ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မှာ နာရေး ကူတဲ့ကားတွေ အလောင်းတွေထပ်ပြီး သယ်ယူ သင်္ဂြိုဟ်ပေးနေရ
ကျန်းမာရေးနဲ့အားကစား ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့ ၃ရက်အတွင်း ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးသူပေါင်း ၆၀၀ နီးပါး ရှိခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့အထိ သေဆုံးခဲ့သူ စုစုပေါင်း ၅၀၀၀ ရှိပြီလို့ သိရပါတယ်။
လက်ရှိမှာ ကိုဗစ်လက္ခဏာပြလို့ ဆေးရုံဆေးခန်း သွားရင် ဘယ်ကမှ လက်မခံတာကြောင့် အိမ်မှာဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသနေရသူတွေ အများအပြားရှိပြီး တချို့ဆို မိမိအိမ်မှာတင် သေဆုံးနေလို့ လူမှုကူညီရေး အသင်းတွေက အလောင်းတွေ ဆွဲထုတ်နေရတဲ့ အခြေအနေမျိုး ဆိုက်ရောက်တယ်လို့ နာရေးကူညီနေသူတွေကပြောပါတယ်။
ဒါကြောင့် တကယ်လက်တွေ့မြေပြင်မှာ ကိုဗစ် ၁၉ရောဂါနဲ့ သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးနဲ့အားကစား ၀န်ကြီးဌာန ထုတ်ပြန်တာထက် အဆပေါင်းများစွာ ပိုများနိုင်တယ်လို့ လူနာတွေကို လိုက်လံပြုစု၊ အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့ စီစဥ်ပို့ဆောင်ပေးရတဲ့ ပရဟိတသမားတွေက ပြောပါတယ်။
အရင်လို ကားတစီးကို တစ်လောင်း သယ်တဲ့ အနေအထားမျိုး မဟုတ်တော့ဘဲ၊ ကားတစ်စီးမှာ ၂ လောင်း ၃လောင်း သယ်ပြီးသုသာန်ကို ပို့ပေးနေရတယ် ၊ သုသာန်မှာလည်း ကားတွေတန်းစီနေလို့ အကြာကြီး စောင့်နေရတယ်လို့ လူမှုကယ်ဆယ်ရေး သမားတွေက ရှင်းပြပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင် ကိုဗစ် ၁၉ ကူးစက်သူတွေ များလာသလို သေဆုံးတဲ့သူတွေကလည်း များလာတဲ့အတွက် လက်ရှိနာရေးကူညီမှု ဆောင်ရွက်ပေးနေတဲ့ အသင်းတွေအနေနဲ့ မနိုင်မနင်း အခြေအနေ ဖြစ်နေတယ်လို့ သန်လျင်နာရေးကူညီမူ့အသင်းဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။
သူတို့ အနေနဲ့ တစ်နေ့ကို အလောင်း ၆၀ လောက် သင်္ဂြိုဟ်နိုင်အောင် မနည်းရုန်းကန်နေရသလို တခြား အသင်းတွေလည်း အလားတူ အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အလောင်းတွေ ပုံနေတဲ့ပြဿနာကို ဖြေရှင်းဖို့ ရန်ကုန်မှာ နယ်မြေတွေထပ်ခွဲကာ သင်္ဃန်းကျွန်း ၊ ပုဇွန်တောင် ၊ ဗိုလ်တထောင် တို့ကိုအရင်က ကျီစုသုသာန်မှာ သင်္ဂြိုဟ်ပေးနေရာက အခုတော့ ရေဝေးသုသာန်ကို ပြောင်းလိုက်ပြီလို့ ပြောပါတယ်။
လတ်တလော မီးသင်္ဂြိုဟ်ဖို့ အလောင်းတွေ ဘယ်လောက်တောင် စုပုံနေသလဲ ဆိုရင် မနေ့က အလောင်းတွေကို အခု မနက် ၉နာရီ အထိ သင်္ဂြိုဟ်ပေးနေရပြီး အဲဒီနောက်မှ သန့်ရှင်းရေးလုပ်ကာ ဒီနေ့ ရောက်လာတဲ့ အလောင်းတွေကို စတင် မီးရှို့ပေးနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ပရဟိတ သမားတွေက ပြောပါတယ်။
သေဆုံးမှု အလောင်းတွေ တိုးလာတာနဲ့ အတူ ပရဟိတသမားတွေ ၀န်နဲ့အား မမျှ
ပရဟိတ အသင်းသားတွေ အနေနဲ့လည်း ကူးစက်ခံမယ့် အနေအထားကိုသိပေမဲ့ ဒါတွေကို မမှုအားဘဲ PPE တောင် မ၀တ် နိုင်တဲ့ အနေအထား ရောက်ကုန်ပြီ ၊ PPE တစ်နေ့ကုန် ၀တ်ထားရင် မွန်းကျပ်တဲ့ ဒဏ် အလုပ်ပင်ပန်းတဲ့ ဒဏ်တွေကို မခံနိုင်တာကြောင့် နောက်ပိုင်းမှာ Surgical Gown တွေ ၊ Mask တွေ ၊ Face Shield နဲ့ လက်အိတ်တွေကို အသုံးပြုကာ လုပ်ကိုင်ပေးနေကြရပြီလို့ သန်လျင် နာရေးကူညီမှု အသင်း ဥက္ကဋ္ဌက ပြောပါတယ်။
အလှူရှင်တွေ အနေနဲ့ နောက်ပိုင်းမှာ Surgical Gown တွေကိုသာ ပံ့ပိုးပေးမယ် ဆိုရင် လုပ်ငန်းရေရှည် ဆက်ထိန်းထားနိုင်မှာဖြစ်ပြီး သူတို့ အနေနဲ့တော့ လက်ရှိ အခြေအနေအပေါ် ဇွဲမလျှော့ဘဲ ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူတို့ အနေနဲ့ အလောင်းသယ်ပို့ပြီး သုသာန်မှာ ချပေးရုံသာ ဖြစ်ပြီး သူတို့ထက် ဆိုးတာက သုသာန် ၀န်ထမ်းတွေကတေ့ာ ဒီအလောင်းတွေကို ပြာကျတဲ့အထိ သင်္ဂြိုဟ်ပေးနေရတာဖြစ်လို့ သူတို့ကို ပိုမို ကာကွယ်ပေးသင့်တယ်လို့ သန်လျင်နာရေးကူညီမှု အသင်း ဥက္ကဋ္ဌက ထောက်ပြခဲ့ပါတယ်။
ကိုဗစ် ကူးစက်မှု ပြင်းထန်နေချိန်မှာ အလောင်းသယ်ဖို့ ဖုန်းခေါ်မှု တိုးလာတာကြောင့် ပရဟိတသမားတွေ အနေနဲ့ မနက်စာကို ညစာနဲ့ ပေါင်းစားရတဲ့ အခြေအနေ ဖြစ်နေပြီး သုသာန်မှာလည်း အချိန်ကြာမြင့်စွာ တန်းစီ နေကြရတာကြောင့် ထမင်းငတ်တဲ့နေ့တွေ များလာနေတယ်လို့ ပြောပါတယ်။
ဒါကြောင့် သူတို့ အနေနဲ့ အသင်းရပ်တည်ရေးအတွက် တစ်ဖက်က အလှူငွေ ရှာဖွေရေး လုံးပန်းနေရသလို မော်တော်ယာဥ် ကြံ့ခိုင်ရေး ၊ စက်ပြင်ဖို့ နဲ့ စက်သုံးဆီ အပြင် အင်ဂျင်ဝိုင် အလုံအလောက် လက်၀ယ်ရရှိနိုင်ဖို့ အပြင်းအထန် ရုန်းကန် ကြိုးစားနေရတယ်လို့ သန်လျင် နာရေးကူညီမှု အသင်း ဥက္ကဋ္ဌက သူတို့ အခက်အခဲကို ရှင်းပြခဲ့ပါတယ်။
လတ်တလော ကိုဗစ်၁၉ ကပ်ရောဂါပိုး ကူးစက်မှုများလာသလို အဲဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ တွေထဲမှာ ရောဂါပိုးကူးစက်ခံရတာတွေ ရှိလာပါတယ်။တချို့ပရဟိတ အသင်းတွေဆို အသင်းသားတစ်ဝက်လောက် ကူးစက်ခံရတဲ့အတွက် အသင်းလုပ်ငန်းတွေရပ် နားထားရသလို တချို့အသင်းတွေမှာဆိုရင် ရောဂါကာကွယ်ရေးသုံးပစ္စည်းတွေ လိုအပ်လျက် ရှိနေကြပါတယ်။
တစ်ချိန်ထဲမှာ အခုလို ကိုဗစ် တတိယလှိုင်း ပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၆ သန်း ရဖို့ရှိပြီး လူဦးရေ ၃ သန်းလောက် ကိုထိုးပေးနိုင်ဖို့ စီမံချက်ချထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကပြော ပါတယ်။
စစ်ကောင်စီ ကာကွယ်ဆေး အစီအစဥ်
တရုတ်နိုင်ငံထုတ် ဆီနိုဗက်နဲ့ ဆီနိုဖန်း ဆေး ၂ သန်းစီ မြန်မာက ဝယ်ထားပြီး နောက်ထပ် ၂ သန်းကတော့ လက်ဆောင်ရဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ဆီနိုဗက် ကာကွယ်ဆေးအတွက် ဒေါ်လာ ၁၀ သန်းခွဲကို နှစ်ရစ်ခွဲပြီး ငွေရှင်းပြီးတဲ့အကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးက ဒေါက်တာ သက်ခိုင်ဝင်းက ကာကွယ်ဆေးထိုးဖို့ စာရင်းတွေ အတိအကျကောက်ယူဖို့ တိုင်းနဲ့ပြည်နယ် ကျန်းမာရေးမှူးတွေကို မှာကြားထားတယ်လို့ ဆိုပါတယ်။
ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ Health Registration သုံးပြီး တုံကင်ယူတဲ့ စနစ် နဲ့ IT နည်းပညာကို အခြေခံပြီး အရင်လို ဦးစားပေး အစီအစဥ်အတိုင်း ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
ကျန်းမာရေး ၀န်ထမ်းတွေထဲက ကျန်ရှိနေသူတွေ ၊ အဲဒီ့နောက် နိုင်ငံ၀န်ထမ်းတွေ ၊ ပုဂ္ဂလိကကျန်းမာရေး ၀န်ထမ်းတွေ နဲ့ သက်ကြီးရွယ်အို ရောဂါအခံ ရှိသူတွေ စသဖြင့် အဆင့်လိုက်ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်ဖို့ Data Base တည်ဆောက်နေတယ်လို့ သူက ဆိုပါတယ်။
သူတို့ အနေနဲ့ များများရောက် မြန်မြန်ထိုး ဒါမှ Immunity ရသွားမယ် ၊ ကူးစက်မှု တက်နေတဲ့ အနေအထားကနေ လျော့ကျသွားမယ်လို့ ဒေါက်တာ သန်းနိုင်စိုးက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင် ဇန်နဝါရီလ နောက်ဆုံးပတ်ထဲ အိန္ဒိယကရတဲ့ ကိုဗစ်ရှီးဆေးကို ပထမဆုံးစီမံချက်အဖြစ် စတင်ထိုးနှံပေးခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် ဆရာဝန်တွေ CDM လုပ်ကြလို့ ကာကွယ်ဆေးထိုးစီမံချက်က အပြည့်အဝမအောင်မြင်ခဲ့ပါဘူး။
ကိုဗစ် ကာကွယ်ဆေး ဒုတိယအကြိမ် လာမထိုးသူ ၄ သိန်း နဲ့ ၅ သိန်းအကြားမှာ ရှိတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။