ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးကမြို့နယ်အချို့မှာ အပြင်ထွက်ချိန်ကန့်သတ်၊ အပြင်ထွက်ခွင့်အတွက် ကတ်ပြားလုပ်ဖို့လိုတယ်လို့ ပြော
မန္တလေးခရိုင်က မြို့နယ်တချို့မှာ အပြင်သွားလာဖို့ ကန့်သတ်ထုတ်ပြန်ချက်စာတွေ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထွက်ပေါ်လာသလို၊ တချို့လည်း သွားလာခွင့်ကတ်တွေ ပြုလုပ်နေကြတယ်လို့ ဒေသခံလူတွေက ပြောပါတယ်။
"အပြင်ထွက်စရာ ရှိတော့ သွားလုပ်လိုက်တယ်။ နယ်ကျော်ခွင့်ကတ်က ငါးထောင်ပေးရတယ်။ အိမ်ထောင်စု ဇယား မိတ္တူပြရင် တစ်ကတ် ထုတ်ပေးတယ် " လို့ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက တွေ့မြင်ခဲ့ရတဲ့ အကြောင်းရာ တွေကို ပြောပြပါတယ်။
မန္တလေးက မြို့နယ် (၇) မြို့နယ်ကို stay at home(အိမ်တွင်းနေရေး)ကြေညာထားပြီးဖြစ်လို့ နံနက် ၆နာရီကနေ ၉နာရီအထိ ညနေ ၃နာရီကနေ ၆နာရီအထိ စျေးဝယ်ခွင့် ခွင့်ပြုပေးမှာဖြစ်ပြီး ကျန်းမာရေးနဲ့ အခြား အရေးကြီးကိစ္စမှအပ နေအိမ်ပြင်ပကို ထွက်ခွင့်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ပျက်ကွက်ရင် ဒဏ်ကြေး ကျပ်ငါးထောင် ကောက်ခံအရေးယူမယ်လို့ စစ်ကောင်စီခန့် မြို့နယ်စီမံခန့်ခွဲမှု အဖွဲ့ကနေ ကြေညာပါတယ်။
ဒီကြေညာချက်ကို မြို့နယ်တချို့မှာလည်း အသံချဲ့စက်နဲ့ ကားပေါ်တင်ပြီး ရပ်ကွက်တချို့ကို လိုက်ကြေညာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဈေးဝယ်ထွက်ခွင့်ကတ်နဲ့ နယ်ကျော်သွားခွင်ကတ်ပြားတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေဆီမှာ လုပ်ရပေမယ့် တချို့မြို့နယ် ရပ်ကွက်ရုံးတွေ မဖွင့်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအိမ်ကို သွားထုတ်ရတယ်လို့ ဒေသခံတချို့ က ဆိုပါတယ်။
"လှည့်အော်သွားတယ် ပြောတာ မနည်းနားထောင်ရတယ်။ ကားမရပ်ဘဲ အော်သွားတာ ဘာမှန်းမသိ လိုက်ဘူး။ ကျွန်တော်က သူတို့လက်အောက်မှာ သွားမယူဘူး။ ဘာလို့ဆို သူတို့ကို အသိမှတ်မပြုလို့ပဲ" လို့ ပြည်ကြီးတံခွန်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
အိမ်အပြင်ထွက်ဖို့ နယ်ကျော်ဖြတ်ခွင့်ကတ်တွေ ဈေးဝယ်ကတ်ကို မြို့နယ်ဒေသခံ အများစုက မပြုလုပ်ကြပါဘူးလို့လည်း ပြောပါတယ်။
အခုလိုလုပ်တာဟာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပြည်သူက အသိမှတ်ပြုလက်ခံဖို့ ကိုဗစ်ကို အကြောင်းပြပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒေသခံတချို့က မှတ်ချက်ပြု ပြောပါတယ်။
"အခု ကိုဗစ်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေက အဓိက တာဝန်ရှိတာ အာဏာသိမ်းတဲ့ သူတွေကြောင့်ပဲ။ ကိုဗစ်ကို အကြောင်းပြုပြီး အပြီးမသတ်ရသေးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖွဲ့တဲ့ ကိစ္စပဲ။ သူတို့သဘောနဲ့ ခန့်တဲ့ အုပ်ကြီးတွေကို အသက်သွင်းတဲ့ ပုံစံပဲ"လို့ ချမ်းအေးသာစံမြို့နယ်က ဒေသခံတစ်ဦးက ကြေညာချက်စာအပေါ် အမြင်နဲ့ စစ်ကောင်စီခန့် ရပ်ကျေးတွေကို အသိမှတ်မပြုသင့်ဘူးဆိုတာကို ပြောပါတယ်။
မန္တလေးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေအပြင် ကိုဗစ် လက္ခဏာအသွင်ဆောင်တဲ့ လူနာတွေ မြို့နယ်တိုင်း ရပ်ကွက်တိုင်းမှာ နေ့စဉ်များပြားလာပါတယ်။
ကိုဗစ်လူနာတချို့ဟာ ဆေးရုံတက်ခွင့် မရကြလို့ နေအိမ်မှာ နေထိုင်ရင်း ကုသမှုခံယူရတာတွေ ရှိလာပါတယ်။ ကိုဗစ်လက္ခဏာ ခံစားရတဲ့ နေအိမ်နေ လူနာအများစုဟာ အောက်ဆီဂျင်လိုအပ်ချက်တွေ ဆေးဝါးလိုအပ်ချက်တွေ ရှိနေလို့ ပြည်သူက ပြည်သူအကူညီနဲ့ လုပ်ဆောင်နေရတာတွေ ရှိပါတယ်။
လတ်တလော ရပ်/ကျေးထုတ်ပြန်ချက်တွေဟာ အောက်ဆီဂျင်လိုအပ်နေသူတွေအတွက် အထောက် အကူမဖြစ်လို့ ကိုဗစ်လူနာတွေကို ဘာလုပ်ပေးနိုင်သလဲဆိုတာကို အဓိကထား ဆောင်ရွက်သင့်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။