ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ငါးသောင်းခန့် ကာကွယ်ဆေးထိုးခွင့်ရမယ်
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို ထိုးပေးလျက်ရှိပြီး အခုတစ်ကြိမ်ဆေးထိုးပေးရာမှာ ပြည်နယ် အတွင်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေနဲ့ မွတ်ဆလင် IDP ဦးရေ ငါးသောင်းခန့်ကို ထိုးပေးသွားမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။
IDP စခန်းတွေမှာနေထိုင်သူ ငါးသောင်းခန့်ကို ကာကွယ်ဆေးတွေထိုးပေးသွားမှာဖြစ်ပေမယ့် ရခိုင် IDP ဘက်ကဘယ်လောက် ၊မွတ်ဆလင် IDP ဘက်က ဘယ်လောက်ထိုးခွင့်ရရှိမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
လက်ရှိမှာ စစ်တွေနဲ့ ပေါက်တောမြို့နယ်တွေမှာရှိတဲ့ မွတ်ဆလင် IDP စခန်းတွေမှာ အခုလ ၂၈ ရက်နေ့ကစလို့ အသက် ၄၅ နှစ် အထက်ရှိသူတွေကို ထိုးပေးနေပြီဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကရော ဒုက္ခသည်တွေဘက်ကပါ ပြောဆိုကြပါတယ်။
စစ်တွေမြို့နယ်အတွင်းမှာတော့ သက္ကေပြင်စခန်းက ဒုက္ခသည်တွေကို ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာထိုးပေးခဲ့ပြီး လူဦးရေ ၅၁၀ ဦးထိုးခွင့်ရရှိခဲ့ကာ ဒီကနေ့ ၃၀ ရက်နေ့မှာတော့ သဲချောင်းစခန်းက ဒုက္ခသည်တွေကို ထိုးနှံ့ပေးလျက်ရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။
သဲချောင်းစခန်းမှာတော့ လူဦးရေ တစ်သောင်းခွဲခန့်နေထိုင်လျက်ရှိရာ အသက် ၄၅ နှစ်အထက်ရှိသူ ငါးထောင်ဦးခန့်ရှိတဲ့ အနက် အခုအကြိမ်မှာ လူဦးရေ တစ် ထောင်ခန့် ဆေးထိုးခွင့်ရရှိမယ်လို့ သိရပြီး ဒီကနေ့တစ်ရက်တည်းမှာတော့ လူဦးရေ သုံးရာခန့်ထိုးပြီးခဲ့ပြီဖြစ်တယ်လို့ ကိုယ်တိုင်ဆေးသွားထိုးပြီးပြန်လာသူ ဦးမောင်ကျော်ခိုင်က ပြောပါတယ်။
"ကျွန်တော်တို့ သဲချောင်းစခန်းမှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကနေ စထိုးပါတယ်။ အသက် ၄၅ နှစ်အထက်တွေကို ထိုးပေးတာပါ။ ညနေပိုင်းအထိ ၃၀၀ ထိုးပြီးပါပြီ၊ အကုန်လုံး တစ်ထောင်လောက် ထိုးပေးမယ်လို့သိရပါတယ်။"လို့ ဦးမောင်ကျော်ခိုင်က ပြောပါတယ်။
စစ်တွေမြို့နယ်အတွင်း IDP စခန်းပေါင်း ၁၁ ခုခန့်ရှိနေပြီး လက်ရှိမှာတော့ စခန်းနှစ်ခုမှာ ထိုးပေးနေပြီဖြစ်ကာ ကျန်တဲ့စခန်း တွေကို ဆက်ထိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဆေးလာထိုးသူတွေအနေနဲ့ ဒုက္ခသည်စစ်မှန်ကြောင်း ရိက္ခာထုတ်တဲ့ စာအုပ်တွေကို ပြသပြီးတော့ ထိုးကြရတာဖြစ်ပေမယ့် အခက်အခဲတွေ မရှိဘူးလို့ ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအကုန်ပိုင်းကစတင်ပြီးတော့ ရခိုင်ဒေသခံ ၉၄၈၂၆ ဦးကို ထိုးပေးခဲ့ပြီး အခုအကြိမ်အတွင်း အဲ့ဒီလူတွေကိုဒုတိယအကြိမ်ထိုးပေးလျက်ရှိကာ ဒုက္ခသည်တွေကိုလည်း ဆက်လက်ထိုးပေးနေတာဖြစ်တယ်လို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက စတင်ထိုးပေးခဲ့ပြီး ပထမအကြိမ်မှာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး အမျိုးအစားကိုထိုးပေးခဲ့ကာ စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း ကာကွယ်ဆေးတွေကို ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တွေမှာ ထိုးပေးခဲ့ကာ အခု စတုတ္ထအကြိမ်မှာတော့ ဆိုင်နိုဖန်း နဲ့ ဆိုင်နိုဗက် နှစ်မျိုးစလုံးကို ထိုးပေးနေတယ်လို့ သိရပါတယ်။
"ပထမတစ်ကြိမ်ထိုးထားပြီးသူတွေကိုတော့ ဆိုင်နိုဖန်း ထိုးပေးနေပါတယ်။ တိုက်ပွဲရှောင်နဲ့ IDP တွေအတွက်ကတော့ ဆိုင်နိုဗက် ထိုးပေးနေပါတယ်။ အသေးစိတ်စာရင်းကတော့ မနက်ဖြန်လောက်မှပဲ သိရမှာဖြစ်ပါတယ်"လို့ ဦးလှသိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့အကြိမ်ထိုးပေးတုန်းကလည်း အသက် ၆၅ နှစ်အထက် စစ်ဘေးရှောင်တချို့ကို ဆိုင်နိုဖန်း ဆေးတွေထိုးနှံ့ပေးခဲ့ ကြီဖြစ်ကာ ကျန်ရှိသူတွေကတော့ ဆိုင်နိုဗက် ဆေးတွေထိုးခွင့်ရရှိကြမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေကတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေမှာ လူဦးရေ တစ်သိန်းကျော်ရှိပြီး တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်တွေမှာတော့ လူဦးရေ ကိုးသောင်းခွဲနီးပါးထိုးနှံပြီးစီမှာဖြစ်သလို IDP ငါးသောင်းခန့်လည်း ဆေးထိုးခွင့်ရရှိကြမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၄၀၆၄ ဦး၊ သေဆုံးသူ ၃၉၁ ဦးထိရှိခဲ့ကာ လက်ရှိမှာဆေးကုသမှုခံယူနေရသူ ၂၈၂ ဦးရှိနေတယ်လို့ ဩဂုတ်လ ၂၉ ရက်နေ့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရခိုင်ပြည်နယ်ဟာ ကိုဗစ်ဖြစ်ပွားမှုနှုန်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရောဂါကူးစက်ခံရမှု သိသိသာသာကျဆင်းသွားဖြစ်တယ်လို့ ကျန်းမာရေးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။