ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ကိုဗစ်ကာကွယ် ကုသရေး ဆေးပစ္စည်းတွေ တင်သွင်း
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနဲ့ဆိုင်တဲ့ ဆေးဝါးပစ္စည်းတွေကို တရုတ်နိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံထဲ နယ်စပ်ဂိတ်တွေကနေ တင်သွင်းနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများလာတဲ့ ဇူလိုင်လဆန်းက စလို့ တရုတ်နိုင်ငံက နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ထားလိုက်သလို နယ်စပ်ကုန်သွယ်ရေးမြို့တွေကိုလည်း လော့ဒေါင်းချထားခဲ့တာ ဖြစ်ပါတယ်။
နယ်စပ် ပိတ်လိုက်တာကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဟာ လုံးဝ ရပ်သွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနဲ့ ဆိုင်တဲ့ပစ္စည်းတွေကို တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲ တင်သွင်းဖို့ကိုတော့ နှစ်နိုင်တာဝန်ရှိသူတွေကြား ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံထဲ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ကာကွယ်ရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ တင်သွင်းချင်တဲ့သူတွေကို စီပွားကူးသန်းဘက်က တရုတ်သံရုံးဘက်ကနေ တစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ပေးနေတဲ့အကြောင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးမြတ်သူရက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ကတည်းကစလို့ ရွှေလီမြို့ကို တရုတ်အာဏာပိုင်တွေက လော့ခ်ဒေါင်း ချထားလိုက်ပြီး မြို့ထဲအဝင်အထွက်တွေကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ကပ်လျက် တရုတ်နိုင်ငံ ရွှေလီမြို့မှာ လူအမြောက်အများကို ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးမှုတွေ လုပ်ခဲ့ရာမှာ နောက်ထပ် တရုတ်လူမျိုး ၄ ဦးနဲ့ မြန်မာလူမျိုး ၅ ဦးတို့ မှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရကြောင်း ဇူလိုင်လ ၁၀ရက်ဝန်းကျင်က တွေ့ရှိခဲ့ပါတယ်။
ရောဂါကူးစက်ခံထားရတဲ့ မြန်မာ ၅ ဦးထဲမှာ အသက် ၁၁ နှစ်အရွယ် ကလေးမလေးတစ်ဦးလည်း ပါတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ရွှေလီမြို့မှာ သီတင်းတစ်ပတ်အတွင်း ရောဂါကူးစက်သူပေါင်း ၅၉ ဦး ရှိသွားခဲ့ပါတယ်။
ဒယ်လ်တာ ကူးစက်မြန် ကိုဗစ်ရောဂါပိုး ကူးစက်သူတွေ အကြီးအကျယ် တိုးပွားလာနေတဲ့ မြန်မာနိုင်ငံမှာ သေဆုံးသူအရေအတွက် ၅၀၀၀ ကျော်လာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီ တစ်ရက်တည်း အတည်ပြုသေဆုံးစာရင်း ၂၈၀ ခန့်အထိ ရှိလာခဲ့ပါတယ်။
တရုတ်နယ်စပ်ကို ရောက်လာတဲ့ ဆေးဝါးပစ္စည်းတွေဟာ တရုတ်အစိုးရက သတ်မှတ်ထားတဲ့ အာမခံချက်နဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပါမှသာ တရုတ်အကောက်အခွန်ဌာနက မြန်မာနိုင်ငံထဲကိုတင်ပို့ခွင့်ပေးပြီး အာမခံချက် မရှိတဲ့ကုမ္ပဏီက တင်သွင်းတဲ့ ဆေးဝါးနဲ့ပစ္စည်းတွေကိုတော့ တရုတ်အကောက်ခွန်ဌာနက မြန်မာနိုင်ငံထဲ ပေးမသွင်းဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
ဒီရက်ပိုင်းမှာတော့ အောက်စီဂျင်အိုးတွေကို နယ်စပ်ဂိတ်တွေက စတင်တင်ပို့နေပြီလို့ ဦးမြတ်သူရက ဆိုပါတယ်။
တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ် -၁၉ ကပ်ရောဂါ ကာကွယ် ကုသရေးနဲ့ဆိုင်တဲ့ ဆေးဝါး ပစ္စည်းတွေ မြန်မာနိုင်ငံထဲရောက်ဖို့အနည်းဆုံး ၃ ရက်လောက်ကြာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
တရုတ်နိုင်ငံထဲက မြို့တချို့ကို တရုတ်အစိုးရက လော့ဒေါင်းချထားတဲ့အတွက် လမ်းတစ်လျှောက် စစ်ဆေးမှုတွေများနေတဲ့အတွက်လည်း ကြန့်ကြာမှုတွေရှိနေတာလို့ ပြောပါတယ်။
အခုလို တရုတ်နိုင်ငံအပါအဝင် နယ်စပ်ဂိတ်တွေက အောက်ဆီဂျင် အပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါ အတွက် ကာကွယ်ရေးနဲ့ကုသရေးဆေးတွေ စတင်တင်သွင်းနေပေမဲ့ မြန်မာနိုင်ငံထဲက ကိုဗစ်-၁၉ ကပ်ရောဂါအဖြစ်များတဲ့ မြို့နယ်တွေမှာတော့ အောက်ဆီဂျင်လိုအပ်ချက်တွေကတော့ ရှိနေပါသေးတယ်။
မြန်မာ-တရုတ်နယ်စပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ တိုးလာလို့ ဆိုပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားပေမယ့် ပြန်ဖွင့်ဖို့က ၁၄ ရက် သို့မဟုတ် ၂၁ ရက်လောက် ကြာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ပို့ကုန်ရော သွင်းကုန်ရော ပိတ်လိုက်တဲ့ မြန်မာ-တရုတ် နယ်စပ်မှာ ဟိုဘက် ဒီဘက် ကားစီးရေ ၂၀၀၀ လောက် ပိတ်မိနေခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အကူအညီပေးဖို့အတွက် တရုတ်နိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း အများအပြားကို ကုန်းလမ်း၊ စင်းလုံးငှား ကုန်တင်လေယာဉ် စတဲ့ နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံကို ပို့ဆောင်လျက်ရှိတယ်လို့ မြန်မာနိုင်ငံတရုတ်သံရုံးက ထုတ်ပြန်ထားခဲ့ပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့က အောက်ဆီဂျင်အိုး အလုံးရေ ၇၀၀ ကျော်နဲ့ နှာခေါင်းစည်း၊ ကာကွယ်ရေးဝတ်စုံ စတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း အများအပြား ချင်းရွှေဟော်နယ်စပ်ဂိတ်ကတစ်ဆင့် မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း နေ့စဉ် စင်းလုံးငှား ကုန်တင်လေယာဉ် အနည်းဆုံး ခြောက်စင်း၊ ခုနစ်စင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အောက်ဆီဂျင်စက်၊ အသက်ရှူစက်၊ ဆေးကုသရေးစက်ပစ္စည်း စတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေ ပို့ဆောင်ခဲ့ပြီး စင်းလုံးငှား ကုန်တင်လေယာဉ်နဲ့ ပို့ဆောင်ပေးတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေဟာ တစ်စင်းကို ပျမ်းမျှအားဖြင့် ၁၀ တန်နဲ့အထက် ရှိတယ်လို့ ဆိုပါတယ်။