အမ်း - ညောင်ချောင်းတစ်ရွာလုံးနီးပါး ဖျားပြီးအနံ့ပျောက်နေတယ်လို့ပြော

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းက ကျေးရွာတစ်ရွာဖြစ်တဲ့ ညောင်ချောင်းကျေးရွာမှာ တစ်ရွာလုံးနီးပါး ဖျားပြီး အနံ့မရဖြစ်နေကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်သန်းဝင်းက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

ကျေးရွာအတွင်း အခုလို ဖျားပြီးနံ့မရဖြစ်လာတာဟာ သြဂုတ်လ ၂၈ ရက် ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ မိသားစုတစ်ခုလုံး ဖျားနေကြတဲ့အိမ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ညောင်ချောင်းကျေးရွာဟာ အမ်းမြို့နယ် အနောက်ဘက် အစွန်ဆုံးမှာရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အမ်း-မြေပုံ-ကျောက်ဖြူမြို့နယ်သုံးခုအကြားတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ကျေးရွာတစ်ရွာဖြစ်တယ်လို့ အမ်းမြို့ခံ ဦးမျိုးလွင်က ပြောပါတယ်။

အခုလို ကျေးရွာတစ်ခုလုံးနီးပါး နေထိုင်မကောင်းဖြစ်နေကြပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေမရရှိဘဲ ကျေးလက်ကျန်းမာရေးဌာနမှာလည်း ကျန်းမာရေးဝန်ထမ်း လုံလုံလောက်လောက်မရှိတာရယ် ဘာရောဂါဆိုတာကို စစ်ဆေးဖို့ နည်းပညာတွေမရှိတာကြောင့် အရပ်ဆေးသမား (ဒေသအခေါ်အပ်ပုန်း) ဆေးဆရာတွေနဲ့ပဲ ကုသနေကြရတယ်လို့ ဦးမောင်သန်းဝင်းက ပြောပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲ အသက်ရှူမဝဖြစ်တဲ့သူတွေလည်းရှိပြီး အနီးဆုံးဆေးရုံ၊ ဆေးခန်းတွေရှိတဲ့ ကျောက်ဖြူမြို့ကို သွားရောက်ပြသဖို့အတွက်လည်း ငွေကြေးမတတ်နိုင်တာတွေ၊ အောက်ဆီဂျင်ဈေးကြီးတာတွေကြောင့် ရွာမှာပဲ ကုနေရတယ်လို့ ရွာခံတွေက ပြောဆိုကြပါတယ်။

အခုဖြစ်နေတဲ့ရောဂါဟာ ရာသီတုပ်ကွေးလား၊ ကိုဗစ်လားဆိုတာကိုလည်း စစ်ဆေးပေမယ့်အဖွဲ့အစည်းတွေမရှိတဲ့အတွက် ရွာသားတွေအနေနဲ့လည်း ဘာဖြစ်မှန်းမသိကြသလို ရောဂါကူးစက်ခံရရင် သူတို့ဒေသမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးဝါးတွေကိုသောက်သုံးပြီးတော့ ကုသနေကြရတယ်လို့ သိရပါတယ်။

"အဲ့ဒီရောဂါဝင်လာရင် လူတွေကဘာမှမလုပ်နိုင်ဘူး။ အိပ်ရာမှာ ကွေးပြီးတော့ နေကြရတဲ့အဆင့် ရောက်နေတယ်"လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်သန်းဝင်းက ပြောပါတယ်။

အသက် ၂၀ ကျော်အရွယ် လူငယ်ပိုင်းရော လူလတ်ပိုင်းရော ဒီရောဂါဖြစ်နေကြပြီး အခုလို တစ်ရွာလုံးနီးပါး ဖျားနာပြီး အနံ့မရဖြစ်နေကြပေမယ့် ကျေးရွာအတွင်းမှာတော့ ကိုဗစ်စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ နေထိုင်ခြင်းမရှိကြဘဲ ပုံမှန်အတိုင်းပဲ သွားလာလှုပ်ရှားနေကြတယ်လို့လည်း ပြောကြပါတယ်။

ညောင်ချောင်းကျေးရွာမှာ အိမ်ခြေ သုံးရာကျော်ရှိပြီး အဲ့ဒီထဲ နှစ်ရာကျော်လောက်မှာ ဖျားနာနေသူတွေ၊ အနံ့ပျောက်နေသူတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေမှာတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကူးစက်ခံရသူတွေ စစ်ဆေးတွေ့ရှိမှု လျော့နည်းသွားပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ကျေးလက်ဒေသတွေမှာတော့ မြို့နယ်တိုင်းမှာ အရှိန်မြင့်မားနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ညောင်ချောင်းကျေးရွာအပြင် အမ်းမြို့ပေါ်မှာရော မြို့နယ်အတွင်းက ကျေးရွာအားလုံးလိုလိုမှာ အခုလိုအခြေအနေမျိုးတွေနဲ့ ကြုံနေကြရတာဖြစ်ပြီး မြို့နယ်ကျန်းမာရေးဌာနအနေနဲ့ ကျေးရွာတွေအထိဆင်းပြီးတော့ ကိုဗစ်ကူးစက်ခံရမှုရှိမရှိ စစ်ဆေးမှုပြုလုပ်တာတွေကို မတွေ့ရဘူးလို့ အမ်းမြို့ပေါ်က ပရဟိတလုပ်နေတဲ့ ဦးမျိုးလွင်က ပြောပါတယ်။

"မြို့ပေါ်မှာလည်းဖြစ်တယ်။ တချို့ကငါးရက်ခြောက်ရက်၊ တချို့ဆို ကိုးရက်လောက်ထိ အနံ့ပျောက်ပြီးနေကြတယ်။ နောက်ပြီးမှ အနံ့ရကြတယ်။ အားလုံးရွာမှာ တစ်ရွာလုံးနီးပါးဖြစ်နေကြတာပါပဲ"လို့ ဦးမျိုးလွင်က ပြောပါတယ်။

ရခိုင်ကျေးလက်ဒေသတွေမှာ အခုလိုရောဂါကူးစက်မှုဖြစ်ပွားနေတာနဲ့ပတ်သက်လို့ ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ကိုဗစ် တတိယလှိုင်းကူးစက်မှုမြင့်မားနေတဲ့ကာလ ဇူလိုင်လကုန်ပိုင်းနဲ့သြဂုတ်လဆန်းပိုင်းတွေမှာတော့ ရက္ခိုင့်တပ်တော် အေအေကနေ လူတွေ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အသိပေးကြေညာချက်တွေ ထုတ်ပြန်ထားတဲ့အချိန် နေအိမ်တွေမှာ နေထိုင်ကြသလို အကာအကွယ်ပစ္စည်းတွေကို အသုံးပြုခဲ့ကြပေမယ့် လက်ရှိမှာတော့ ပုံမှန်အတိုင်းပဲသွားလာ နေထိုင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တစ်ရွာလုံးနီးပါး ရောဂါကူးစက်ခံနေကြရပေမယ့် မပြင်းထန်တာကြောင့်စိုးရိမ်မှုတွေမရှိကြပေမယ့် ဆိုးဆိုးဝါးဝါးဖြစ်လာခဲ့လို့ရှိရင်တော့ နည်းလမ်းတစ်ခုခုတော့ ရှာဖွေကြရမှာဖြစ်တယ်လို့ သူကဆက်လက်ပြောဆိုပါတယ်။

ဒါ့အပြင် ကျေးလက်နေပြည်သူတွေဟာ ရောဂါကူးစက်မှုတွေနဲ့ကြုံနေကြရသလို ကာကွယ်ဆေးတွေကိုလည်း ထိုးခွင့်မရရှိကြသေးဘဲ ဖြစ်နေတာပါ။

ပြည်နယ်ကျန်းမာရေးဌာနရဲ့ စက်တင်ဘာ ၂ ရက်နေ့ထုတ်ပြန်ချက်အရတော့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ ၄၂ ဦး သေဆုံးသူ ၁ ဦးရှိခဲ့ပြီး တတိယလှိုင်းစတင်ခဲ့တဲ့ မေလ ၂၇ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ စစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၄၂၄၁ ဦး၊ သေဆုံးသူ ၄၀၀ ဦးရှိပါတယ်။

လက်ရှိဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရသူ ၃၆၅ ဦးသာရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ကျေးရွာတွေမှာတော့ ဆေးရုံဆေးခန်းတွေကို မလာရောက်နိုင်တဲ့သူတွေ အများအပြားရှိနေတာဖြစ်ပါတယ်။