ကိုဗစ်ကာကွယ်ဆေး ထိုးသင့်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်အောင်၊ ကူးစက်ခံရရင်လည်း ပြင်းပြင်းထန်ထန် မခံစားရအောင်၊ အသက်အန္တရာယ် ထိခိုက်မှုတွေ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေ လိုက်နာကြရမယ့်အပြင် ကာကွယ်ဆေး မဖြစ်မနေထိုးဖို့ လိုတယ် ဆိုတာကို လူတော်တော်များများက အခုအခါ သိရှိ လက်ခံလာကြပါပြီ။
ဒါပေမဲ့ ဘယ်ကိုဗစ်ကာကွယ်ဆေးက ပိုအစွမ်းထက်သလဲ၊ တရုတ်နိုင်ငံထုတ် ဆေးတွေ အပါအဝင် မြန်မာနိုင်ငံမှာ ရနိုင်တဲ့ ကာကွယ်ဆေးတွေက အာနိသင်ရှိရဲ့လား၊ အနောက်နိုင်ငံထုတ် ဆေးတွေလောက် ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပါ့မလား ဆိုတာတွေနဲ့ ပတ်သက်လို့ မြန်မာ ပြည်သူအများကြားမှာ မေးခွန်းထုတ် နေကြပါတယ်။ ဒီတော့ ကာကွယ်ဆေး ထိုးသင့် မထိုးသင့် ဝေခွဲမရ တာတွေ ရှိလာပါတယ်။
ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာတွေနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ Health Matters အစီအစဉ်မှာ ယူကေနိုင်ငံက ကူးစက်ရောဂါနဲ့ အဏုဇီဝဗေဒ ဆရာဝန် ဒေါက်တာ စုစုထွေးကို မသီဒါနွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ- ကိုဗစ်ကာကွယ်ဆေးက မထိုးမနေရ ထိုးဖို့ လိုအပ်ပါလား။
ဒေါက်တာ စုစုထွေး - ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်သလားဆိုရင် လိုအပ်တယ်လို့ပဲ ဖြေပါရစေ။ အဓိက အကြောင်းရင်းကတော့ ကိုဗစ် ကာကွယ်ဆေး ထိုးခြင်းအားဖြင့် ကာကွယ်ဆေး ထိုးတဲ့သူအတွက် ရောဂါ မဖြစ်အောင် ကာကွယ်ဆေး တော်တော်များများနီးပါးက ရာခိုင်နှုန်း တော်တော်များများ ကာကွယ်ပေးတယ်၊ နောက်ပြီးတော့ ပြင်းထန်တဲ့ ကိုဗစ်ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးတယ်၊ ပြီးတော့ ဆေးရုံတက်ရလောက်တဲ့ အထိ ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါး ရောဂါ မဖြစ်အောင် ကာကွယ်ပေးတယ်။ နောက် ကိုယ့်ကို ကာကွယ်တဲ့ အတွက်ကြောင့် ကိုယ့်အနားမှာရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ထိလွယ်ရှလွယ်တဲ့ သူတွေ၊ ရောဂါ အခံ ရှိတဲ့သူတွေကိုလည်းပဲ ကိုယ့်ဆီကနေတဆင့် ကိုဗစ်ရောဂါ မရောက်အောင် မကူးအောင် ကာကွယ်တဲ့ အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးသင့်သလားဆိုရင် ထိုးသင့်တယ်လို့ ပြောပါရစေ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘီဘီစီ- မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်မှုတွေ တိုးပွားနေတယ်။ ပေါ့စတစ်ဖြစ်သူတွေလည်း တော်တော်များပါတယ်၊ ဒီတော့ ကိုဗစ်ရောဂါ ဖြစ်နေတဲ့သူတွေကရော ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်ပါလား၊ ထိုးဖို့ သင့်ပါသလား။
ဒေါက်တာစုစုထွေး - ထိုးသင့်ပါတယ်၊ ထိုးသင့်တယ်။ ကိုဗစ် ဖြစ်ပြီးတဲ့သူတွေ ဖြစ်ခဲ့ဖူးတဲ့ သူတွေလည်း ထိုးသင့်တယ်။ အဓိကက ဘာလို့လည်း ဆိုတော့ Natural infection ပေါ့နော်၊ ကိုဗစ် ဖြစ်ထားသူတွေ၊ သူတို့မှာ Antibody က ဘယ်လောက်ထိ ခံမယ် ဆိုတာ အတိအကျ ပြောလို့ မရဘူး၊ အဲဒီတော့ ကိုဗစ်ရောဂါ ဖြစ်ခဲ့ပေမဲ့လည်း ကာကွယ်ဆေးကို ထပ်ပြီးတော့ ထိုးသင့်တယ်၊ ပိုပြီးတော့ Protection အကာအကွယ် ရအောင်ပေါ့နော်၊ ထိုးကို ထိုးရမယ်၊ ထိုးသင့်တယ်လို့ ပြောပါရစေ။
ဒါပေမဲ့ တစ်ချက်ကလေး ထည့်ပြီးပြောချင်တာက ဘယ်တော့ ထိုးရမလဲ ဆိုတာမျိုးပေါ့။ တိုက်တွန်းချက်ကတော့ ကိုဗစ် ဖြစ်ပြီးတာနဲ့ Recover ဖြစ်ပြီ၊ နေပြန်ကောင်းသွားပြီ၊ မဖျားတော့ဘူး၊ ကိုယ်လက် ကိုက်တာ တွေလည်း မရှိတော့ဘူး၊ ချောင်းမဆိုးတော့ဘူး၊ အဲလို Recover ဖြစ်ပြီဆိုတာနဲ့ကို ထိုးလို့ ရပြီ၊ ရက်သတ်မှတ်ချက် မရှိဘူး။ ဒါပေမဲ့ တစ်ခုပဲ အားလုံးလည်း သိပြီးသားပါ။ ကိုဗစ်က ပထမရက်ပိုင်းတွေမှာ ခံစားရတာ သက်သာသလို ရှိပြီး ၁၀ ရက် နှစ်ပတ်လောက်မှာ ပြင်းပြင်းထန်ထန် ဖြစ်တတ်တယ်ပေါ့နော်။ အဲတော့ အဲဒီ အချိန်လေးကျော်တဲ့ အထိတော့ စောင့်စေချင်ပါတယ်။ ဥပမာ ဒီကနေ့ ကိုဗစ်ဖြစ်ပြီး နောက် ၅ ရက်လောက်မှာ သွားထိုးမယ် ဆိုတာမျိုး မလုပ်စေချင်ဘူး။
အကြမ်းအားဖြင့် ပြောမယ် ဆိုရင် ကိုဗစ် ဖြစ်ပြီးတော့ အနည်းဆုံး သုံးပတ် လေးပတ်လောက် အထိ စောင့်ပြီးတော့ မှပဲ ထိုးစေချင်ပါတယ်။
ဘီဘီစီ - ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးရမယ် ဆိုရင် ပထမ တကြိမ်နဲ့ ဒုတိယ တကြိမ် အချိန်ဘယ်လောက် ခြားပြီးထိုးသင့်ပါလဲ။
ဒေါက်တာ စုစုထွေး - အဲဒါက ဆေးပေါ်မှာ မူတည်တယ်။ ကိုဗီရှီး(Covishield) တို့၊ အနောက်နိုင်ငံမှာ ပေးတဲ့ ဖိုင်ဇာ (Pfizer)၊ ဒီလိုဆေးတွေမျိုးဆိုရင် နောက်ပိုင်း စမ်းသပ်တွေ့ရှိချက်တွေ အရ ပထမတစ်ကြိမ်ထိုးတာနဲ့ နောက်တစ်ကြိမ် ထိုးတဲ့ interval ပေါ့။ များများလေး ကွာလေ၊ ပိုကောင်းလေ ဆိုတဲ့ စမ်းသပ်ချက် ပေါ်ထွက်လာပါတယ်။ ပထမဆုံး ကာကွယ်ဆေးတွေ စပေါ်တုန်းက လေးပတ်လို့ ပြောတယ်လေ၊ ဒါပေမဲ့ နောက်ပိုင်း စမ်းသပ်တွေ့ရှိချက်တွေအရ ၈ ပတ် ၁၂ ပတ် အဲလို များများလေး ခြားနိုင်လေ၊ ပိုကောင်းလေ ပေါ့နော်။ အဲလိုမျိုး တွေ့တယ်လို့ ထွက်လာတယ်လေ။ ဒါပေမဲ့ အဲဒါက ကိုဗီရှီးနဲ့ အက်စထရာဇနက်ကာနဲ့ ဖိုင်ဇာ အတွက်ပဲ။ အဲတော့ တခြားဆေးတွေက ကျတော့ ထုတ်တဲ့ နိုင်ငံ၊ ထုတ်တဲ့ကုမ္ပဏီ ရဲ့ Recommendation ကို လိုက်နာပါ။
အကြမ်းဖျဉ်းပြောမယ် ဆိုရင် တရုတ်နိုင်ငံက ထုတ်တဲ့ဆေးနဲ့ ရုရှား ထုတ်ဆေးတွေဆိုရင် ၄ ပတ်လောက် အနည်းဆုံး ထားစေချင်တယ်။ ကိုဗီရှီး ဆိုရင်တော့ ၈ ပတ်လောက် ခွာလို့ ရတယ်။
ဘီဘီစီ - ကာကွယ်ဆေး နှစ်မျိုးကို လူတစ်ယောက်တည်းမှာ ထိုးလို့ ရပါလား၊ ဥပမာ ဆိုရင် စောစောပိုင်းက ကိုဗီရှီး ထိုးထားသူက နောက်ပိုင်း ကိုဗီရှီး မရတော့ဘူး၊ တရုတ်ဆေးပဲ ရမယ် ဆိုရင် အဲလို ဆေးနှစ်မျိုးကို လူတစ်ယောက်ထဲမှာ ထိုးလို့ရပါလား။
ဒေါက်တာ စုစုထွေး - ဟုတ်ကဲ့ အဲဒါက အခု အရမ်းကို မေးတဲ့ မေးခွန်းပေါ့နော်၊ ရတယ် မရဘူး ဆိုတာ တိုက်ရိုက် ဖြေဖို့ထက်ကို အခု လက်ရှိ စမ်းသပ်ထားတဲ့ ရထားတဲ့ အဖြေကို မူတည်ပြီးတော့ပဲ ပြောပါရစေ၊ ဇွန်လ ၂၅ ရက် နေ့မှာ ယူကေနိုင်ငံက စမ်းသပ်ချက် အဖြေတခု ထွက်လာတယ်ပေါ့နော်။ ဒီလို Mix match ပေါ့နော်၊ ပထမ ဆေးတမျိုး၊ ဒုတိယအကြိမ်ကို နောက်ဆေး တမျိုး ထိုးတာ ဖြစ်နိုင်တယ် ဆိုတာ ထွက်လာပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်ချက်မှာ ဆေးအားလုံးကို စမ်းထားတာ မဟုတ်ဘူး။ ဖိုင်ဇာနဲ့ အက်စထရာဇန်နကာ နှစ်မျိုးတည်းကို စမ်းထားတာ။ ဆိုတော့ လောလောဆယ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရော၊ အမေရိကန် စီဒီစီရော၊ ယူကေမှာပါ တိုက်တွန်းထားတာက တွေ့တဲ့ဆေးကို မထိုးဖို့တော့ ပြောထားတယ်ပေါ့နော်။ ဖြစ်နိုင်လို့ရှိရင် ဒုတိယ တကြိမ်မှာ ပထမတကြိမ်တုန်းက ထိုးထားတဲ့ဆေးကိုပဲ ထိုးပါလို့ တိုက်တွန်း ချင်တယ်။ ဘာလို့လဲဆိုတော့ ဒေတာ အချက်အလက်တွေ အပြည့်အစုံ မရသေးလို့ပေါ့နော်။
ဒါပေမဲ့ တခုတော့ ရှိတာပေါ့။ ပထမအကြိမ် ရတဲ့ဆေးက ဒုတိယအကြိမ် မရတော့တာမျိုး၊ လူနာကိုယ်တိုင်က ပထမတကြိမ် ထိုးထားတာ ဘာဆေးမှန်း မသိဘူး၊ မမှတ်မိတော့ဘူး ဆိုရင်တော့ ရတဲ့ဆေးကို ထိုးပါ။ ဒါပေမဲ့ ဒီဆေးက ပိုကောင်းမယ်၊ ဟိုဆေးကပိုကောင်းမယ် ဆိုတာမျိုးတော့ မလုပ်စေချင်ဘူး။
ဘီဘီစီ - ရောဂါ အခံ ရှိသူတွေ၊ ဆီးချို သွေးတိုး ကျောက်ကပ် နှလုံး စတဲ့ ရောဂါ အခံ ရှိသူတွေ၊ ပြီးတော့ ကင်ဆာ ရောဂါလိုမျိုး နာတာရှည် ရောဂါရှိတဲ့သူတွေရော ထိုးဖို့ သင့်တော်ပါလား။
ဒေါက်တာ စုစုထွေး - ဟုတ်ကဲ့ သင့်တော်ပါတယ်။ ဒီလိုလူတွေက ပိုပြီးတော့ ထိုးရမယ့်အထဲမှာ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆီးချိုရှိသူတွေ၊ ကင်ဆာရှိသူတွေ၊ ကင်ဆာကြောင့် ကီမိုသရပီ၊ ရေဒီယိုသရပီ ယူထားသူတွေက ပိုပြီးတော့ ကိုဗစ်ဖြစ်ရင် ပြင်းပြင်းထန်ထန် ခံစားရတတ်တယ်၊ တနည်းအားဖြင့် သေဆုံးမှုနှုန်း သူတို့မှာ ပိုမြင့်တယ်။ အဲတော့ အဲဒီလိုလူတွေက ကိုဗစ်ဆေး ပိုထိုးသင့်တဲ့ အုပ်စုထဲမှာ ပါပါတယ်။ ကိုဗစ်ဆေးက အဲဒီလိုလူတွေအတွက် ထည့်သွင်း စမ်းသပ်ထားပြီးသားပါ။ အန္တရာယ် ထူးပြီး ပိုရှိတာ မရှိပါဘူး။
ဘီဘီစီ - မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဘီပိုး ကာကွယ်ဆေး၊ ခွေးရူးပြန် ကာကွယ်ဆေး ထိုးထားသူတွေကရော ကိုဗစ်ကာကွယ်ဆေး ထိုးလို့ ရပါလား။
ဒေါက်တာ စုစုထွေး - ထိုးလို့ ရတယ်။ ရောပြီးတော့လည်း ထိုးလို့ ရတယ်။ ရောပြီးထိုးလို့ ရတယ် ဆိုတာ တစ်ရက်တည်းပေါ့နော် ထိုးလို့ ရတယ်။ ဒါပေမဲ့ တခုပဲ သတိပေးချင်တာက ကာကွယ်ဆေးတိုင်းက သူ့ရဲ့ ဘေးထွက်ဆိုးကျိုး ရှိတယ်လေနော်၊ အဲဒီတော့ တစ်ရက်တည်း ကာကွယ်ဆေးထိုးရင် ကာကွယ်ဆေး အချင်းချင်း မတည့်တာတော့ မရှိဘူး၊ အန္တရာယ် မရှိဘူး။ အကြမ်းဖျဉ်း ပြောမယ်ဆိုလို့ ရှိရင်ပေါ့။ ဒါပေမဲ့ ပြသနာက ဘာဖြစ်လဲဆိုတော့ လူနာက ကိုဗစ်ဆေးနဲ့ တခြား ကာကွယ်ဆေး အတူထိုးရင် ကာကွယ်ဆေး တခုချင်း တခုချင်းစီရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို တပြိုင်တည်းခံစားရတာပေါ့၊ ဥပမာ ကိုဗစ် ကာကွယ်ဆေးကြောင့် ကိုယ်တွေ လက်တွေ ကိုက်မယ် ဆိုရင် အသဲရောင် အသားဝါ ဘီဆေး ထိုးရင်လည်း အဲလို ကိုယ်လက်ကိုက်တာလေးတွေ ရှိတတ်တယ်။ အဲဒီတော့ တခါတည်းနဲ့ ဆေးသုံးမျိုးလောက်ဲ့ရ့ ဘေးထွက်ဆိုးကျိုးကို ခံစားရတယ် ဆိုရင် လူနာက သိပ်ပင်ပန်းတယ်။ ခံရခက်တယ်ပေါ့၊ ဒီတော့ အနည်းဆုံး တစ်ပတ် သို့မဟုတ် နှစ်ပတ်လောက်တော့ ခြားပြီးထိုးစေချင်တယ်။
ဒါပေမဲ့ တကယ် ထိုးဖို့ လိုအပ်တဲ့ ကိစ္စမျိုး၊ ဥပမာ မနက်က ကိုဗစ်ဆေးထိုးတယ်၊ ညနေမှာ ခွေးကိုက်ခံရတယ်ပေါ့နော် အဲဒါဆိုရင် Rabies Vaccine ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ထိုးဖို့ လိုပြီ၊ အဲဒါကျ တပတ်နှစ်ပတ် မစောင့်နဲ့၊ ဒါမျိုးတကယ် အရေးပေါ် ထိုးဖို့ လိုအပ်ပြီဆိုရင် တရက်တည်းလည်း ထိုးပေါ့၊ ဘေးထွက်ဆိုးကျိုးတော့ နည်းနည်းလေး ပိုခံစားရမယ်၊ ဒါပေမဲ့ အန္တရာယ် မရှိဘူး၊ ထိုးလို့ ရတယ်။
ဘီဘီစီ - နောက်တခုက ကိုယ်ဝန်သည်တွေပေါ့၊ သူတို့ကရော ကိုဗစ်ကာကွယ်ဆေး ထိုးရင် စိတ်ချရပါလား၊ ထိုးလို့ ရပါလား။
ဒေါက်တာ စုစုထွေး - အဲဒါလည်း ဆေးနဲ့ ခွဲပြီးတော့ ပြောမယ်ပေါ့နော်၊ ဒါကတော့အခု လက်ရှိ ရထားတဲ့ ဒေတာ အချက်အလက်ပေါ် မူတည်ပြီးတော့ပဲ ပြောလို့ ရမှာပေါ့၊ ကိုဗီရှီးလို ဆေးမျိုး၊ အက်စထရာဇန်နကာ၊ အနောက်နိုင်ငံတွေမှာ သုံးတဲ့ ဖိုင်ဇာ၊ မိုဒါးနား၊ ဂျွန်ဆင် တို့ ဆိုရင် ဒီဘက် နိုင်ငံတွေမှာ အတည်ပြုပြီးသား။ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက် မိခင်တွေ အကုန်လုံး ဘာအန္တရာယ် မရှိဘဲ ထိုးလို့ရတယ်၊ ဒေတာလည်း အပြည့်အစုံ ရှိတယ်၊ အန္တရာယ် မရှိဘူး၊ ထိုးလို့ ရတယ်လို့ ပြောမယ်။
ဒါပေမဲ့ တရုတ်နိုင်ငံက ဆေးနှစ်မျိုး နဲ့ ရုရှားနိုင်ငံက ဆေးကျတော့ ကိုယ်ဝန်သည်တွေနဲ့ ပတ်သက်တဲ့ ဒေတာက နည်းသေးတယ်ပေါ့နော်။ ဒီတော့ ထိုးလို့ ရတယ်လို့ အလွယ်တကူ ဖြေလို့ မရသလို ထိုးလို့ မရဘူးလို့ ပြောလို့လည်း မရဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောထားတဲ့ အချက်အလက်တွေကို မူတည်ပြီးတော့ပဲ ပြောရမှာပေါ့။
အဲဒီတော့ ကိုယ်ဝန်ဆောင်မိခင်တွေက တရုတ်နိုင်ငံက လာတဲ့ဆေးတို့၊ ရုရှားနိုင်ငံကလာတဲ့ ဆေးတို့ကို ထိုးမယ်ဆိုရင် ကာကွယ်ဆေးထိုးလို့ ရမယ့်ဆိုးကျိုး၊ ကာကွယ်ဆေးထိုးလို့ ရမယ့် ကောင်းကျိုး ဒါတွေ အကုန်လုံးကို ချင့်ချိန်ပြီးတော့ တယောက်ချင်းစီက သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ပါလို့ ပြောပါရစေ။
ဥပမာ တချို့ ကိုယ်ဝန်ဆောင်တွေက အဝလွန်တယ်၊ ဆီးချို ရောဂါရှိတယ်၊ အဲလို လူမျိုးတွေက ကိုဗစ်ဖြစ်ရင် ပိုခံရတယ်၊ ကိုယ်ဝန်ဆောင် ကိုယ်တိုင်က ကိုဗစ်ဖြစ်ရင် သူများထက်ပိုပြီး ဆိုးဆိုးဝါး ခံစားရတယ်။ အဲလိုမျိုး ဆိုရင် ကိုဗစ်ဆေး ထိုးခြင်းက မထိုးခြင်းထက် ပိုပြီး အကျိုးကျေးဇူး ရနိုင်တယ်၊ ဒါမျိုးဆိုရင်တော့ ထိုးသင့်တယ်။ ဒါပေမဲ့ လူနာက သိရမယ်၊ ကိုယ့်ကို ဘာဆေးထိုးမှာလဲ၊ ဒီဆေးသည် ဒေတာ ရှိလား မရှိလား ဆိုတဲ့ အကြောင်းတွေ အကုန်လုံးကို လူနာကိုယ်တိုင် ဆရာဝန်နဲ့ အတူဆွေးနွေး တိုင်ပင်ပြီး လက်ခံတယ် ဆိုမှ ထိုးမယ်ပေါ့ ။
အကြမ်းအားဖြင့် ပြောရင် ဘာဆေးထိုးမလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ရလိမ့်မယ်။
ဘီဘီစီ - ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသွားတဲ့ အခါမှာ ဘယ်လို Side effect ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါလဲ။ အဲလို ဖြစ်လာရင်ရော ဘယ်လို ပြုမူလုပ်ဆောင်သင့်ပါလဲ၊
ဒေါက်တာ စုစုထွေး - ၈၀ ရာခိုင်နှုန်း ကျော်လောက် ပြောကြတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ဆေးထိုးတဲ့ နေရာမှာ နာတယ်။ ဒါပေမဲ့ ဆေးထိုးတဲ့ နေရာမှာ ရောင်ရမ်းတာတော့ အင်မတန်ရှားတယ်။ နောက်တခုက တုပ်ကွေး ဖြစ်သလိုလေ၊ ကိုယ်တွေလက်တွေ ကိုက်တယ်၊ ကြွက်သားတွေ နာတယ်၊ ခေါင်းတွေ ကိုက်တယ်၊ တချို့ဆို ဖျားပါ ဖျားတတ်တယ်။
ဒါပေမဲ့ ဒီ ဘေးထွက်ဆိုးကျိုးတွေ အကုန်လုံးက ပထမ ၄၈ နာရီ အတွင်းမှာ ဖြစ်တာ များတတ်တယ်။ ၄၈ နာရီ ကျော်ပြီးမှ တကယ်ကို ပိုပိုပြီး ဖျားတယ် ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ချက်ချင်းပြပါ။ ဒါက ကိုဗစ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးထက် တခြားဟာ တခုခု ပိုဖြစ်နိုင်တယ်ပေါ့ နော်။
အခု တစ်ခုလေး ထည့်ပြောမှာက လူတိုင်းလည်း သိပြီးသားပါ။ ဒီအောက်စဖို့ဒ် ကာကွယ်ဆေး ပေါ့နော်။ အက်စထရာဇန်နကာ ကာကွယ်ဆေး လိုဆိုရင် ခြေထောက်သွေးခဲတာ၊ ဦးနှောက် သွေးခဲတာတို့၊ တကယ့် ဆိုးဆိုးရွားရွား ဘေးထွက်ဆိုးကျိုး ရှိတတ်တယ်။ ဒါပေမဲ့ အဲဒီဟာကို ကြောက်ပြီးတော့ မထိုးဘူး ဆိုတာတော့ မဖြစ်စေချင်ဘူး။ ဘာလို့လဲ ဆိုတော့ ဒါ အင်မတန့် အင်မတန်မှကို ရှားတယ်။
ကိုဗစ်ဆေး ၁ သန်းမှာမှ ၁၅ Case ပဲ ဖြစ်တာလေ၊ ရာခိုင်နှုန်းနဲ့ ပြောမယ် ဆိုရင် အင်မတန်မှကို နည်းတယ်ပေါ့နော်။ ဆိုတော့ ယျေဘုယျ ပြောမယ် ဆိုရင် ဘေးထွက် ဆိုးကျိုးလေးတွေက သက်သက်သာသာပါပဲ။
ဆေးထိုးတဲ့ဘက်က နာတာတို့၊ ဖျားတာတို့ မဖြစ်အောင် ကြိုပြီးတော့ ပါရာစီတမောလို ဆေးမျိုး၊ အိုင်ဗျူပရိုဖန်လို ဆေးမျိုး ကြိုသောက်လို့ ရတယ်၊ တချို့ကလည်း တကယ် နာလာတော့မှ၊ ဖျားတော့မှ သောက်လို့လည်း ရတယ်ပေါ့နော်။ ဒါလေးတွေကတော့ ကြိုလုပ်ရမှာ၊ ကြိုတင်သိရမယ့် ဟာလေးတွေ၊ မကြောက်သွားစေချင်ဘူး၊ ၄၈ နာရီမှာ ဒါတွေ ဖြစ်တယ် ဆိုတော့လေနော်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ - မြန်မာပြည်မှာ ထိုးတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက အာနိသင် အနေနဲ့ ဘယ်လောက်အထိ ထိရောက်မှု ရှိကြပါလဲ။
ဒေါက်တာ စုစုထွေး - ဆေးတခုချင်းစီက အာနိသင် တခုချင်းစီ ကွာတာပေါ့။ ပထမဆုံး အက်စထရာဇန်နကာ ကိုဗီရှီးက စပြောမယ် ဆိုရင် သူက ကိုဗစ်ရောဂါ မဖြစ်အောင် ၈၀ ရာခိုင်နှုန်း နီးပါးလောက်အထိကို ကာကွယ်ပေးတယ်။ နောက်ပြီးတော့ ပြင်းထန်ကိုဗစ် မဖြစ်အောင် တနည်းအားဖြင့် ပြောမယ် ဆိုရင် ဆေးရုံ မတက်ရအောင် ၇၀ ရာခိုင်နှုန်း ကျော်ကျော်လောက် အထိကို ကာကွယ်ပေးတယ်ပေါ့်နော်။
ဒီအခု အသစ်ထွက်တဲ့ ဒဲလ်တာ ဗေးရီးယန့်တွေ အတွက် ကိုပါ ကာကွယ်ပေးတယ်။ နည်းနည်းလေး တော့ သူက တခြား အရင် အယ်လ်ဖာတို့ ဘာတိုနဲ့ ယှဉ်ရင်တော့ အာနိသင်က နည်းနည်းလေး လျော့တယ်။ ဒါပေမဲ့ ပြင်းထန်ကိုဗစ် မဖြစ်အောင်တော့ ကာကွယ်ပေးတယ် ။
နောက် ဆိုင်နိုဗက် (Sinovac)ကို ကြည့်မယ် ဆိုရင် တရုတ်နိုင်ငံက ထုတ်တာပေါ့။ သူက နိုင်ငံပေါ် မူတည်ပြီးတော့ စမ်းသပ်တွေ့ရှိချက်တွေက နည်းနည်းလေးစီ ကွဲတယ်။ ဥပမာ တူရကီနိုင်ငံမှာ စမ်းသပ်တဲ့ စမ်းသပ်မှုအရဆိုရင် ကိုဗစ်ရောဂါ မဖြစ်အောင် သူက ၈၀ ရာခိုင်နှုန်း ကျော်ကျော်လောက်အထိကို ကာကွယ်ပြီးတော့ ဆေးရုံမတက်ရအောင်၊ ပြင်းထန်ကိုဗစ် မဖြစ်အောင်ဆိုရင် ၉၀ ရာခိုင်နှုန်းကျော်ကျော် ၁၀၀ ရာခိုင်နှုန်းနီးပါး လောက်ထိ ကာကွယ်တယ်လို့ အဖြေတွေ ထွက်လာတယ်။
ဒါပေမဲ့ ဘရာဇီးမှာ လုပ်တဲ့ စမ်းသပ်ချက်အရတော့ ကိုဗစ် မဖြစ်အောင် ၅၀ ရာခိုင်နှုန်း ကျော် လောက်အထိပဲ ကာကွယ်ပေးတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ပြင်းထန်ကိုဗစ် ရောဂါ မဖြစ်အောင် ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးတယ်ဆိုတဲ့ တွေ့ရှိချက်တွေ ထွက်လာတယ်ပေါ့နော်။
နောက် တရုတ်နိုင်ငံက လာတဲ့ နောက်ဆေး တခုပေါ့၊ ဆိုင်နိုဖမ်း(Sinopharm)က ကိုဗစ်ရောဂါ မဖြစ်အောင်ရော၊ ပြင်းထန်ရောဂါ မဖြစ်အောင်၊ ဆေးရုံမတက်ရအောင် ၈၀ ရာခိုင်နှုန်းနီးပါးအထိ ကာကွယ်ပေးတယ်။ နောက် ရုရှားနိုင်ငံက ထုတ်တဲ့ဆေး ဆိုလို့ရှိရင် အဖြေ အကုန်တော့ မရသေးဘူး၊ လောလောဆယ် Interim result အရ ဆိုရင်တော့ ကိုဗစ်ရောဂါ မဖြစ်အာင် ၈၀ ရာခိုင်နှုန်းနီးပါးအထိ ကာကွယ်တယ်။ ပြင်းထန်ရောဂါ မဖြစ်အောင်လည်းပဲ ရာခိုင်နှုန်း ၈၀ လောက် အထိ ကာကွယ်တယ်။
အကြမ်းဖျဉ်းအားဖြင့် ပြောမယ် ဆိုရင် အခုရှိတဲ့ ကာကွယ်ဆေး အကုန်လုံး၊ ပြီးတော့ မြန်မာ နိုင်ငံမှာ ရနိုင်တဲ့ ကာကွယ်ဆေး အားလုံးက တော်တော်လေး အကျိုးသက်ရောက်မှု ရှိတယ်လို့ ပြောလို့ ရတယ်။ အထူးသဖြင့် ပြင်းထန်ကိုဗစ် မဖြစ်အောင် ရာခိုင်နှုန်း တော်တော်လေး အထိ ကာကွယ်ပေးတယ်လို့ ပြောလို့ ရပါတယ်။
ဘီဘီစီ - ကိုဗစ်ကာကွယ်ဆေးက လူတိုင်းထိုးဖို့ လိုတယ်လို့ ပြောပေမဲ့ တချို့က လူချင်း ခပ်ခွာခွာ နေတာမျိုးလို ကြိုတင် ကာကွယ်တဲ့နည်းတွေ လုပ်နိုင်တာပဲ။ ဆေးမထိုးဘဲ နေလို့ရတာပဲ ဆိုပြီး ပြောနေကြတဲ့သူတွေလည်း ရှိပါတယ်။ အဲလိုနည်းတွေနဲ့ ကာကွယ်နိုင်ပါလား။
ဒေါက်တာ စုစုထွေး - ကာကွယ်ဆေး ထိုးတာက သိပ္ပံနည်းအရရော၊ ရှိတဲ့ ဒေတာတွေ အရရော အထိရောက်ဆုံး နည်းလမ်းပေါ့နော်။ ကိုယ်က ဘယ်သူနဲ့မှ စကားပြောတာ မဟုတ်ဘူး၊ မတွေ့ဘူး ဆိုရုံနဲ့ ကိုယ့်ဆီ မကူးဘူးလားပေါ့နော်၊ ကူးနိုင်တဲ့ အခွင့်အလမ်းက ရှိတယ်။ ဥပမာ ရန်ကုန်လို နေရာမျိုးဆိုရင် လူတွေ အရမ်းများတယ်။ ဒီတော့ ကိုဗစ်ရောဂါက ပိုးတခုတည်းတင် မဟုတ်ဘူး။ ဘာကိုပါ စဉ်းစားရမလဲ ဆိုတော့ လေဝင်လေထွက်ကိုပါ စဉ်းစားရမယ်။ လေက ဘယ်ကနေ ဘယ်လို လာသလဲ၊ ရန်ကုန်မှာရှိတဲ့ ကွန်ဒိုလို အဆောက်အဦးတွေ၊ စူပါမားကက်တွေကအစ လေဝင်လေထွက် ကောင်းဖို့ အသေအချာ တွက်ချက်ပြီး စနစ်တကျ ဆောက်ထားတာလားဆိုတာ အဲဒါတွေ အများကြီး ထည့်တွက်ရမှာ၊ ကိုယ်က ကိုယ်တယောက်တည်း လူအများကြီးနဲ့ အဝေးကြီးနေရုံနဲ့ မကူးဘူး ဆိုတာက ပြောဖို့ အရမ်း ခက်တယ်။ ဥပမာ ထားပါတော့၊ ကိုယ်က ဒီမှာနေတယ်၊ ခပ်ခွာခွာ နေတယ်၊ ဒါပေမဲ့ ကိုယ်နဲ့ ၆ ပေအကွာလောက်မှာ လူတွေရှိတယ်၊ သူတို့က ပေါ့စတစ် ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ လေ ဘယ်ကနေ ဘယ်လိုတိုက်သလဲ၊ ဟိုဘက်က ရောဂါရှိတဲ့သူဘက်ကနေ ကိုယ့်ဆီ ရောက်လာတယ် ဆိုရင်လည်း ကိုယ်ခပ်ခွာခွာ နေပေမဲ့ အဲဒီ လေင်လေထွက်ကြောင့်ပဲ ကိုယ်က ရောဂါ ရနိင်သေးတယ်။ အဲဒီတော့ အထိရောက်ဆုံးက ကာကွယ်ဆေး ထိုးတာပဲပေါ့နော်။ ကာကွယ်ဆေး မထိုးဘဲနဲ့ ခပ်ခွာခွာနေရုံပဲ ဆိုတာက ဘယ်လောက်အထိ ကိုယ်နေနိုင်မလဲ၊ ဘယ်လောက်အထိ လူတွေနဲ့ မထိတွေ့ဘဲ နေနိုင်မလဲ ဆိုတာ အမှန်အတိုင်း ပြန်စဉ်းစားကြည့်ရင်တော့ တကယ့် နေ့စဉ် ဘဝ၊ သဘာဝလက်တွေ့မှာ ခက်ခဲပါတယ်။
ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသည့်တိုင်အောင် ခုန ပြောသလို ခြောက်ပေအကွာ နေရမယ်၊ လက်ဆေးရမယ်၊ နှာခေါင်းစည်းတပ်ရမယ် ဆိုတာတွေကို လွှတ်ချလိုက်လို့ မရပါဘူး။ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးသည့်တိုင်အောင် ဒါတွေ အကုန်လုံး ဆက်လက် ကျင့်သုံးသင့်တယ်လို့ ပြောပါရစေ။
ရတဲ့ အချိန်မှာ ရတဲ့ ကာကွယ်ဆေးကို ထိုးပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ၊ ကိုယ့်မိသားစုကိုလည်း ကာကွယ်ပါ။ ကျွန်မတို့ အသက်ရှင်ဖို့ လိုပါတယ်။








