ရခိုင်မှာ တရုတ်ကိုဗစ်ကာကွယ်ဆေး စထိုးနေ

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုပို့ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲက ရခိုင်ပြည်နယ်အတွက် အသုံးပြုမယ့်ဆေးအချို့ မနေ့ကဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းက တပ်မတော်လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ရောက်ရှိလာခဲ့တဲ့ ဆေးတွေကို သံတွဲမြိုနယ်အတွင်းမှာတော့ ဇူလိုင် ၃၀ ရက်နေ့မှာပဲ စတင်ထိုးနှံပေးနေပြီး လူဦးရေ ၂၁၀ ဦးခန့်ကို ထိုးပေးပြီးဖြစ်တယ်လို့ သံတွဲဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက ပြောပါတယ်။
သံတွဲမြို့နယ်အတွက် ကိုဗစ်ကာကွယ်ဆေးအရေအတွက် ဘယ်လောက်ရရှိတယ်ဆိုတာကိုမသိရသေး ဘူးလို့ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းအပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး ယခုဆေးထိုး ပေးမယ့်သူတွေကို လည်း ယခင်ကနည်းတူ ဆေးစစ်ချက်တွေရယူပြီး ကျန်းမာရေးကောင်းမွန်နေသူ တွေကိုပဲ ဆေးထိုးပေးသွားမှာဖြစ်ပါတယ်။
ဦးစားပေးအနေနဲ့တော့ ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ အစိုးရဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်တွေကိုထိုးပေးသွားမှာဖြစ်တယ်လို့ သံတွဲဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက ပြောပါ တယ်။

"ကာကွယ်ဆေးကတော့ အခုလောလောဆယ်တော့ လူဦးရေ ၂၁၀ ထိုးပြီးပြီဗျ။ ကျွန်တော်တို့သံတွဲ အတွက်တော့ လူဦးရေ ၁၄၃၀ အတွက်ကိုထိုးပေးသွားမှာပါ။ ပြီးအောင်ထိုးပေးသွားမှာဖြစ်ပါတယ်။"လို့ ဒေါက်တာရဲဝင်းထွန်းက ပြောပါတယ်။
ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို ဇူလိုင်၃၀ ရက်ကစပြီး နေ့စဉ်မနက်ကိုးနာရီကနေ နေ့လယ်နှစ်နာ ရီအထိ ကို ထိုးပေးသွားမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတွေကို ယခင်နှစ်ကြိမ်အတွင်း လူဦးရေ တစ်သိန်းတစ်သောင်း ကျော်ကို ထိုးပေးထားပြီးဖြစ်ကာ အခုတတိယအကြိမ်မှာတော့ လူဦးရေဘယ်လောက်ထိ ထိုးနှံခွင့်ရရှိ မယ်ဆိုတာ မသိရသေးပါဘူး။
ဒါအပြင် စစ်တွေမြို့နယ်အတွင်းမှာလဲ ဇူလိုင်လ ၃၁ ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ နေရာတွေခွဲပြီး ထိုးပေးသွားမှာဖြစ်သလို ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေမှာလည်း ထိုးခွင့်ရရှိကြမှာဖြစ်ပေမယ့် ဆေးအရေအတွက်ဘယ်လောက်ရရှိမယ်ဆိုတာတော့မသိရသေးပါဘူး။
အခုရောက်ရှိလာခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးက ရခိုင်ပြည်နယ်အတွက်ဘယ်လောက်ရရှိပြီး ဘယ်မြို့နယ် တွေကိုဘယ်လိုခွဲဝေပေးသွားမလဲဆိုတာနဲ့ပတ်သက်လို့ သိခွင့်ရရှိဖို့အတွက် ပြည်နယ်ကောင်စီနဲ့ ပြည်နယ်ကျန်းမာရေးဌာနတွေကို မေးမြန်းနိုင်ဖို့ဖုန်းဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ယခင်က ကိုဗစ်ကာကွယ်ဆေးတွေကိုအယုံကြည်နည်းပါးတဲ့အတွက် ဆေးလာထိုးကြသူတွေ နည်းပါးခဲ့ပေမယ့် လက်ရှိမှာကိုဗစ်ကူးစက်မှုတွေမြင့်မားနေသလို ရောဂါလက္ခဏာကလည်း ပြင်းထန်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ကို စိတ်ဝင်စားသူတွေများပြားလာနေတာကိုလည်း တွေ့ရပါတယ်။
ဆေးထိုးမယ့်သူတွေကတော့ ကျန်းမာရေးကောင်းမွန်နေသူတွေဖြစ်ဖို့လိုအပ်သလို လတ်တလောမှာ ကိုဗစ် တတိယလှိုင်းအတွင်း ရောဂါကူးစက်ခံခဲ့ရပြီး ပြန်လည်နေကာင်းလာသူတွေ အနေနဲ့လည်း ကျန်းမာရေးဌာန ရဲ့သတ်မှတ်ထားတဲ့ မူဝါဒတွေနဲ့ကိုက်ညီလို့ရှိရင် ကာကွယ်ဆေးထိုးခွင့်ရရှိကြမှာဖြစ်တယ်လို့ သံတွဲဆေးရုံ အုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ ပိုးတွေ့သူအရေအတွက် ၂၆၂၂ ဦးရှိပြီး သေဆုံးသူအရေအတွက်က ၁၆၂ ဦးရှိပြီဖြစ်ကာ ယခင်ဖြစ်ပွားခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေထက် လေးဆခန့်မြင့်တက်နေတယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။








