကအစ အကုန်လုံးရပါတယ်။ သူတို့က ဟိုင်းဂျက်ကားလေးတွေငှားပြီး ရပ်ကွက်ထဲအထိ စျေးလိုက်ရောင်းကြတာ။ ကားခတို့၊ ဆီဖိုးတို့တော့ စျေးတင်ရောင်းကြမှာပေါ့။ ဒါပေမဲ့ ကိုဗစ်ကို ကြောက်နေရပြီး စျေးကိုမသွားရဲကြတဲ့သူတွေကတော့ စျေးပိုပေးပြီး ကိုယ့်အိမ်ရှေ့လာတဲ့ကားကနေပဲ စျေးဝယ်ကြတာပေါ့။ တော်တော်လေးအဆင်ပြေပါတယ်။ တိုက်ခန်း ၄ ထပ် ၅ ထပ်မှာနေတဲ့သူတွေတောင် တိုက်ခန်းထဲက အပြင်ထွက်စရာမလိုဘဲ ဝရံတာကနေ ကြိုးမှာခြင်းလေးတပ်ပေးပြီး စျေးဝယ်လို့ရတယ်ဗျ။"

အလုပ်သမားနဲ့ မြို့နေဆင်းရဲသားတွေကတော့ စျေးနည်းနည်းပဲ သက်သာသက်သာဆိုပြီး စျေးကို ကိုယ်တိုင်သွားရောက်စျေးဝယ်ကြပါတယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်ပြီဆိုရင် အဆိုးဆုံးခံစားကြရတာက အလုပ်သမားနဲ့ မြို့နေဆင်းရဲသားတွေဖြစ်ကြပါတယ်။ သူတို့ပြီးရင်လယ်သမားတွေ ခံစားကြရပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာတော့ အလုပ်သမားတွေ၊ မြို့နေဆင်းရဲသားတွေနဲ့အတူ သူတို့ထက်မလျော့တဲ့ ဆင်းရဲဒုက္ခမျိုးကို ရင်ဆိုင်ကြုံတွေ့ရသူတွေက အစိုးရကို သပိတ်မှောက်ဆန့်ကျင်ကြတဲ့ CDM ခေါ် အကြမ်းမဖက် အာဏာဖီဆန်ကြသူတွေ ဖြစ်ကြပါတယ်။

CDM သမားတွေရဲ့အခက်အခဲများ

လစာဝင်ငွေ လုံးလုံးဆုံးရှုံးကြရတာက CDM သမားတွေ ရင်ဆိုင်ရတဲ့ အဓိကအခက်အခဲပါ။ CDM သမားတွေဟာ စစ်တပ်အာဏာသိမ်းမှုကို မနှစ်မြို့ကြတဲ့အတွက် အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။ ဒါဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အစိုးရယန္တရားတခုလုံး အကြောဆိုင်းသွားစေနိုင်လောက်အောင် အခက်အအခဲကြီးမားလှပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ CDM သမားတွေကို အလုပ်မဆင်းရင် လစာမပေးဘူးဆိုပြီး ရပ်ဆိုင်းခဲ့ပါတယ်။

CDM သမားတွေထဲမှာတောင်မှ မီးရထားဝန်ထမ်းတွေဟာ တခြားဝန်ထမ်းတွေထက် ပိုမိုကြီးမားတဲ့ အခက်အခဲကို ရင်ဆိုင်ကြရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့နေထိုင်ရာအိုးအိမ်ကနေပါ မောင်းထုတ်ခံခဲ့ကြရတဲ့အတွက် ဖြစ်ပါတယ်။

"ကျွန်တော်တို့မှာနေစရာအိမ်မရှိကြတော့ဘူးဗျ။ အလျဉ်းသင့်သလိုစီမံပြီး ဖြစ်သလိုနေကြရတာ။ ဒီကာလကြီးမှာ နေစရာအိမ်မရှိဘူးဆိုတော့ ဘယ်လောက်ခက်ခဲမလဲဆိုတာ စဥ်းစားကြည့်ကြပေါ့ဗျာ။"

မန္တလေးမြို့က မီးရထား CDM ဝန်ထမ်းတဦးဖြစ်တဲ့ ကိုခန့်လူအောင် ပြောပြတာပါ။

"တချို့ဝန်ထမ်းတွေကို ပုဂ္ဂလိက ကျောင်းဆောင်တွေက သူတို့အဆောင်မှာ အခမဲ့လာရောက်နေထိုင်ခွင့်ပြုထားခဲ့တယ်။ စောစောပိုင်းတုန်းကတော့ အဲသလိုနေဖို့ အဆင်ပြေတယ်။ ဒါပေမဲ့ ကျောင်းတွေပြန်ဖွင့်ကာနီးကျ စစ်ကောင်စီက အဆောင်တွေကို ဖိအားပေးလာတယ်။ ကျွန်တော်တို့ CDM သမားတွေကို လက်ခံလို့ ဖိအားပေးတာတော့ မဟုတ်ဘူး။ ကျောင်းသားတွေ ပြန်ရောက်လာတော့မှာမို့ စည်းကမ်းတွေတင်းကျပ်ပြီး ဖိအားပေးတာ။ ဒါပေမဲ့ အဲသလို တင်းကျပ်လိုက်တော့ CDM သမားတွေကိုပါ လက်ခံထားလို့မရတော့ဘူး။ အဲဒီတော့ဗျာ။ ၅ လပိုင်း ၆ လပိုင်းကတည်းက နေရာရွှေ့ပေးခဲ့ကြရတာဗျ။"

နေစရာအိမ်မရှိဘူးဆိုကတည်းက ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ပါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေစရာအိမ်မရှိဘူးဆိုကတည်းက ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ပါ

စစ်ကောင်စီက နေအိမ်တွေ ပြန်သိမ်းပြီး နှင်ထုတ်လိုက်ချိန်မှာ CDM သမားတွေဟာ တချို့က အဆောင်တွေမှာ သွားနေကြရပါတယ်။ တချို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံရပါတယ်။ တချို့က ဆွေမျိုးနီးစပ်တွေရဲ့အိမ်မှာ မှီခိုကြရပါတယ်။ အခုနောက်ပိုင်း ကိုဗစ်ကပ်ရောဂါဆိုးလာတော့ သူတို့အတွက် နေရေးထိုင်ရေးဟာ ပိုခက်ခဲလာပါတယ်။

"ကိုဗစ်ဖြစ်မှ မဟုတ်ပါဘူးဗျာ။ အိမ်မရှိဘူးဆိုကတည်းက ခက်ခဲတာပါပဲ။ စောစောပိုင်း ၃ လပိုင်း၊ ၄ လပိုင်းတွေတုန်းကတော့ နီးစပ်ရာက ထောက်ပံ့တာတွေရပါတယ်။ နောက်ပိုင်းကျတော့ ဘဏ်တွေကနေ ငွေထုတ်ရတာခက်လာတယ်ဗျ။ ငွေသားထောက်ပံ့မယ်ဆိုရင်လည်း မြို့ထဲမှာ ငွေထုပ်ကိုင်ပြီး သွားရလာရတာကိုက တော်တော်အန္တရာယ်များလာတယ်။ ငွေထုပ်မြင်ရင် အစစ်ဆေးခံရတော့တာပဲ။ တခါတလေမှာ ငွေသိမ်းခံရမှာထက် လူပါဒုက္ခရောက်မှာကို ပိုကြောက်နေရတယ်။ ထောက်ပံ့ကူညီတဲ့သူတွေ ကိုယ်တိုင်ကလည်း စီးပွားရေးတွေ မကောင်းတော့ နောက်ပိုင်းမှာ သိပ်မထောက်ပံ့နိုင်ကြတော့ဘူး။"

မြို့ပေါ်မှာ ဟိုနေရာဗုံးခွဲသွားတဲ့အသံ၊ ဒီနေရာပစ်ခတ်သွားတဲ့အသံတွေက မှန်မှန်ကြားနေကြရပါတယ်။ ကိုဗစ်ဖြစ်လို့ သူများတွေ လူချင်းခွာနေထိုင်နေကြတဲ့အချိန်မှာ သူတို့က နှစ်အိမ်ထောင်၊ သုံးအိမ်ထောင် စုပြုံပြွတ်သိပ်နေထိုင်ကြရပါတယ်။ ကာလဆိုးကြီးထဲမှာ CDM သမားတွေရဲ့ဘဝဟာခက်ခဲကြပါတယ်။

"ကျွန်တော့်မိတ်ဆွေ ဝန်ထမ်းတယောက်က တလောက ကြံရည်ကြိတ်ရောင်းပါတယ်။ အခုမိုးကျလာတော့ ကြံရည်ကလည်း ရောင်းမကောင်းတော့ပြန်ဘူး။ နောက်တယောက်က ရှမ်းခေါက်ဆွဲတို့၊ မြီးရှည်တို့သုပ်စားတဲ့ မုန့်ဖတ်လုပ်ရောင်းတယ်။ ဒီလိုပဲကိုယ်လုပ်တတ်တာလေးတွေနဲ့ ကြံဖန်လုပ်ကြရတာပဲ။ နောက်တယောက်က ဆိုင်ကယ် ကယ်ရီဆွဲစားတယ်။ နောက်တယောက်က စာကလေးအိမ်လေးတွေ ဟိုဗျာ သိတယ်မဟုတ်လား၊ အိမ်ရှေ့တွေမှာ ငှက်ကလေးတွေကို အစာကျွေးဖို့တို့ အလှချိတ်ဆွဲဖို့တို့လုပ်တဲ့ ငှက်အိမ်ကလေးတွေလေ၊ အဲဒါမျိုးလုပ်ရောင်းတယ်။ နောက်တယောက်က စတစ်ကာရိုက်တဲ့အလုပ်မှာ နေ့စားဝင်လုပ်တယ်ဗျာ။ ဒီလိုကြံဖန်အသက်မွေးရတာပဲဗျ။"

မကြာခင်တုန်းကတော့ မန္တလေးမှာ မနက် ၉ နာရီကနေ ညနေ ၃ နာရီအတွင်း နေ့ခင်းအပြင်မထွက်ရ ကာဖျူးအမိန့်ပါ ထုတ်ပြန်ခဲ့ပါတယ်။ ညကာဖျူး၊ နေ့ကာဖျူး နှစ်ခုညှပ်ထုတ်လိုက်တဲ့အခါ အလုပ်အကိုင်လုပ်ဖို့ဝေးစွ၊ ထမင်းဟင်းချက်စားဖို့ စျေးဝယ်ထွက်ရတာတောင် ခက်ခဲလာပါတယ်။ ကာဖျူးချိန်အတွင်း အပြင်ထွက်သူတွေကို ဖမ်းဆီးမှုကလည်း တော်တော်များပါတယ်။

"ကျွန်တော်တို့ CDM သမားတွေကသူများတွေထက် လုပ်ကိုင်စားသောက်ရတာ ပိုခက်တယ်ဗျ။ သွားချင်တဲ့နေရာသွားလို့ မရဘူး။ ကျွန်တော်တို့ ကျွမ်းကျင်တာက ကျွန်တော်တို့နေထိုင်ခဲ့တဲ့ နေရာဟောင်းနားပဲ ကျွမ်းကျင်တာပေါ့။ အဲဒီနားမှာဆိုရင် အလုပ်အကိုင် ပိုရှာတတ်တာပေါ့။ ဒါပေမဲ့ အဲဒီနေရာတွေကို မသွားရဲဘူးဗျ။ ဖမ်းမှာဆီးမှာ ကြောက်နေကြရတယ်။ နယ်ကျော်လက်မှတ်ရှိရင်တောင် ကျွန်တော်တို့မသွားရဲဘူး။ သွားရင်လည်း ဖမ်းတာပဲဗျ။"

ကိုဗစ်ကာလမှာ စျေးဝယ်လက်မှတ်၊ နယ်ကျော်လက်မှတ်ဆိုတာတွေကို မန္တလေးမှာ ထုတ်ပေးခဲ့ပါတယ်။ အဲဒီလက်မှတ်တွေကို ရုံးမှာသွားလုပ်ရင် ရတယ်ဆိုပေမဲ့ နီးစပ်သူမှသာရနိုင်တယ်၊ သို့မဟုတ် လက်ဖက်ရည်ဖိုးပေးမှသာ ရနိုင်တယ်လို့ ကိုခန့်လူအောင်က ဆိုပါတယ်။

မီးရထားဝန်ထမ်းတွေရဲ့ ဘဝကအိုးအိမ်ပါပျောက်ကြရလို့ ပိုခက်ခဲကြပါတယ်။ ဒါပေမဲ့ ကျောင်းဆရာ၊ ဆရာမတွေလို လစာနည်း ဘေးပေါက်ဝင်ငွေရလမ်းသိပ်မရှိတဲ့ ဝန်ထမ်းတွေမှာလည်း အခက်အခဲကြီးကြီးမားမားရှိကြပါတယ်။

အလုပ်သမားလူတန်းစားရဲ့ စီးပွားရေးအကျပ်အတည်း

"သမီးတို့လစာတွေက အရင်လောက် မရတော့ဘူး။ ပြောမယ်ဆိုရင် ကိုယ့်ရဲ့ဝင်ငွေနဲ့ စရိတ်တွေနဲ့ ကုန်စျေးနှုန်းနဲ့ အဆောင်လခနဲ့ ကိုယ့်တယောက်စာလောက်အောင်တောင် မနည်းကြီးချွေတာသုံးနေရတယ်။ ကိုယ့်မိဘတွေကို ပြန်မပေးနိုင်တော့ဘူး။"

သူကတော့ လှိုင်သာယာမြစိမ်းရောင်စက်မှုဇုန်မှာ အလုပ်လုပ်နေတဲ့ မအေးချမ်းမြေ့ဖြစ်ပါတယ်။ တပတ်ကို နာရီပေါင်း ၅၈ နာရီအလုပ်ဆင်းရပါတယ်။ တင်္နလာကနေ သောကြာနေ့အထိ ၅ ရက်မှာ တနေ့ ၁၀ နာရီအလုပ်လုပ်ရပြီး စနေနေ့မှာ တနေ့ ၈ နာရီအလုပ်လုပ်ရပါတယ်။ အလုပ်ချိန်လျော့မသွားပေမဲ့ လစာလျော့သွားတယ်လို့ မအေးချမ်းမြေ့က ဆိုပါတယ်။

"အဲဒါကျတော့ လိုင်းပေါ်ဝင်တဲ့စတိုင်အပေါ်မူတည်ပြီး သမီးတို့ကို လစာပေးတာလေ။ ခက်တဲ့စတိုင်ဝင်တဲ့အခါကျ လစာကောင်းကောင်းရတယ်။ လွယ်တဲ့စတိုင်ဝင်တဲ့အခါ လစာကို အလုပ်ရှင်က လျှော့ပေးတယ်။ ဥပမာ အင်္ကျီလက်ကို ချုပ်တာနဲ့ ကော်လာချုပ်တာနဲ့ ဘောင်းဘီချုပ်တာနဲ့ စျေးမတူဘူး။ ဘောင်းဘီဆိုရင် ချုပ်ရတာ လွယ်တယ်။ အဲဒါဆို လစာကောင်းကောင်းမထွက်တော့ဘူး။ အင်္ကျီတွေဆိုရင် ချုပ်ရတာခက်တယ်။ အဲဒါဆိုရင် လစာက ကောင်းကောင်းထွက်တယ်။ အဲ့သလိုမျိုး။ အခုဟာကအထည်က သိပ်မဝင်တော့ သူများစက်ရုံက မနိုင်တဲ့အော်ဒါကို ယူချုပ်ပေးရတာမျိုးဆိုတော့ လစာကနည်းသွားရော။"

လစာအရနည်းသွားပေမဲ့ မအေးချမ်းမြေ့တို့က လစာကို လစဥ်ပုံမှန်ရပါသေးတယ်။ တခြားအလုပ်သမားတယောက် ဖြစ်တဲ့ မသက်ထားဆွေကတော့ အလုပ်သမားတွေရဲ့အခက်အခဲကို အခုလိုပြောပြပါတယ်။

"ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းကတည်းက အလုပ်သမားတွေက အခက်အခဲ စတွေ့လာတယ်။ အာဏာသိမ်းပြီးတဲ့နောက်ကျ ညီမတို့စက်ရုံတွေမှာဆိုရင် လစာကို လစဥ်ပုံမှန် မရတော့ဘူး။ တစ်လစာ နောက်ကျပြီးမှ ရတယ်။ တချို့စက်ရုံတွေမှာဆိုရင် နှစ်လစာ၊ သုံးလစာ ပေါင်းထုတ်ရတာတွေ ရှိတယ်။ အဲဒါအပြင် အရင်ခံစားရတဲ့ အကျိုးခံစားခွင့်တွေ မပေးတော့ဘူး။ ၁ ရက်ပျက်တာနဲ့လည်း အလုပ်ထုတ်ခံရတယ်။"

မသက်ထားဆွေဟာ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ABFTU ရဲ့ ပြန်ကြားရေးတာဝန်ယူထားသူ တယောက်လည်း ဖြစ်ပါတယ်။ လောလောဆယ် ရှောင်တိမ်းနေရသူတယောက်လည်း ဖြစ်ပါတယ်။

မအေးချမ်းမြေ့ကတော့ "နောက်လကစပြီး သမီးတို့စက်ရုံမှာဆိုရင် အိုတီမရှိတော့ဘူးလို့ ပြောတယ်။ အခုအိုတီရှိတာတောင် လစာက အများဆုံး ၂ သိန်းခွဲလောက်ပဲ ထွက်တော့တယ်။ လူအများစုက ၁ သိန်း ၉ သောင်းလောက် ၂ သိန်းလောက်ပဲ ရကြတယ်။ အရင်တုန်းက ရနေကျ လစာထက် ၇ သောင်း ၈ သောင်းလောက် နည်းသွားတယ်" လို့ ဆိုပါတယ်။

အသက်ဘေးထက် အငတ်ဘေးကိုကြောက်တော့ လုပ်နေကြရတာပဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသက်ဘေးထက် အငတ်ဘေးကိုကြောက်တော့ လုပ်နေကြရတာပဲ

အလုပ်သမားတော်တော်များများဟာ အိုတီလို့ခေါ်တဲ့ အချိန်ပိုလုပ်ခကြေးကို အပြည့်မရတော့ဘဲ တဝက်ပဲရတော့တယ်လို့လည်း မသက်ထားဆွေက ဆိုပါတယ်။ အခုအိုတီ ၃ နာရီလုပ်မှ အရင်က ၁ နာရီခွဲစာပဲ ရပါတော့တယ်။ ဒါဟာ ဥပဒေကိုချိုးဖောက်တာဖြစ်ပေမဲ့သူတို့မှာ တိုင်စရာနေရာလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

"စစ်ကောင်စီကို သွားတိုင်လို့လည်း မရဘူး။ စစ်ကောင်စီနဲ့ အလုပ်ရှင်တွေနဲ့က ညှိထားကြတာ။ အလုပ်ရှင်တွေက မကျေနပ်ရင် နင်တို့ အရင်က အားကိုးတဲ့ အလုပ်သမားအရေးဆောင်ရွက်သူတွေဆီသွားတိုင်ချည်လေလို့ ပြောတယ်။ အလုပ်သမားအရေးလုပ်တဲ့သူတွေ တော်တော်များများက စစ်ကောင်စီက လိုက်ဖမ်းနေလို့ ရှောင်နေရတာကို သူတို့လည်း သိတယ်လေ။"

မအေးချမ်းမြေ့က နယ်ကလာအလုပ်လုပ်ပြီး အဆောင်ငှားနေထိုင်သူဖြစ်ပါတယ်။ အဆောင်နဲ့စက်ရုံကလည်း မနီးတဲ့အတွက် ဖယ်ရီကားနဲ့ အလုပ်ဆင်းရပါတယ်။

"ဖယ်ရီကားပေါ်မှာ လူကျပ်လို့ ကိုဗစ်ကြောက်ရတာကတမျိုး၊ ဖောက်ခွဲသံတွေ၊ ပစ်ခတ်သံတွေကြောင့် ကြောက်ရတာကလည်း တမျိုးပါပဲ။ သမီးတို့က ဘယ်လိုပြောမလဲ။ စိတ်မအေးရဘူး။ သွားရလာရတာ စိတ်ချလက်ချ မရှိဘူး။"

မသက်ထားဆွေကလည်း သွားရေးလာရေးအခက်အခဲကို ပြောပြပါတယ်။

"ညီမတို့က ထမင်းအငတ်မခံနိုင်တော့ လုပ်နေရတာပဲ။ အသက်ဘေးထက် အငတ်ဘေးကိုပိုကြောက်နေရတော့ လုပ်ရတာပေါ့။ အိုတီချိန်က တခါတလေ ကာဖျူးချိန်ကို ကျော်သွားရင် စက်ရုံက တာဝန်မယူဘူး။ ကိုယ့်ဘာသာကိုယ် အိမ်ပြန်ရတယ်။ စစ်သားတွေနဲ့တွေ့ရင် အရစ်ခံရတယ်။ စစ်ဆေးမေးမြန်းတယ်။ ရဲစခန်းခေါ်သွားရင် လိုက်ရတယ်။ စစ်ဆေးမေးမြန်းတာတွေကို ညီမတို့က တော်တော်ကြောက်နေရတယ်။"

ဖယ်ရီကားစီးတဲ့သူတွေက လူအများနဲ့ဆိုတော့ ဖြေရှင်းရတာ သိပ်မခက်ခဲလှပေမဲ့ ဖယ်ရီကားမစီးဘဲ ဆိုင်ကယ်၊ စက်ဘီးနဲ့ပြန်ကြသူတွေဆိုရင် တော်တော်အန္တရာယ်ကြီးတယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းတာတွေကို သူတို့ ဘာ့ကြောင့်ကြောက်ရသလဲဆိုတာကိုလည်း မသက်ထားဆွေက အခုလိုဆက်ပြောပြပါတယ်။

"ဖယ်ရီကားတွေကို ခဏခဏတားပြီးစစ်တာတော့ မရှိဘူး။ ဒါပေမဲ့ လစာထုတ်တဲ့ရက်ဆိုရင် တော်တော်ဆိုးတယ်။ ညီမတို့က ဒဂုံဆိပ်ကမ်းမြို့နယ်ကဆိုတော့ သံလျင်ဘက်ကလာလုပ်တဲ့သူတွေ တော်တော်များများရှိတယ်။ သံလျင်ဘက်ကလာလုပ်တော့ သံလျင်ဘက်အပြန် ကုလားဝဲတံတားပေါ့နော်။ အဲဒီတံတားခြေရင်းကစောင့်ပြီး စစ်သားတွေက တယောက်ကို ၃ သောင်းစီတောင်းပါတယ်။ လစာထုတ်တဲ့ရက်ဆိုရင် အဲသလိုတောင်းပါတယ်။ သေနတ်တွေနဲ့ဆိုတော့ အလုပ်သမားတွေကလည်း မပေးဘဲ မနေရဲဘူး။ ညီမတို့စက်ရုံကလည်း အတောင်းခံရတယ်။ ညီမတို့ဘေးနားက ဖိနပ်စက်ရုံကအလုပ်သမားတွေလည်း အဲသလိုအတောင်းခံရတယ်။ သံလျင်ဘက်ကို ပြန်တဲ့ အလုပ်သမားတော်တော်များများ အတောင်းခံရတယ်။"

ရန်ကုန်မြို့က လမ်းသွားလမ်းလာတွေကို စစ်ဆေးရင်း ငွေတောင်းခံရတယ်ဆိုတဲ့ သတင်းတွေကို စစ်ကောင်စီ ပြန်ကြားရေးကတော့ ငြင်းဆိုလေ့ရှိပြီး အခု တောင်းခံရတယ်ဆိုသူကလည်း သူတောင်းခံရတယ်ဆိုတဲ့ နေရာကို ထုတ်ဖော်ပြောထားပါတယ်။

မအေးချမ်းမြေ့ကတော့ အဆောင်နေသူဖြစ်တဲ့အတွက် ကိုယ်တိုင်ချက်ပြုတ်စားသောက်ပါတယ်။ မအားလပ်တဲ့အခါ ဆိုင်ကဝယ်စားပါတယ်။

"ကုန်စျေးနှုန်းတွေကလည်း တက်တယ်။ အထူးသဖြင့်ကတော့ ဆီစျေးတက်တယ်ရှင့်။ ဆန်စျေးကတော့ နည်းနည်းတက်တယ်။ တခြားအသားငါးစျေး၊ ဟင်းသီးဟင်းရွက်စျေးတွေလည်း နည်းနည်းစီတက်တယ်။ ဆိုင်ကနေ ဝယ်စားတဲ့အခါကျ ဟင်းစျေးကတော့ တက်မသွားဘူး။ ငါးကြော်ဆိုရင် အကွင်းသေးသွားတယ်။ ဟင်းသီးဟင်းရွက်ဆိုရင် အရနည်းသွားတယ်။ အဲ့လိုမျိုး။"

ကိုဗစ်ကပ်ရောဂါတွေအတွက် မအေးချမ်းမြေ့တို့စက်ရုံမှာ ကာကွယ်ဆေးလာထိုးပေးနေပါပြီ။ ဒါပေမဲ့ အလုပ်သမားတွေက စစ်ကောင်စီထိုးပေးတဲ့ဆေးကို ကြောက်လို့ဆိုပြီး မထိုးကြလို့ ကျန်းမာရေးဝန်ကြီးဌာနက လာရောက်ဟောပြောပါတယ်။ ဒါတောင် လူ ၁၀၀၀ ရှိတဲ့စက်ရုံမှာ မအေးချမ်းမြေ့အပါအဝင် လူ ၂၀၀ ပဲဆေးထိုးကြပါတယ်။

ကာကွယ်ဆေးထိုးပေးတဲ့ မအေးချမ်းမြေ့တို့စက်ရုံက တော်တော်ကောင်းတဲ့စက်ရုံအမျိုးအစားထဲမှာ ပါပါတယ်။ စက်ရုံတော်တော်များများမှာတော့ ကိုဗစ်အတွက် ဘာမှလုပ်မပေးဘူးလို့ မသက်ထားဆွေက ဆိုပါတယ်။

"မတ်စ်တောင်မပေးပါဘူး။ ဆိုရှယ်ဒစ္စတန့်လည်း မရှိဘူးရှင့်။ လက်ဆေးဘေစင်တခုပဲ ထားပေးပါတယ်။ အဆောင်တွေမှာဆိုရင်လည်း ၁၂ ပေပတ်လည်အခန်းထဲမှာ မိန်းကလေး ၃ ယောက် ၄ ယောက်နေကြရတာ။ တအိမ်ထဲမှာ အများကြီးနေရတော့ လုံခြုံမှုမရှိပါဘူး။ အလုပ်သမားတွေက ဆေးရုံဆိုလည်း မသွားရဲကြဘူး။ ဆေးရုံတက်ခွင့်ရဖို့ကလည်း မလွယ်ပါဘူး။ စက်ရုံမှာမူးလဲသွားလို့ စက်ရုံကပို့ပေးရင်သာ အဲသလိုမျိုးဆိုရင်သာ ဆေးရုံတက်ခွင့်ရကြတာ။"

ဒါ့အပြင် အခုအခါ အလုပ်သမားသမဂ္ဂဝင်ထားတဲ့ အလုပ်သမားတွေရဲ့စာရင်းကိုလည်း စစ်ကောင်စီက စာရင်းတောင်းခံနေတဲ့အတွက် အလုပ်သမားတွေဟာ ပိုပြီးစိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

"စစ်ကောင်စီက အလုပ်သမားသမဂ္ဂဝင်တွေကို ရန်သူလိုသဘောထားလာတာဆိုတော့ စက်ရုံတွေကလည်း အလုပ်သမားသမဂ္ဂတွေကို ဂရုမစိုက်တော့ဘူးရှင့်။ ညီမတို့မှာ အကာအကွယ်ပေးမဲ့သူမရှိတော့ဘူး။"

အလုပ်သမားတွေရဲ့ အဓိကအခက်အခဲက ဘာပါလဲလို့မေးရာမှာတော့ မအေးချမ်းမြေ့က အခုလိုဖြေပါတယ်။

"အဓိကအခက်အခဲကတော့ လစာနည်းတာခက်ခဲတာပေါ့။ သမီးတို့လစာက ၇ သောင်း ၈ သောင်းလောက်နည်းသွားတာဆိုတော့ ခက်တာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ဝင်ငွေနည်းတော့ အိမ်ကိုလည်း ပြန်မပေးနိုင်ဘူး။ အဆောင်လခနဲ့ စားသောက်စရိတ်လောက်ပဲရတော့ ဒုက္ခရောက်တာပေါ့။"