ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ- မိုးခေါ်ပွဲမှာ ကလေးအရွယ် မိန်းကလေးတွေ အဝတ်ဗလာနဲ့ လှည့်လည်
အိန္ဒိယအလယ်ပိုင်း အလယ်ပိုင်း ရွာတစ်ရွာက မိုးခေါ်လှည့်လည်ပွဲမှာ ကလေးအရွယ် မိန်းကလေးငယ် ၆ ယောက်ဟာ အဝတ်ဗလာနဲ့ ပါဝင်လှည့်လည်ခဲ့ကြပါတယ်။
မက်ဒရာ ပရာဒက်ရှ် ပြည်နယ် ဘန်ဒယ်ဟန်ဒေသက မိုးခေါင်နေတဲ့ ရွာတစ်ရွာ မှာ အခုအဖြစ်အပျက် ဖြစ်ခဲ့တာပါ။
ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ဗီဒီယိုထဲမှာတော့ အဲ့ဒီမိန်းကလေးငယ်တွေအားလုံး ဘာအဝတ်အစားမှ မဝတ်ထားဘဲ သူတို့ ပုခုံးပေါ်မှာတော့ သစ်သားတုတ်တစ်ချောင်းကို ထမ်းထားပြီး အဲ့ဒီတုတ် မှာ ဖားတစ်ကောင်ကို ချည်ထားပါတယ်။
အဲဒီလို ပူဇော်ပူသလိုက်ရင် မိုးနတ်သားက ကျေနပ်ပြီး သူတို့ဆီကို မိုးခေါ်လာမယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အဲ့ဒီရွာရှိတဲ့ ဒါမိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့ဆီကနေ အိန္ဒိယ နိုင်ငံတော်အဆင့် ကလေးသူငယ် အခွင့်အရေး စောင့်ရှောက်ရေး ကော်မရှင်က ရှင်းလင်းချက် တောင်းထားပါတယ်။
ဒီပွဲလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်သူ့ဆီကမှ တရားဝင်ကန့်ကွက်မှု မရှိပေမဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ စီစဥ်ထားပြီလို့ မက်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဗီဒီယိုထဲမှာပါတဲ့ မိန်းကလေးငယ်တွေထဲက တချို့ဟာ အသက် ၅ နှစ် လောက် အရွယ်တွေ ဖြစ်ကြပြီး လူအုပ်ကြီးနဲ့အတူ စီတန်းလှည့်လည်ခဲ့ကြပါတယ်။ သူတို့နောက်မှာ ဂါထာတွေ ရွတ်ဖတ်သီဆိုနေတဲ့ အမျိုးသမီး တစ်စုကလည်း လိုက်ပါလာကြပါတယ်။
စီတန်းလမ်းလျှောက်လာတဲ့အခါမှာ ရွာထဲမှာရှိတဲ့ အိမ်ရှေ့တိုင်းမှာ ရပ်ကြပြီး ကလေးတွေက အစာရေစာတွေ အလှူခံကြပါတယ်။ အဲဒါတွေကို ဒေသတွင်းက ဘုရားကျောင်း တစ်ကျောင်းကို ပြန်လှူကြတာ ဖြစ်ပါတယ်။
ဒီမိန်းကလေးတွေရဲ့ မိဘတွေကိုယ်တိုင်က ကလေးတွေ မိုးခေါ်ပွဲမှာပါတာကို ကျေကျေနပ်နပ်ရှိပြီး သူတို့ ကိုယ်တိုင်တောင် ဝင်ပါနေတယ်လို့ ဒါမိုခရိုင်က အုပ်ချုပ်ရေးမှူး ဆာကရစ်ရှနာ ချိတာယာ ပြောပါတယ်။
"ဒီလိုကိစ္စမျိုးတွေမှာ အုပ်ချုပ်ရေးပိုင်းအနေနဲ့ ရွာသားတွေကို ဒီလိုလုပ်တာဟာ အယူသီးအစွဲလမ်းတစ်ခုလို့ ရှင်းပြပြီး ဒီလိုလုပ်ရုံနဲ့ သူတို့လိုချင်တဲ့ ရလဒ်ကို ရမှာမဟုတ်ဘူးလို့ နားလည်အောင်ရှင်းပြတာပဲလုပ်နိုင်တယ်" လို့ သူက ပြောပါတယ်။
အိန္ဒိယက စိုက်ပျိုးရေးဟာ ဒေသအများစုမှာ မုတ်သုံရာသီမိုးကိုသာ အဓိကအားထားနေရတာကြောင့် မိုးနတ်မင်းတွေ တိုင်တည်တဲ့ ကိစ္စတွေကို ဒေသအလိုက် သူတို့ရိုးရာဓလေ့တွေ ပြုလုပ်လေ့ ရှိပါတယ်။
တချို့နေရာတွေဆို မိုးနတ်မင်းတွေ ကျေနပ်ပျော်ရွှင်အောင် မီးပူဇော်တာ၊ ဖားတွေ၊ မြည်းတွေကို လက်ထပ်ထိမ်း မြားပေးတာ၊ မိုးနတ်မင်းကို ပူဇော်တဲ့ ဂါထာတေးသွားတွေ ရွတ်ဖတ်သီဆိုကြတာတွေ လုပ်လေ့ရှိပါတယ်။
ဒီကိစ္စတွေကို လက်မခံတဲ့သူတွေကတော့ ဒီရိုးရာဓလေ့ထုံးတမ်းတွေက သာမန်လူထုကို ဆင်းရဲဒုက္ခကို မေ့ပျောက်အောင်လုပ်တဲ့ ယုံကြည်မှုသက်သက်လို့ ပြောနေကြပေမယ့် ယဥ်ကျေးမှုရေးရာ ကျွမ်းကျင်သူတွေကတော့ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ ဘာလုပ်ရမှန်းမသိ ကြံရာမရဖြစ်နေတဲ့ အခြေအနေကို စိတ်သက်သာရာရစေတဲ့နည်းလမ်းတစ်မျိုးဖြစ်တယ်လို့ ပြောပါတယ်။