မြောက်ဦးကိုယ်ထူကိုယ်ထစက်ရုံကထုတ်မယ့်အောက်စီဂျင် ဆေးရုံတွေသာပေးရမယ်လို့ ပြည်နယ်ကောင်စီစာထုတ်

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ရှိအောက်စီဂျင်စက်က ထွက်ရှိတဲ့အောက်စီဂျင်တွေကို ပြည်နယ်က ချမှတ်ထားတဲ့မူဝါဒဖြစ်တဲ့ ကိုဗစ်- ၁၉ ကုသရေးပြည်သူ့ဆေးရုံတွေကိုသာ ဖြန့်ဖြူးရန် ဆိုတဲ့အတိုင်း လိုက်နာစေဖို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားချက်တစ်ရပ် ဇူလိုင် ၂၂ ရက် ညနေပိုင်းက ထွက်လာခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် တတိယလှိုင်းဖြစ်ပွားမှုနဲ့ ကုသရေးလုပ်ငန်းစဉ် တွေမှာ အခက်အခဲရှိနေတာနဲ့ပတ်သက်လို့ ဇူလိုင်လ ၂၂ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနဲ့အဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနဲ့အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာက ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်အတွင်းကိုဗစ်-၁၉ ကုသရေးနဲ့ပတ်သက်လို့ အချက် ၁၂ ချက်ကို ဆုံးဖြတ်ခဲ့ကြပြီး အဲ့ဒီအထဲမှာ မြောက်ဦးက ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံကို ထိန်းချုပ်မှုတွေပြု လုပ်နိုင်ရေး အတွက် ဆုံးဖြတ်ချက်တစ်ခုပါဝင်လာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဆုံးဖြတ်ချက်နဲ့ပါတ်သက်လို့ မြောက်ဦးက အောက်စီဂျင်စက်ရုံတာဝန်ရှိသူတွေဘက်ကတော့ အခက်အခဲကြုံနေရသူတွေကိုကူညီပေးနိုင်အောင် တည်ဆောက်ထားတာဖြစ်တဲ့အတွက် အဲဒီစက်ရုံကို အများအသုံးပြုနိုင်တဲ့စက်ရုံအဖြစ် ဖြန့်ဖြူးပေးသွားမှာဖြစ်တယ်လို့ စက်ရုံတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ကတော့ အကုန်လုံးကို အဆင်ပြေပြေနဲ့ကူညီချင်တဲ့ဆန္ဒပေါ့နော်။ ဆရာတော်ကြီးကလဲ ခုနှစ်ရက်သားသမီးအတွက်ကို ပံ့ပိုးကူညီပေးထားတာဆိုတော့ ကျွန်တော်တို့လည်း အကုန်လုံးကိုပေးမှာပေါ့နော်။ ဆေးရုံတစ်ခုတည်းကိုမဟုတ်ဘဲ အခက်အခဲဖြစ်နေတဲ့လူနာတွေပေါ့။"လို့ ဦးသန်းထွန်းက ပြောပါတယ်။

လက်ရှိမှာကိုဗစ်- ၁၉ ရောဂါကူးစက်မှုကြောင့် လူနာတွေအတွက် မြို့နယ်တိုင်းမှာ အောက်စီဂျင်လိုအပ်ချက် တွေရှိနေပြီး အောက်စီဂျင်ရှားပါးမှု၊ ပြတ်လပ်မှုတွေနဲ့ရင်ဆိုင်လာနေကြရတဲ့ အတွက် မြောက်ဦးမြို့ရတနာ့ မာရ်အောင်ဆရာတော် (မြောက်ဦးဆရာတော်)အရှင်ဝါယာမိန္ဒရဲ့ကမကထပြုမှုကြောင့် နန်းရိပ်ဂရုဏာ အောက်စီဂျင်အခမဲ့ကူညီရေးအဖွဲ့က ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထတည်ဆောက်ထားတဲ့ စက်ရုံဖြစ် ပါတယ်။

အဲဒီ အောက်စီဂျင်စက်ရုံကို အခုလအတွင်းမှာ အသစ်တည်ဆောက်ပြီး စတင်လည်ပါတ်လို့ နှစ်ရက် မြောက်နေ့မှာ ပြည်နယ်ကောင်စီဘက်က အခုလို ကန့်သတ်မှုတွေပြုလုပ်လာခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူတွေလည်းများပြားလာနေပြီး အောက်စီဂျင်ပေးထားရသူ ၃၆၀ ကျော်ရှိနေကာ ပြည်နယ်တွင်းကထုတ်လုပ်နိုင်တဲ့ အောက်စီဂျင် ပမာဏနဲ့ လုံလောက်မှုမရှိတဲ့အတွက် တခြားဒေသတွေကနေမှာယူအသုံးပြုနေရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ၁၇မြို့နယ်မှာ စစ်တွေဆေးရုံကြီးနဲ့ ကျောက်ဖြူဆေးရုံမှာသာ အောက်စီဂျင်ထုတ်လုပ်နိုင်ပြီး ကျန်မြို့နယ်တွေမှာ ထုတ်လုပ်နိုင်ခြင်းမရှိသေးသလို အခုရက်ပိုင်းအတွင်း မြောက်ဦးက ကိုယ်ထူကိုယ်ထ စက်ရုံက အောက်စီဂျင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ကောင်စီအနေနဲ့ အခုလိုအောက်စီဂျင်ကန့်သတ်မှုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်းများပြားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဘာကြောင့်ထိန်းချုပ်မှုတွေဆာင်ရွက်ရတယ်ဆိုတာကိုသိရှိနိုင်ဖို့ ပြည်နယ်အဆင့်တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဇူလိုင် ၂၃ ရက်နေ့မှာ ပြည်နယ်ကောင်စီအဖွဲ့နဲ့ တပ်မတော်တို့ အစည်းအဝေးတွေ ဆက်လက်ပြုလုပ်ခဲ့ကြ ပြီး ညနေပိုင်းမှာတော့ ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများကို ထိန်းချုပ်နေခြင်း မဟုတ်ကြောင်း ထုတ်ပြန်ချက်တစ်စောင်ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

လူမှုကွန်ရက်မီဒီယာများမှ မသေချာမရေရာသောသတင်းများ၊ အပြုသဘောမဆောင်သောသတင်းများအား ဖော်ပြနေမှုကိုစိစစ်ပြီး လိုအပ်ပါက ပထမအဆင့်အနေဖြင့် ခေါ်ယူအသိပေး ပြောကြားသွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ရေးသားပါရှိပါတယ်။

ဒါအပြင် ကျောက်ဖြူဆေးရုံကထွက်ရှိတဲ့အောက်စီဂျင်တွေကိုလည်း တခြားမြို့နယ်တွေကိုပါမျှပြီး ဖြည့်ပေး နေရတာတွေရှိနေတယ်လို့သိရပါတယ်။ ဒါကြောင့် အောက်စီဂျင်ဖြည့်သွင်းမယ့် ဌာန သို့မဟုတ် အသင်းအဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရဲ့ ခွင့်ပြုချက်တွေပါမှ ထုတ်ပေးတော့မှာဖြစ်တယ်လို့လည်း ကျောက်ဖြူ ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင် လက်မှတ်နဲ့ အကြောင်းကြားစာတစ်စောင် မနေ့ကထွက်ရှိလာခဲ့ပါတယ်။

အခုလိုအကြောင်းကြားစာကို ဘာကြောင့်ထုတ်ပြန်ရလဲဆိုတာနဲ့ပတ်သက်လို့သိရှိနိုင်ဖို့ ဒေါက်တာရဲလွင် မောင်ကို ဘီဘီစီကဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဇူလိုင် ၂၂ရက်က ပြည်နယ်ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းမှူးတို့တွေ့ဆုံတဲ့အစည်းအဝးဆုံးဖြတ်ချက် ၁၂ ချက်မှာ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ သတင်းမီဒီယာတွေနဲ့အမေးအဖြေတွေ မလုပ်ကြဖို့ကိုလည်း ကန့်သတ်တဲ့ အချက်တစ်ချက်ပါဝင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့မြောက်ဦးကထုတ်တဲ့အောက်စီဂျင်တွေကို မြောက်ဦးအပြင် စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ်မြို့နယ်တွေက ရောက်ရှိလာသူတွေကိုဖြည့်သွင်း ပေးနေတယ်လို့ နန်းရိပ်ဂရုဏာ အောက်စီဂျင်အခမဲ့ကူညီပေးရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်ခံရသူပေါင်း ၁၉၂၈ ဦး၊ သေဆုံးသူ ၈၃ ဦးရှိပြီး လက်ရှိဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရသူကတော့ ၁၀၅၅ ဦးရှိနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရောဂါကူးစက်ခံရမှုတွေမြင့်တက်လာနေသလို သေဆုံးမှုတွေကလည်းတိုးလာနေပြီး အောက်စီဂျင်ပြတ်လပ် မှုတွေနဲ့လည်းကြုံနေရတာကြောင့် ဆေးရုံတွေနဲ့ အကူအညီပေးရေးအဖွဲ့အစည်း တွေအနေနဲ့ အောက်စီဂျင်တွေကို အလွယ်တကူဖြည့်သွင်းလို့ရမယ့်နေရာတွေကနေ ရှာဖွေပြီးလူနာတွေရှိတဲ့နေရာတွေကို အရောက်ပို့ပေးနေကြရတာဖြစ်ပါတယ်။