ရန်ကုန်မှာ အောက်ဆီဂျင်လိုအပ်ချက်ကို ဒေသအုပ်ချုပ်ရေးအဖွဲ့ကတဆင့်ထောက်ပံ့မယ်

ရေးသားခဲ့သည်။

ကိုဗစ်ကူးစက်မှုများပြီး အောက်ဆီဂျင်လိုအပ်ချက်မြင့်နေတဲ့ ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီဘက်က မြို့နယ်အလိုက်အောက်ဆီဂျင်ထောက်ပံ့ရေး အဖွဲ့တွေဖွဲ့စည်းပြီး ဇူလိုင် (၂၄)ရက်ကစကာ ‌အောက်ဆီဂျင် အခမဲ့ဖြန့်ဝေဖို့စီစဉ်နေတယ်လို့ ဒေသအာဏာပိုင်တွေက ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဘက်က မြို့နယ်အလိုက် လိုအပ်မယ့်အောက်ဆီဂျင်အိုးအရေအတွက်နဲ့ မည်သည့်အောက်ဆီ ဂျင်စက်ရုံမှာ ထုတ်ရမယ်ဆိုတာကို စီစဉ်ပေးပြီး အောက်ဆီဂျင်လေရရှိဖို့အတွက်တော့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ပရဟိတအသင်းတွေ ကိုယ်တိုင်ဆောင်ရွက်ရမှာလို့ဆိုပါတယ်။

အောက်ဆီဂျင်လိုအပ်တဲ့ ပြည်သူတွေဘက်ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာယူ၊ အောက်ဆီဂျင်အိုးကိုယ်တိုင်ပါသွားမှသာ သက်ဆိုင်ရာနေရာမှာ‌အောက်ဆီဂျင်ထည့်ခွင့် ရမှာဖြစ်ပါတယ်။

မြေပြင်မှာတော့ မြို့နယ်အနေနဲ့ တိုင်းအဆင့်က သတ်မှတ်ပေးထားတဲ့အိုး အရေအတွက်ရဖို့အတွက်ပါ ခက်ခက်ခဲခဲရှာဖွေရပြီး အောက်ဆီဂျင်ရဖို့အများနည်းတူတန်းစီ စောင့်ဆိုင်းနေရတဲ့ အကြောင်း ဗဟန်းမြို့ နယ်၊ကျိုက္ကဆံရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘီဘီစီကိုပြောပါတယ်။

' ' အခု သူတို့ပေးတဲ့ခွဲတမ်းက အလုံး ၂၀ ပဲရတာ။ ဘယ်လိုပြန်ပေးရမလဲမသိသေးဘူး။ တကယ်တမ်းဆို အဖြစ်များဆုံးထဲမှာ ကျွန်တော်တို့ရပ်ကွက်လည်းပါတယ်။ တကယ်တမ်းကျတော့ အောက်ဆီဂျင်မလုံ လောက်ပါဘူး။ ဖြစ်စေချင်တာကတော့ အောက်ဆီဂျင်ကိုမျှမျှတတပေးနိုင်မယ်ဆိုရင် မြို့နယ်အနေနဲ့ ရောတိုင်းနဲ့ရော အကုန်ဝမ်းသာစရာဖြစ်ပါမယ်။''လို့ မြေပြင်မှာ စီမံခန့်ခွဲရာမှာ မြို့နယ်တစ်ခုစာတင် လုံလောက်အောင်မျှဝေဖု့ိမလွယ်ကူတဲ့အခြေအနေကိုသူကပြောပြပါတယ်။

လက်ရှိမှာ ကူးစက်မှုများပြီး သေနှုန်းမြင့်နေတဲ့ ကိုဗစ်လှိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ စစ်ကောင်စီဘက်က အခုလို အောက်ဆီဂျင်အခမဲ့ဝေတာကိုစီစဉ်လာပေမယ့် စက်ရုံတွေနဲ့ အောက်ဆီဂျင် ထည့်ပေးတဲ့နေရာတွေရှေ့မှာတော့ လူတန်းစီစောင့်ဆိုင်းနေကြဆဲဖြစ်ပြီး အောက်ဆီဂျင် ပွဲစားဈေးကွက် တခုလည်း ရှိနေပါသေးတယ်။

ဒါ့အပြင် ကိုဗစ်ကူးစက်မှုထိန်းချုပ်ရေးအတွက် အများပြည်သူ ရုံးပိတ်ရက်ဆိုပြီး (၂)ပတ်ပိတ်ထားရာကနေ လာမယ့် သြဂုတ်လ (၁)ရက်အထိ အလုပ်ပိတ်ရက် တပတ်ထပ်တိုးတယ်လို့ စစ်ကောင်စီဘက်က့ဇူလိုင် (၂၃)ရက် မှာ ကြေညာခဲ့ပါတယ်။

ဒီလိုပိတ်ထားတာ ၁ပတ်ကျော်လာချိန်မှာတော့ မြေပြင်က ကိုဗစ်ကူးစက်မှုအခြေအနေကတော့ ထိန်းချုပ် နိုင်တာမျိုးမရှိသေးဘူးလို့ ရန်ကုန်မြို့မှာနာရေးကူညီမှုဆောင်ရွက်နေတဲ့ ပရဟိတအသင်းတသင်းက တာဝန်ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

' ' အဓိက လော့ဒေါင်းလုပ်ရုံနဲ့ အဆင်မပြေဘူး။ ကျန်းမာရေးစောင့်ရှောက်မှုအရမ်းအားနည်းတာ။ အခုက ပြောထားပြီးသား အောက်ဆီဂျင်ကျရင်လက်မခံဘူး အရမ်းဖျားနေရင် လက်မခံဘူး။ အစိုးရဆေးရုံက နာ့စ်မလေးတွေပြောတာ ကျွန်တော်ကိုယ်တိုင်ကြားခဲ့ရတာ။ ဒီလူနာတွေကိုစောင့်ရှောက်မှုပေးမှ သေဆုံးမှု ကကျမှာ။ မပေးသရွေ့တော့ သေဆုံးမှုက မကျတဲ့ အပြင်ပုံမှန်သွားနေမှာပဲ။''လို့ သူကပြောပြပါတယ်။

ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာသာမက ပြည်တွင်းက မြို့အတော်များများမှာ ကိုဗစ်ကူးစက်မှုများနေပြီး မကွေးမြို့မှာဆို မနက် (၉)နာရီနောက်ပိုင်းအပြင်ပေးမထွက်တာ၊ ပဲခူးတိုင်း၊ ဖြူးမြို့မှာဆို ကတ်ပြားပါမှာ ဈေးထွက်ဝယ်လို့ရတာတွေကို ဒေသအလိုက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်နေကြ ပါတယ်။

ပြည်သူတွေကြားမှာတော့ နေအိမ်မှာနေထိုင်ပြီး ကိုဗစ်ကူးစက်ခံရကာ အသက်ဆုံးရှုံးရသူတွေရဲ့ သတင်းကို နေ့စဉ်ကြားနေရပြီး ပြည်သူအချင်းချင်းကူညီတဲ့ အလံဝါထောင်တဲ့စနစ်တခုကို ရန်ကုန်မှာ တွင်တွင် ကျယ်ကျယ် သုံးလာတာကို တွေ့လာရပါတယ်။