ရခိုင် ကိုဗစ်ကူးစက်ခံရသူနဲ့ သေဆုံးသူတိုး၊ နှစ်ပတ် အပြင်မထွက်ဖို့ အေအေစာထုတ်

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဇူလိုင်လ ၁၉ ရက် မနေ့က တစ်ရက်တည်းမှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကူးစက်ခံရသူတွေရော သေဆုံးသူတွေပါ စံချိန်တင်ဖြစ်ပွားခဲ့တယ်လို့ ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ကိုဗစ် တတိယလှိုင်းဖြစ်ပွားနေတဲ့ သုံးလတာကာလအတွင်း ပိုးကူးစက်ခံရသူပေါင်း မနေ့ကတစ်နေ့တည်းမှာ ၁၀၉ ဦးနဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၁ ဦးရှိခဲ့ပြီး ဒါဟာ ရခိုင်တစ်ပြည်နယ်လုံးမှာ စံချိန်တင်သေဆုံးမှုတစ်ခုဖြစ်တယ်လို့ အဲဒီအဖွဲ့ဝင် ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကို မေလ ၁၂ ရက်နေ့က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သုံးလကျော်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူပေါင်းက ဇူလိုင်လ ၁၉ ရက်နေ့အထိ ၁၅၅၁ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၅၇ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၀ ရက် ဒီကနေ့မှာလည်း သေဆုံးသူတွေရော ကူးစက်ခံရသူတွေပါ ဆက်ရှိနေခဲ့ပြီး မနက်ပိုင်းက စစ်တွေဆေးရုံမှာ သုံးဦး၊ တောင်ကုတ်ဆေးရုံမှာ နှစ်ဦး၊ မာန်အောင်ဆေးရုံမှာ တစ်ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပြီး သံတွဲမြို့နယ်အတွင်း ပိုးတွေ့အတည်ပြုလူနာ ၈ ဦးတွေ့ရှိထားပြီလို့ ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

လက်ရှိ တတိယလှိုင်းအတွင်း ရခိုင်မှာ ကိုဗစ်ကြောင့်သေဆုံးခဲ့ရသူတွေဟာ ဇူလိုင်လတစ်လတည်းမှာ သေဆုံးခဲ့ကြသူတွေ ဖြစ်ပါတယ်။

မနေ့ကစစ်တွေမြို့ဆေးရုံကြီးမှာသေဆုံးခဲ့သူ တွေထဲ သံဃာတော်နှစ်ပါးလည်းပါဝင်ပြီး အဲ့ဒီသံဃာတော်တွေဟာ စစ်တွေမြို့ကဘုန်းတော်ကြီးကျောင်းတွေဖြစ်တဲ့ ဝါဘိုဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်နဲ့ ဝိစာလင်္ကာရ ဘုန်းတော်ကြီးကျောင်းက ဦးပဉ္စင်းတစ်ပါးတို့ဖြစ်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရပြီး ဆေးကုသမှုခံယူနေရတဲ့ စစ်တွေမြို့က ဝါတော်ကြီး သက်တော်ကြီးဆရာတော်ကြီးတွေလည်းရှိနေပြီး အဲ့ဒီဘုန်းတော်ကြီးကျောင်းတွေကိုတော့ လက်ရှိမှာ လော့ဒေါင်းချထားတယ်လို့ သိရပါတယ်။

ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူတွေထဲမှာ ရောဂါလက္ခဏာပြင်းထန်သူတွေ အနည်းအကျဉ်းရှိပြီး စိုးရိမ်ရသူတွေမရှိဘူးလို့ ကျန်းမာရေးဌာနဘက်က ပြောဆိုတာတွေရှိနေပေမဲ့ လက်တွေ့မှာတော့ နေ့စဉ်သေဆုံးသူတွေရှိနေပါတယ်။

အခုလို လူသေဆုံးမှုတွေမြင့်တက်လာနေပြီး ကူးစက်မှုတွေလည်း များပြားနေတဲ့အချိန်ကာလမှာ Stay at home သို့မဟုတ် လော့ဒေါင်း လုပ်သင့်နေပြီလို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုတာတွေလည်း ရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကတော့ ကူးစက်မှုမြင့်မားနေတဲ့မြို့နယ်တွေကို အသွားအလာကန့်သတ်မှုတွေပြုလုပ်ဖို့ မရှိသေးသလို လော့ဒေါင်းလုပ်မယ်ဆိုရင်လည်း ပြည်ထောင်စုအဆင့်ကို တင်ပြပြီးမှ ညွန်ကြားချက်တွေအတိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီရဲ့ ပြောခွင့်ရသူ ဦးလှသိန်းက ပြောထားပါတယ်။

"လောလောဆယ်တော့မရှိသေးပါဘူးချင်ဗျား၊ ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ ဆေးရုံရောက်တဲ့လူနာတွေက အောက်စီဂျင်လိုအပ်တဲ့အချိန်လောက်မှ ရောက်ကြတယ်။ ဆေးရုံရောက်တာနောက်ကျတယ်ဆိုတာကို ကျွန်တော်တို့သုံးသပ်တွေ့ရှိရပါတယ်။ တခြားအချက်အလက်တွေပါ စုစည်းပြီးမှ Home stay လုပ်သင့်မလုပ်သင့်ဆိုတာကို ပြည်ထောင်စုကို တင်ပြပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။ လတ်တလောတော့ လုပ်ဖို့အစီအစဉ်မရှိသေးပါဘူး"လို့ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ စစ်တွေဆေးရုံကြီးပေါ်မှာ အောက်စီဂျင်ပေးပြီး ကုသထားရတဲ့ ကိုဗစ်လူနာတစ်ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာရှင်တွေအကြားအချင်းများနေကြတဲ့ ဗီဒီယိုင်တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အောက်စီဂျင်ကိစ္စကြောင့် လူနာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအကြား မပြေလည်မှုတွေရှိခဲ့တာကြောင့် တာဝန်ကျဆရာမတစ်ဦးလည်း ခြိမ်းခြောက်ခံရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

လူနာရှင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအကြား ဖြစ်ပွားခဲ့တဲ့မပြေလည်မှုတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ပြည်နယ်ကျန်းမာရေးဌာနနဲ့ စစ်တွေဆေးရုံအုပ်ကြီးတို့ဆီကို မေးမြန်းနိုင်ဖို့ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အရေးပေါ်အစည်းအဝေးတွေရှိနေတာကြောင့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

စစ်တွေဆေးရုံကြီးမှာ အောက်စီဂျင်ထုတ်လုပ်နိုင်တဲ့စက် နှစ်လုံးရှိပြီး တစ်နေ့ကို အောက်စီဂျင်အိုးအကြီး အလုံး ၆၀ အထိထုတ်လုပ်နိုင်ပြီး တခြားအောက်စီဂျင်လိုအပ်တဲ့မြို့နယ်ဆေးရုံတွေကိုလည်း ဖြန့်ဖြူးပေးထားပြီး လက်ရှိအခြေအနေအရ စစ်တွေဆေးရုံကြီးမှာ အောက်စီဂျင်ပြတ်လပ်မှုတွေ လတ်တလောမှာ မရှိနိုင်သေးဘူးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောဆိုထားပါတယ်။

စစ်တွေဆေးရုံကြီးမှာ ကိုဗစ်ဝေဒနာရှင်တွေကို အောက်စီဂျင်အလုံအလောက် ထုတ်မပေးနိုင်လို့ သေဆုံးမှုတွေမြင့်တက် လာနေတာဖြစ်တယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ ရေးသားပြောဆိုနေကြပေမယ့် အရပ်ဘက်ကြားခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့ကတော့ ဒါဟာ ကာလာဟလဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်တွေဆေးရုံကြီးမှာကတော့ ပုံမှန်လည်ပတ်နေတဲ့ အောက်စီဂျင်ပလန့် နှစ်လုံးရှိတယ်။ အလုံအလောက်တော့ ရှိတယ်။ အဲ့ဒီထဲကတောင် တခြားမြို့နယ်တွေကို မျှဝေပေးနေတာရှိတယ်"လို့ ကိုဇော်လှိုင်ထွန်းက ပြောဆိုပါတယ်။

အခုလိုအရေးကြီးတဲ့ကာလမှာ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်တွေပေါ်မှာ ရေးသားချင်တယ်ဆိုလို့ရှိရင်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဖုန်းဆက်မေးမြန်းပြီးတော့မှ ရေးသားသင့်တယ်လို့ သူက အကြံပြုထားပါတယ်။

အခုလို ရခိုင်ပြည်နယ်အတွင်း ကူးစက်မှုတွေမြန်မြန်ဆန်ဆန်တိုးလာနေတာဟာ လူတွေအနေနဲ့စည်းကမ်းချက်တွေကို လိုက်နာမှုအားနည်းတာတွေ၊ အနေအထိုင်ပေါ့ဆကြတာတွေ၊ အကာအကွယ်ပစ္စည်းတွေကို အသုံးပြုမှုနည်းပါးတာတွေအပြင် အရပ်ထဲ မဟုတ်မမှန်ပြောဆိုမှုတွေကြောင့် အချိန်လွန်မှဆေးရုံရောက်ရှိလာခဲ့ကြတာတွေများပြားနေတယ်လို့ ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။

ဒေသအာဏာပိုင်တွေဘက်ကတော့ ကိုဗစ်ကူးစက်မှုလျော့နည်းစေဖို့အတွက် ထုတ်ပြန်ထားတဲ့အမိန့်တွေကို မလိုက်နာနဲ့သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာရှိနေပေမယ့် လူတွေကိုအပြစ်ပေးနေရုံနဲ့ မထိရောက်နိုင်တဲ့အတွက် မြို့တွေကိုစည်းနဲ့ကမ်းနဲ့ စနစ်တကျထိန်းချုပ်ဖို့လိုအပ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုကြပါတယ်။

တစ်ဖက်မှာတော့ ကိုဗစ်တတိယလှိုင်းရဲ့ရိုက်ခတ်မှုဟာ ယခင်ဖြစ်ပွားခဲ့တဲ့အကြိမ်တွေထက် ပြင်းထန်နေတာကြောင့် မြို့နယ်အလိုက်အသွားအလာကန့်သတ်မှုတွေကို ပြုလုပ်ဖို့လိုအပ်လာနေတာကြောင့် ဒီကနေ့ ဇူလိုင် ၂၀ ရက်စွဲနဲ့ ရက္ခိုင့်တပ်တော် အေအေက ရခိုင်ပြည်သူတွေကို နှစ်ပတ်အပြင်မထွက်ကြဖို့၊ သတ်မှတ်စည်းကမ်းချက်တွေကို လိုက်နာပြီး အကာအကွယ်ပစ္စည်းတွေ အသုံးပြုကြဖို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ဟာ ဒီကနေ့ကစ အကျုံးဝင်ပြီး နှစ်ပတ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ သေဆုံးမှုနှုန်းတွေအပေါ်မူတည်ပြီး လိုအပ်သလိုထုတ်ပြန်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

လူတွေကိုအပြန်မထွက်ကြဖို့ ထုတ်ပြန်ထားတဲ့ နှစ်ပတ်တာကာလအတွင်း စားဝတ်နေရေးအခက်အခဲရှိသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ မြို့၊ ရပ်ရွာ၊ ရပ်ကွက်ခေါင်းဆောင်တွေစုပေါင်းပြီးတော့ ကူညီဖြေရှင်းပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ထုတ်ပြန်ချက်ကိုမလိုက်နာဘဲ စည်းကမ်းချိုးဖောက်တာတွေကို တွေ့ရှိလို့ရှိရင်လည်း ကိုဗစ်စည်းကမ်းတွေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။