မြောက်ဦးက ကိုဗစ်ပိုးတွေ့ စစ်ရှောင်စခန်းကို လော့ဒေါင်းချ၊ ရောဂါပြင်းထန်သူတစ်ဦး သေဆုံး

ရခိုင်၊ချင်းနဲ့မြို တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ စစ်ဘေးရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရခိုင်၊ချင်းနဲ့မြို တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ စစ်ဘေးရှောင်စခန်း (ပုံဟောင်း)
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှာ ကိုဗစ်ပိုးကူးစက်ခံရသူတစ်ဦး တွေ့ရှိတဲ့အတွက် အဲ့ဒီစခန်းကို Lock down လုပ်ထားတယ်လို့ မြို့နယ်ကျန်းမာရေးဌာနကနေ သိရပါတယ်။

အဲ့ဒီစခန်းမှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့လက္ခဏာ ရှိနေတဲ့သတင်းကို ကြားသိရတဲ့အတွက် မြို့နယ်ကျန်းမာရေးဌာနက ခေါ်ယူစစ်ဆေးမှုတွေလုပ်တဲ့အခါမှာ ပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေးဌာနမှူး ဦးမျိုးလှိုင်က ပြောပါတယ်။

စင်းဘောကိုင်းစစ်ဘေးရှာင်စခန်းဟာ မြောက်ဦးမြို့ရဲ့အရှေ့ဘက် ၆ မိုင်ခန့်အကွာ လေးမြို့မြစ်ကြောင်းအတွင်းမှာ ရှိတဲ့စခန်းပါ။ ၂၀၁၉ ခုနှစ် တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အချိန်မှာ နေရပ်စွန့်ခွာလာခဲ့ကြတဲ့ ဒေသခံတွေနေထိုင်နေတာ ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၇၇၅ စု၊ လူဦးရေပေါင်း ၃၉၀၁ ဦးခန့် နေထိုင်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက အနံ့မရဖြစ်နေတဲ့အတွက် မနေ့ကကျန်းမာရေးဌာနကို အကြောင်းကြားပြီးတော့ မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ခါမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ စခန်းတာဝန်ခံ ဒေါ်ဥမ္မာနွယ်က ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီအမျိုးသမီးကို ဇူလိုင်လ ၁၄ ရက် မနေ့ကညနေပိုင်းမှာ မြောက်ဦးဆေးရုံကိုခေါ်ဆောင်လာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေအပြုလုပ်ပေးထားတယ်လို့ ဦးမျိုးလှိုင်က ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ရာနဲ့ချီတဲ့မိသားစုတွေဟာ တန်းလျားတွေမှာ စုပြုံပြီးနေထိုင်နေကြရတာကြောင့် အခုလိုမျိုး ကိုဗစ်ပိုးကူးစက်ခံရလို့ရှိရင် စန်းအတွင်းနေထိုင်သူတွေအများစုတို့မှာလည်း ပိုးကူးစက်ခံထားရတာတွေရှိနေနိုင်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့ကြောင့် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းကို ဒီကနေ့မနက်ပိုင်းမှာ ကျန်းမာရေးအဖွဲ့တစ်ဖွဲ့ ထပ်မံလွှတ်ပေးပြီး မနေ့က ပိုးတွေ့ရှိခဲ့တဲ့အမျိုးသမီးရဲ့မိသားစုတွေနဲ့ ဆက်စပ်သူတွေမှာ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်နေတယ် လို့ မြို့နယ် ကျန်းမာရေးဌာနမှူးက ပြောပါတယ်။

သွားလာရေးခက်ခဲတဲ့ စင်းဘောကိုင်းစခန်းအတွက် အရပ်ဘက်အဖွဲ့တွေဆီကလည်း အကူအညီရဖို့ခက်နေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သွားလာရေးခက်ခဲတဲ့ စင်းဘောကိုင်းစခန်းအတွက် အရပ်ဘက်အဖွဲ့တွေဆီကလည်း အကူအညီရဖို့ခက်နေ

"မနေ့ကတွေ့တယ်ဆိုတော့ ဒီနေ့ကျွန်တော့ဆီက‌ အဖွဲ့တစ်ဖွဲ့လွှတ်ထားတယ်။ မိသားစုတွေအပြင် ဆက်စပ်သူတွေကို လိုက်ရှာနေကြတယ်။ မနက်ဖြန်ကျွန်တော်ကိုယ်တိုင်ဆင်းမယ်။ ဆက်စပ်သူတွေအကုန်လုံးကိုစစ်မယ်။ ပြီးတော့ စခန်းမှာရောဂါပိုးပျံ့နှံ့မှုရှိမရှိ စစ်ဆေးမယ်။ မရှိရင်တော့စခန်းကိုဖွင့်ပေးမယ်။ ရှိရင်တော့ ဆက်ပိတ်ထားမယ်။ လောလောဆယ်တော့ လော့ဒေါင်းလုပ်ထားတယ်"လို့ ဦးမျိုးလှိုင်က ပြောပါတယ်။

အဲ့ဒီအမျိုးသမီးဟာ စခန်းအတွင်း ဈေးဆိုင်ရောင်းချနေသူဖြစ်ပြီး မြောက်ဦးမြို့ပေါ်သို့ ဈေဝယ်သွားတာတွေရှိပြီး စခန်းမှာနေထိုင်တဲ့ တခြားလူတွေမှာပါ ပိုးကူးစက်ခံရတာတွေရှိနိုင်တဲ့အတွက် စားဝတ်နေရေး၊ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က ပြောပါတယ်။

ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုတွေ ရှိနေပေမယ့် ဆန်နဲ့စားသောက်ကုန်တချို့ကိုသာ ထောက်ပံ့ပေးတာကြောင့် ဟင်းသီးဟင်းရွက်၊ အသားငါးနဲ့ အသုံးစရိတ်တွေအတွက် ကိုယ်တိုင်ရှာဖွေပြီးတော့ စားသောက်နေကြရတာ ဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီဒေသဟာ ဈေးမရှိတဲ့ဒေသတစ်ခုဖြစ်ပြီး နေ့စဥ်စားရေးသောက်ရေးအတွက် တောတောင်တွေကိုမှီခိုပြီး ရှာဖွေစားသောက်ရတဲ့ဒေသတစ်ခုဖြစ်သလို လတ်တလောမှာ လော့ဒေါင်း လုပ်ထားတဲ့အတွက် ထောက်ပံ့ကူညီရေးအဖွဲ့တွေလည်း သွားလာခွင့်မရရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။

လတ်တလောမှာ သူ့မှာကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် စခန်းကို လော့ဒေါင်း လုပ်ထားတာကြောင့် စခန်းအတွင်းနေထိုင်သူတွေဟာ စခန်းပြင်ပကိုသွားလာလို့မရတော့တဲ့အတွက် ငါးရှာဟင်းခူးကအစ အခက်အခဲတွေဖြစ်နေတယ်လို့ စခန်းတာဝန်ခံဒေါ်ဥမ္မာနွယ်က ပြောပါတယ်။

"အခက်အခဲကတော့ အများကြီးရှိတာပေါ့။ အခုလောလောဆယ်ကတော့ ICRC ကပေးထားတဲ့ရိက္ခာတွေရှိတယ်။ ဒီမှာက ဈေးတွေဘာတွေလည်း မရှိဘူးလေ။ တောကိုသွား၊ မျှစ်တွေဘာတွေချိုး၊ ဟင်းတွေရှာ၊ အသီးအရွက်တွေရှာ အဲ့လိုစားနေရတာ။ အပြင်ကိုလုံးဝမထွက်ရဆိုတော့ စားရေးသောက်ရေးက အခက်အခဲဖြစ်သွားမှာပဲ။ ဖြစ်သလိုတော့ ရင်ဆိုင်ရတော့မှာပေါ့"လို့ စခန်းတာဝန်ခံ ဒေါ်ဥမ္မာနွယ်က ပြောပါတယ်။

စခန်းအတွင်းမှာနေထိုင်သူတွေထဲ ရောဂါအခံရှိသူတွေ၊ အသက်ကြီးပိုင်းတွေနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေရှိနေတာကြောင့် ရောဂါကူးစက်မှုတွေပြန့်ပွားနေခဲ့လို့ရှိရင် ပိုမိုဆိုးရွားတဲ့အခြေအနေကို ကြုံရနိုင်တယ်လို့ မြတန်ဆောင်းဆရာတော်က ပြောပါတယ်။

မြောက်ဦးဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, CJ

ဇူလိုင်လ ၁၅ ရက် ဒီကနေ့မနက်ပိုင်းကလည်း မြောက်ဦးမြို့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံယူခဲ့တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ အတည်ပြု ပြောဆိုပါတယ်။

အဲ့ဒီအမျိုးသမီးဟာ မနက်ပိုင်း ၁၀ နာရီလောက်မှာ အသက်ရှူကျပ်ပြီးဆေးရုံကိုရောက်ရှိလာခဲ့တဲ့အတွက် အောက်စီဂျင်ပေးထားရင်းနဲ့ပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ စစ်ဆေးကြည့်တော့ ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

လက်ရှိမှာ မြောက်ဦးမြို့နယ်အတွင်း ဒီကနေ့ နေ့လယ်ပိုင်းအထိ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ ၁၄ ဦးထိရှိနေပြီဖြစ်ပြီး အဲ့ဒီအနက် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ပိုးကူးစက်ခံထားရသူတချို့ဟာ ဆေးရုံကိုအချိန်မီမလာရောက်ကြဘဲ မိမိအစီစဉ်နဲ့ နေအိမ်တွေမှာပဲ ကြိတ်ပြီးကုသနေကြတာတွေရှိနေသလို ရောဂါလက္ခဏာပြင်းထန်လာတဲ့အချိန်မှ ဆေးရုံတွေကို ရောက်ရှိတာတွေရှိနေပြီး လတ်တလောမှာသေဆုံးသူအများစုကတော့ အဲ့ဒီလိုလူတွေဖြစ်ကြတယ်လို့ ကျန်းမာရေးဌာနကနေ သိရပါတယ်။

ရခိုင်င်ပြည်နယ်အတွင်း ကိုဗစ် တတိယလှိုင်းအတွင်း ပိုးကူးစက်ခံရသူပေါင်း ၁၁၀၀ နီးပါးရှိလာနေပြီဖြစ်ကာ သေဆုံးသူပေါင်း ၂၄ ဦးရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ စစ်တွေမြို့မှာနှစ်ဦး၊ တောင်ကုတ်မြို့မှာ နှစ်ဦးနဲ့ မြောက်ဦးမြို့မှာ တစ်ဦးစုစုပေါင်း ၅ ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူ ငါးဦးအနက် စစ်တွေမြို့နယ်က အမျိုးသားတစ်ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းကို ဆိုက်ရောက်ခဲ့တဲ့ ကုန်ပို့သင်္ဘောမှာ အလုပ်လုပ်ကိုင်နေတဲ့ သင်္ဘောသားတစ်ဦးဖြစ်ပြီး သင်္ဘောပေါ်မှာ သေဆုံးပြီးရောက်ရှိလာတာဖြစ်ကာ အဲ့ဒီသေဆုံးသူမှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။