တောင်တရုတ်ပင်လယ်ထဲ သဲဖို့ ကျွန်းဖော်ပြီး ပိုင်နက်ဦးနေကြလား

    • ရေးသားသူ, ဂျွန်နသန် ဟတ်
    • ရာထူးတာဝန်, အရှေ့တောင်အာရှဆိုင်ရာသတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, ဘန်ကောက်
    • ရေးသားသူ, သုန်းလီ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

အန်တလုပ် သန္တာကျောက်တန်းဟာ တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်းစွန်းစွန်းနားလေးက မျက်ရည်စက်ပုံစံ ကျွန်းငယ်လေးဖြစ်ပြီး မကြာသေးခင်တုန်းကအထိ ရေအောက်မှာပဲ ရှိနေသေးတဲ့ကျွန်းလေး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီကျွန်းငယ်ဟာ ဒီနှစ်မှာတော့ မကြုံစဖူး ပုံစံပြောင်းသွားပါတယ်။

ကျွန်းသားပေါ်အောင် သဲတန်ချိန် သန်းချီကို ပင်လယ်ကြမ်းပြင်ကနေ စုပ်ထုတ်ပြီး ဖို့ထားတာတွေ့ရပါတယ်။ အရင်က ပင်လယ်ရေစိမ်းစိမ်းအောက်မှာ အကွက်ကလေးလိုဖြစ်နေတဲ့ကျွန်းဟာ အခုဆိုရင် စတုရန်းမိုင် ၂ မိုင်ကျော်ကျယ်တဲ့ ကျွန်းအဖြစ် ရုပ်လုံးပေါ်လာပြီး ကျွန်းအနားသတ်မှာလည်း အဖြူရောင်သဲတွေ အနားသတ်ပေးထားသလို ကျွန်းပေါ် တစ်နေရာမှာဆိုရင် အဆောက်အဦတွေ ပြန့်ကျဲနေပါတယ်။ ဒါတွေအားလုံးက ၆ လအတွင်းဖြစ်လာတာပါ။

လခြမ်းကွေးပုံစံ ပင်လယ်ရေအိုင်ဖြစ်သွားတဲ့နေရာမှာတော့ ဒါဇင်နဲ့ချီတဲ့သင်္ဘောတွေကို မြင်နိုင်ပါတယ်။ ဒီသင်္ဘောတွေအားလုံးက သဲစုပ်စက်တွေဖြစ်ပါတယ်။ တရုတ်မှာ အများဆုံးရှိတဲ့သင်္ဘောစုလည်းဖြစ်ပါတယ်။ အချို့ သင်္ဘောတွေဆိုရင် တစ်နာရီကို သဲကုဗမီတာ ၆,၀၀၀ အထိ စုပ်ယူနိုင်ပါတယ်။ ဒီပမာဏဟာ အိုလံပစ်ပွဲမှာ သုံးတဲ့ ရေကူးကန် ၂ ကန်စာကို ဖြည့်နိုင်တဲ့ပမာဏဖြစ်ပါတယ်။

ဒီလောက်နှုန်းနဲ့မြန်မြန်ဆန်ဆန်သဲဖြည့်တာက ကမ္ဘာမှာ စံချိန်တင်နှုန်းလောက်လို့တောင် ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဒီလို သဲစုပ် ကျွန်းဖော်နေတာ တရုတ် တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။

တရုတ်ဟာ နယ်မြေပိုင်ဆိုင်ကြောင်း ခိုင်မာအောင် ထူထောင်ဖို့ မြေဖို့နေတာကို နှစ်ပေါင်းများစွာကြာအောင် မြင်တွေ့ခဲ့ရတဲ့ ဗီယက်နမ်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ သူပိုင်တဲ့ သန္တာကျောက်တန်းအချို့ကို တည်ဆောက်နေပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်လိုပဲ နယ်မြေပိုင်ဆိုင်မှု ခိုင်မာအောင် လုပ်သလိုမျိုး မရှိပေမဲ့ ဖိလစ်ပိုင်နိုင်ငံဟာလည်း အလားတူ လုပ်နေပါတယ်။

အပြိုင်သဲဖို့ကြတဲ့ပွဲ

အန်တလုပ် သန္တာကျောက်တန်းဟာ ပါရာဆယ်စ် ကျွန်းစုတွေထဲမှာရှိပါတယ်။ ပါရာဆယ်စ်နဲ့ကပ်လျက်က စပရက်တလေစ် ကျွန်းစုတွေပါ။ ဒီကျွန်းစုတွေဟာ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူနိုင်းတို့က သူတို့ပိုင်ဆိုင်တယ်ဆိုပြီး အသီးသီးပြောထားကြပါတယ်။

အဲဒီထဲက အန်တလုပ်လို ကျွန်းအများစုဟာ အခုနှစ်မတိုင်ခင်အထိ ရေပေါ်တဝက်ပေါ်နေတဲ့ကျွန်းစုတွေဖြစ်ပါတယ်။ အတိတ်မှာ ဘယ်တုန်းကမှ လူသားတွေ အခြေချတာမရှိခဲ့ဖူးပါဘူး။ တရုတ်ဟာ ပါရာဆယ်စ် ကျွန်းစုတွေကို ၁၉၇၄ ခုနှစ်မှာ ထိန်းချုပ်ပါတယ်။ တောင်ဗီယက်နမ််တပ်ဖွဲ့တွေနဲ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်အပြီးမှာ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်တုန်းကပဲ တရုတ်ဟာ စပရက်တလေစ်ကျွန်းစုတွေထဲမှာ သန္တာကျောက်တန်း ၃ ခုကို မြေဖို့ပါတယ်။ Mischief၊ Fiery Cross နဲ့ Subi တို့ဖြစ်ပြီး လေဆိပ်နဲ့ စစ်တပ် အခြေစိုက်စခန်းတွေ ဆောက်နိုင်တဲ့ ကျွန်းစုတွေဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ ပြီးတော့ မျဉ်းပြတ် ၉ ခုပါတဲ့ နယ်နိမိတ်မြေပုံ ဆိုပြီး သိကြတဲ့နယ်မြေအတွင်းမှာ အကျုံးဝင်တဲ့ တောင်တရုတ်ပင်လယ်တလွှားကို သူရဲ့အချုပ်အခြာပိုင်နယ်မြေအဖြစ် အခိုင်အမာဆိုပါတယ်။

အခုဆိုရင် မြေပုံပေါ်မှာ မျဉ်းပြတ် ၉ ခုအဖြစ် သရုပ်ဖော်ထားတဲ့ ပင်လယ်ရေမျက်နှာပြင်အနှံ့မှာ တရုတ်ကမ်းခြေစောင့်တပ်နဲ့ ပင်လယ်ရေကြောင်းပြည်သူ့စစ်သင်္ဘောတွေ အင်နဲ့အားနဲ့ ကင်းလှည့်နေပြီး ရေပိုင်နက်ကို ပိုင်ဆိုင်ကြောင်းပြောနေကြတဲ့ တခြားနိုင်ငံတွေကို တရုတ်ရဲ့အားသာမှုကို အင်အားပြသယောင် ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ နှစ်ဖက်ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ရေပြင်ထဲ တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တွေ အနည်းငယ် ထိတွေ့မှု အကြိမ်ကြိမ်ဖြစ်ပွားထားပါတယ်။

ပင်လယ်ရေပြင် မျဉ်းပြတ် ၉ ခုရဲ့ အစွန်ဆုံး မျဉ်းပြတ်ဟာ အန်တလုပ်သန္တာကျောက်တန်းပေါ်က ကမ်းအစွန်မှာရှိနေလို့ တရုတ်ဟာ Mischief၊ Fiery Cross နဲ့ Subi ကျွန်းစုတွေမှာလိုပဲ စစ်ဘက်သုံးနိုင်တဲ့ပြေးလမ်းနောက်တစ်ခု တည်ဆောက်နေလားဆိုတာလည်း သတိပြုစရာဖြစ်လာပါတယ်။

ဒါပေမဲ့ အနီးနားက Woody ကျွန်းပေါ်မှာတော့ တရုတ်က လေယာဉ်ပြေးလမ်းတစ်ခုကို တည်ဆောက်ထားပြီးဖြစ်ပါတယ်။ ဒါကလည်း ဟိုင်နန်ကျွန်းပေါ်က တရုတ်စစ်အခြေစိုက်စခန်းကြီးတွေနဲ့ နီးကပ်နေတဲ့နေရာဖြစ်နေပြန်ပါတယ်။

တဖက်မှာလည်း ဒါဟာ တရုတ်ဘက်က ဗီယက်နမ်ကို သတင်းစကားပါးတာလို့လည်း မှတ်ယူနိုင်စရာပါ။

ဗီယက်နမ်နဲ့တရုတ်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားတဲ့သမိုင်းကြောင်းရှိခဲ့ပြီးသားပါ။ ဗီယက်နမ်က တောင်တရုတ်ပင်လယ်ကို အရှေ့ပင်လယ်အဖြစ် ခေါ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဗီယက်နမ်က ကွန်မြူနစ် အာဏာပိုင်တွေဟာ တရုတ်ဆန်ကျင်ရေး လေလုံးလျော့ကျသွားအောင် ကြိုးပမ်းခဲ့ပြီး ဘေကျင်းနဲ့ ဆက်ဆံရေး နီးစပ်ဖို့ ကြိုးစားခဲ့ပါတယ်။

မကြာသေးခင်တုန်းကပဲ ဗီယက်နမ်သမ္မတအဖြစ် ရွေးကောက်ခံရသူလည်းဖြစ်၊ ပါတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ တူလမ်ဟာ သူရဲ့ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တရုတ်ကို သွားခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာ နှစ်ဖက်စလုံးကတော့ ပါရာဆယ်စ်နဲ့ စပရက်တလေစ် ကျွန်းစုတွေအရေးနဲ့ပတ်သတ် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အခြေအနေကို ရှားတောင့်ရှားပါး ရင်ကြားစေ့ရေး စကားသုံးပြီး ပြောခဲ့ပါတယ်။

ဗီယက်နမ်ဘက်ကတော့ အန်တလုပ်သန္တာကျောက်တန်းကို တရုတ်က ကျွန်းပေါ်အောင် သဲဖို့တဲ့အပေါ် တရားဝင် ကန့်ကွက်ထားပါတယ်။ ဒါပေမဲ့ သံခင်းတမန်ခင်းအသုံးအနှုန်းဖြစ်တဲ့ နှိုင်းနှိုင်းချင့်ချင့်လုပ်ဖို့ဆိုတဲ့စကားလုံးကို သုံးပါတယ်။

ဒါပေမဲ့လည်း အငြင်းပွားနေတဲ့သန္တာကျောက်တန်းတွေပေါ်မှာတော့ ဗီယက်နမ်ကိုယ်တိုင်ကလည်း တရုတ်လိုပဲ သဲစုပ်စက်တွေသုံးပြီး မြေဖို့နေပါတယ်။

'မယှဉ်နိုင်ရင်တော့ ကိုယ်လည်း ဦးပေါ့'

ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဗီယက်နမ်ဟာ သန္တာကျောက်တန်း ၂၀ ထက်မနည်းမှာ သဲတွေ ဖို့နေတယ်လို့ ဝါရှင်တန်အခြေစိုက် အာရှအဏ္ဏဝါရေကြောင်းပွင့်လင်းမြင်သာမှုရှေ့ဆောင်အဖွဲ့(AMTI) က ပြောပြီး ဆိပ်ခံတံတား အသစ် ၁၁ ခုကို တည်ဆောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗီယက်နမ်ဟာ သူပိုင်တယ်လို့ပြောထားတဲ့ ပင်လယ်ပိုင်နက်မြေ စတုရန်း ၁၁ ကီလိုမီတာအထိရှိတယ်လို့ပြောပြီး အဲဒီနယ်မြေတွေထဲက တစ်ဝက်နီးပါးကို တရုတ်က ထိန်းချုပ်ထားပါတယ်။

အခုတော့ ဗီယက်နမ်ဟာ ပင်လယ်ရေကြောင်းသွားလာရေးအချက်ပြစနစ်တွေလို စစ်ဘက်ရေးရာပါ သုံးနိုင်တဲ့အဆင့်အထိ ရောက်တဲ့ အခြေခံအဆောက်အဦတွေ စပြီးတည်ဆောက်နေပါတယ်။ ဒါကိုကြည့်ရင် ဗီယက်နမ်ဟာလည်း တရုတ်ကို မယှဉ်နိုင်ရင်တော့ ကိုယ်လည်း နေရာဦးဆိုတဲ့လုပ်ဆောင်ချက်အသွင် ဆောင်နေပါတယ်။

''ကြည့်ရတာ ဗီယက်နမ်တွေဘက်ကလည်း တရုတ်နဲ့သဘောထား မတိုက်ဆိုင်ဘူးဆိုတာမျိုးကို အများပြည်သူရှေ့ကို ချပြလိုတာမျိုး နည်းလာတယ်'' လို့ AMTI ကို ဦးဆောင်သူ ဂရက် ပိုလင်းက ပြောပါတယ်။

''ပြီးတော့ သူတို့တွေဟာ ဖိလစ်ပိုင်တွေ အဲဒီလိုလုပ်တာကိုလည်း ပိုပြီး မျက်နှာလွှဲထားတယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ရေပြင်ပေါ်မှာ ကြည့်ရင်လည်း ဗီယက်နမ်တွေဟာ ဘေကျင်းကို အတိုက်အခံလုပ်တာမျိုး မဖြစ်လိုတာကို မြင်ရတယ်။ ရလဒ်အနေနဲ့ကတော့ ဥပမာပေး ပြောရရင် တရုတ်ဘက်ကလည်း ဗီယက်နမ်တွေ ရေနံနဲ့ ဓာတ်ငွေ့တူးတာမျိုးကို ဝင်မဟန့်တော့တာမျိုးပေါ့''

ဒါကြောင့်ပဲ တရုတ်ဟာ အန်တလုပ် သန္တာကျောက်တန်းကို မြန်မြန်ဆန်ဆန် တည်ဆောက်နေတာလို့ စတန်းဖို့ဒ်တက္ကသိုလ်အခြေစိုက်ပြီး တောင်တရုတ်ပင်လယ်ကို စောင့်ကြည့်လေ့လာတဲ့ Sealight သုတေသနအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ရေးပေါင်းဝဲလ်က ပြောပါတယ်။

''ဗီယက်နမ်တွေက တရုတ်က ဖိလစ်ပိုင်ဘက်ကို အာရုံစိုက်နေတာကို အခွင့်ကောင်းယူနေတယ်။ ... အန်တလုပ်သန္တာကျောက်တန်းကို ပြန်ပိုင်ဆိုင်ရေး လုပ်တာဟာ ဗီယက်နမ်ကို မတူရင် မတုနဲ့ ဆိုတာမျိုး တရုတ်ဘက်က ပြောရာလည်းရောက်တယ်လို့ ဆိုနိုင်ပါတယ်''

ဆိုတော့ ဒီအခြေအနေမှာ စပရက်တလေစ် ကျွန်းစုတွေကို ပိုင်တယ်လို့ဆိုတဲ့တခြားနိုင်ငံတွေကရော။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ဟာ တောင်တရုတ်ပင်လယ်ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ သူ့အဖွဲ့ဝင် ၄ နိုင်ငံနဲ့ တရုတ်တို့ကြား ပင်လယ်ပြင်နဲ့ပတ်သက်ပြီးလိုက်နာရမယ့်ကျင့်ဝတ် တစ်ရပ် ပေါ်ပေါက်ရေးကြိုးပမ်းနေတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်တုန်းကတော့ သူတို့ဟာ ခိုင်မာအားကောင်းမှု သိပ်မရှိလှတဲ့ ကြေညာချက်တစ်ခု ရရှိပါတယ်။ ဒါပေမဲ့ ဒါဟာ ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့အချက်မျိုးမဟုတ်လို့ တရုတ်ဘက်က ဒါကို လျစ်လျူရှုထားပါတယ်။

နှစ်တိုင်းလုပ်တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတိုင်းမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေဟာ လိုက်နာသင့်တဲ့ကျင့်ဝတ်တစ်ရပ်ဖြစ်အောင် တွန်းလုပ်မယ်လို့ ကတိပြုပါတယ်။ ဒါပေမဲ့ အဲဒီအထိမရောက်တဲ့အဆင့်မှာပဲ အဆုံးသတ်သွားပါတယ်။

တိုးတက်မှုမရှိတဲ့အခြေအနေကို စိတ်မရှည်တော့တဲ့ ဖိလစ်ပိုင်ကတော့ တရုတ်ရဲ့လုပ်ရပ်တွေကို သယ်ဟိတ်မြို့မှာရှိတဲ့နိုင်ငံတကာ ခုံသမာဓိရုံးကို ၂၀၁၃ ခုနှစ်မှာ တိုင်တန်းပါတယ်။

ခုံရုံးက ဖိလစ်ပိုင်ဘက်ကို အနိုင်ပေးတဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ မျဉ်းပြတ် ၉ ပြတ်မြေပုံအတွင်းက နယ်မြေတွေကို ပိုင်ဆိုင်တယ်လို့ဆိုတဲ့တရုတ်အပြောဟာ သမိုင်းကြောင်းအရ မခိုင်လုံဘူးဆိုတဲ့အချက်ကို ထောက်ပြပြီး ခုံရုံးက အခုလို ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ သန္တာကျောက်တန်းတွေကို ကျွန်းတွေအဖြစ် ပြောင်းလဲတဲ့တရုတ်လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်ပြီး အနောက်ဘက်ကမ်းလွန်အထိပေါက်တဲ့ ဖိလစ်ပိုင်နဲ့အထူးစီးပွားရေးဇုန် ပိုင်ဆိုင်ခွင့်ကို ချိုးဖောက်နေတယ်လို့ ပြောပါတယ်။

တရုတ်ဘက်ကတော့ ခုံရုံးရဲ့အဲဒီဆုံးဖြတ်ချက်ကို လစ်လျူရှုထားပါတယ်။ ဖိလစ်ပိုင်ဟာ ဘေကျင်းလုပ်ရပ်ကို ထင်ဟပ်အောင်ပြဖို့ သူ့ထက် အင်အားတောင့်တင်းတဲ့တရုတ် ရေတပ်အင်အားကို အံတုပြီး ကမ်းခြေစောင့်သင်္ဘောတွေကို စေလွှတ်ပါတယ်။ အကျိုးဆက်ကတော့ နှစ်ဖက် ထိပ်တိုက်တွေ့တာတွေဖြစ်ပါတယ်။ ဒါပေမဲ့ အင်အားမမျှတဲ့နှစ်နိုင်ငံကြားက ဒီအခြေအနေဟာ အပြောင်းအလဲအနည်းငယ်တောင် မတွေ့ခဲ့ရပါဘူး။

တဖက်မှာလည်း ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးလုပ်ပြီး ဂျပန်နဲ့ သြစတြေးလျတို့လို နိုင်ငံတွေနဲ့ မဟာမိတ်အသစ်ဖွဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း သံခင်းတမန်ခင်း ထောက်ခံမှု ခိုင်ခိုင်မာမာပြသပါတယ်။ ဒေါ်လာ သန်း ၅၀၀ တန် စစ်ရေးအကူအညီနဲ့ ပစ္စည်းကိရိယာသစ် ထောက်ပံ့မှုအချို့ကို ပေးပါတယ်။

ပြီးတော့ အမေရိကန်ဟာ တခြားမဟာမိတ်တွေနဲ့အတူ တောင်တရုတ်ပင်လယ်ပြင်ထဲကို အမေရိကန်ရေတပ်ကို လွှတ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်စွာသွားလာခွင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြုလုပ်တာဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က သူ ပိုင်ဆိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပေမဲ့ နိုင်ငံတကာပင်လယ်ရေကြောင်းလမ်းတွေ တရားဝင်ရှိနေသေးတယ်ဆိုတာကို တရုတ်ကို သတိချပ်မိစေဖို့ ရည်ရွယ်ရာလည်း ရောက်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ တကယ့်ပင်လယ်ပြင်အငြင်းပွားမှုမှာတော့ အရှိတရားကို သိသာတဲ့အပြောင်းအလဲ မဖြစ်စေခဲ့ပါဘူး။

အခုတော့ ဖိလစ်ပိုင်ဟာလည်း တောင်တရုတ်ပင်လယ်ထဲမှာ သူ့ခြေတံဆန့်ဖို့ လုပ်လာပါတယ်။ သီတူလို့သိကြတဲ့ ပါဆာကာကျွန်းမှာ ပြေးလမ်းတစ်ခုကို တိုးချဲ့နေပါတယ်။ အဲဒီမှာ ကမ်းခြေစောင့်တပ်ဖွဲ့အခြေစိုက်စခန်းကိုလည်း လုပ်ထားပါတယ်။

''တောင်တရုတ်ပင်လယ်ထဲ နယ်မြေပိုင်ဆိုင်တယ်လို့ပြောထားတဲ့နိုင်ငံတွေအများစုဟာ ရှိသင့်တဲ့ တရားရေးအရ လိုက်နာရမယ့်ကျင့်ဝတ်ဆိုင်ရာသဘောတူညီချက်တစ်ခုကို ဘယ်တော့မှ မရနိုင်ဘူးဆိုတာ သိနေကြပြီးသား'' လို့ ပိုလင်းက ပြောပါတယ်။

''တရုတ်ဟာ ရေပြင်မှာ သူလိုချင်တာကို ဆက်လုပ်တော့မှာပဲ။ ဒီတော့ ရမယ်ဆိုရင်လည်း ဥပဒေကြောင်းအရ မစည်းနှောင်တဲ့ သဘောတူညီချက်ကိုပဲ ရရှိမှာ။ ဒါပေမဲ့လည်း ဒါက တစ်ဖက်မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့အတွက် သံခင်းတမန်ခင်း လမ်းပွင့်သွားစေတယ်။ နောက် နိုင်ငံတွေကတော့ အာဆီယံကနေတဆင့် မသွားဘဲ သူတို့ချင်းပဲ ဖြေရှင်းကြလိမ့်မယ်''

ဒါက တောင်တရုတ်ပင်လယ်အတွင်းမှာ တကယ့်လက်တွေ့ဖြစ်ရပ်အသစ်ဖြစ်လာပါတယ်။

တဖက်မှာလည်း တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေတဲ့နိုင်ငံတွေဟာ ကိုယ်ကျိုးကိုကြည့်ပြီး သူတို့ လုပ်နိုင်တာတွေကို လုပ်နေဦးမှာဖြစ်ပါတယ်။ တဖက်မှာလည်း တရုတ်ဟာ ဒီနေရာမှာ အင်အားကြီးမားတဲ့ပြိုင်ဘက်ဆိုတဲ့အချက်ကို သူတို့ လက်ခံရမှာလည်းရှိနေပါတယ်။

ဂရပ်ဖစ်ဖန်တီးသူ Arvin Supriyadi နဲ့ Aghnia Adzkia