ရန်ကုန်မှာနာကူအသင်းတွေညရောက်သည်အထိ ကူနေရ၊ အောက်ဆီဂျင်လှူဒါန်းနေကျအသင်းတချို့လည်း ကူညီမှုရပ်ဆိုင်းလိုက်ရ

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်မြို့မှာ ကိုဗစ်အတည်ပြုလူနာအပြင် သံသယလက္ခဏာနဲ့ သေဆုံးသူတွေပါ သိသိသာသာမြင့်တက် လာပြီးနောက် ရန်ကုန်အခြေစိုက် နာရေးကူညီမှုအသင်းတွေအနေနဲ့ ညပိုင်းအထိပါ လိုက်လံကူညီပေးနေရ တယ်လို့ နာရေးကူညီမှုအသင်းအချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့ရေဝေးသုဿန်မှာ သေဆုံးသူတွေ ရာချီရှိခဲ့ပြီး မီးသင်္ဂြိုဟ်ဖို့မနိုင်တော့တဲ့အတွက် မြို့နယ်အလိုက်သေဆုံးသူတွေကို သတ်မှတ်သုဿာန်တွေမှာသာ ပို့ဆောင်သင်္ဂြိဟ်ကြဖို့ကိုလည်း သက်ဆိုင်အာဏာပိုင်တွေဘက်က ကန့်သတ်လိုက်တာတွေလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
သေဆုံးသူတွေ ဘယ်လိုပို့ဆောင်နေရသလဲ
' ' အခုကတော့ မလျော့တဲ့အပြင် တနေ့တနေ့ပိုပိုပြီးတိုးလာတာ။ ကျွန်တော်တို့ တစ်သင်းထဲကို တစ်ရက်ကို ၃၀ကျော်လောက်ပို့ပေးနေရတယ်။ တချို့အကူအညီတောင်းလာတာတွေဆို မနိုင်တော့လို့ တခြား အသင်း တွေကို ပြန်အကူညီတောင်းပေးရတာတွေလည်းရှိတယ်။ သင်္ချိုင်းမှာလည်း သင်္ဂြိုဟ်မဲ့အလောင်းတွေက တန်းစီနေတော့ dead body ၂ခုလောက် ပေါင်းတင်ထားရတာတွေရှိတယ်။ တချို့လည်း အသင်းကား တွေခေါ်မရလို့ light truck လို ကိုယ့်အိမ်ကကားနဲ့ပဲ ကိုယ်ပို့ရတာတွေရှိလာတယ်။''လို့ ကျီစုသုဿာန်ကို ပို့ဆောင် ပေးနေရတဲ့ တောင်ဒဂုံအခြေစိုက် မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းတာဝန်ခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
တောင်ဒဂုံမြို့နယ်ထဲမှာပဲပြီးတဲ့ ရက်ပိုင်းအတွင်းကလည်း ကိုဗစ်ပေါ့စတစ်နာလူနာဖခင်ကိုပြုစုရင်း အဖေရောသားပါ သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းရှိခဲ့ပါတယ်။
ဒါအပြင်သေဆုံးပြီး အလောင်းကို သုဿာန်ပို့ဖို့ နေ့ကူးသည်အထိ နာရေးအသင်းကားတွေ မအား လပ်တဲ့အတွက် အကူညီတောင်းမရတဲ့ဖြစ်စဉ်တွေလည်း ကာယကံရှင်မိသားစုဝင်အချို့က လူမှုကွန်ရက် ပေါ်မှာ အကူအညီတောင်းခံလာတာတွေကိုလည်း တွေ့လာရပါတယ်။
' ' အသင်းတွေကတော့ အတတ်နိုင်ဆုံးမိုးချုပ်သွားတဲ့အထိ ကိုယ်တာဝန်ယူပို့ ပေးမယ်ပြောထားတဲ့ အလောင်းကုန်တဲ့အထိ ပို့ပေးနေကြတာပါပဲ။ ဒါပေမယ့် သင်္ချိုင်းမှာလည်း အလောင်းတွေကတန်းစီနေတော့ ချက်ခြင်းပို့ခဲ့လို့မရတော့ နာရေးရှင်တွေကတော့ အချိန်တော့စောင့်ရတာပေါ့။''လို့ ရန်ကုန်မြို့မှာ ကြုံနေရတဲ့အခြေအနေတွေကို နာရေးကူညီမှုအသင်းတာဝန်ခံတစ်ဦးကပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အောက်ဆီဂျင်လှူဒါန်းနေတဲ့ အသင်းတချို့ပါ အကူညီရပ်ဆိုင်းလိုက်ရ
လတ်တလောသေဆုံးမှုတွေမြင့်တက်လာတဲ့အကြောင်းအရင်းထဲ ကိုဗစ်လူနာအချို့ အောက်ဆီဂျင် ထိုးကျပြီး အောက်ဆီဂျင်အချိန်မီရဖို့အခက်အခဲကလည်း တစ်ခုဖြစ်တယ်လို့ လက်တွေ့ကြုံတွေ့နေရသူ အများစုက ဖွင့်ဟပြောဆိုထားကြပါတယ်။
အောက်ဆီဂျင်လိုအပ်ချက်မြင့်တက်လာချိန်မှာပဲ အောက်ဆီဂျင်ရဖို့ အရင်ထက်ပိုမိုခက်ခဲလာတာကြောင့် ယခင်က အောက်ဆီဂျင်လှူဒါန်းပေးနေကြ အသင်းတွေပါ မကူညီနိုင်တော့တာမျိုးတွေရှိလာပါတယ်။
' ' ကျွန်တော်တို့ကတော့ မနေ့က ၁၆ ရက်နေ့ကစပြီး ယာယီရပ်ထားလိုက်ပြီ။ ကျွန်တော်တို့ ပုံမှန်ယူနေတဲ့ အောက်ဆီဂျင်စက်ရုံတွေကလည်း အသင်းတွေကို အများဆုံး ၂လုံးပဲပေးနိုင်တော့မယ်လို့ ပြောလာတယ်။ ဝယ်ဖို့ကလည်း ခက်တော့။ နောက်အသင်းက အသင်းသားတချို့လည်းနေမကောင်းတာတွေလည်း ရှိလာတယ်။ နောက်တစ်ချက်ကတော့ အသင်းကနေ အိုးတွေငှားလိုက်တဲ့သူတွေက ပြန်မပေးကြတာ များတယ်။ ဒီအိုးတွေနဲ့ပဲလည်ပတ်နေရတာ ပြန်မရတော့ အခက်အခဲဖြစ်လာတယ်။ ဒါကြောင့် အောက်ဆီ ဂျင်ကူညီတာကိုတော့ ရပ်လိုက်ပါတယ်။''လို့ ၂၀၁၃ခုနှစ်ကတည်းက ဆေးရုံအချို့ကို အောက်ဆီဂျင် လစဉ် လှူဒါန်းသလို၊ အောက်ဆီဂျင်အခက်အခဲအတွက် အကူညီတောင်းခံလာသူတွေကို ပုံမှန်ကူညီပေးခဲ့တဲ့ အသင်းတစ်ခုဖြစ်တဲ့ ရန်ကုန်အခြေစိုက် ပေးဆပ်ခြင်းပရဟိတအသင်းက ဥက္ကဋ္ဌဦးတင်မောင်ဦးက ဘီဘီစီ ကိုပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ShweInntharKhinMgWin
သေဆုံးနှုန်းမြင့်တက်နေတဲ့ ရန်ကုန်မှာ လာမယ့်သီတင်းပတ်တွေအတွင်း ကူးစက်သေဆုံးနှုန်း ဘယ်လိုရှိလာနိုင်သလဲ
လူတွေက အောက်ဆီဂျင်လိုအပ်ချက်ကြောင့် အောက်ဆီဂျင်ရောင်းချရာနေရာတွေနဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့စက်ရုံတွေမှာ လူတန်းရှည်တွေ လူစုလူဝေးတွေလည်းဖြစ်ပေါ်နေတာကြောင့် လာမယ့် သီတင်းပတ်တွေအတွင်းမှာ ကူးစက်သေဆုံးမှုတွေပိုမိုမြှင့်တက်လာနိုင်တယ်ဆိုပြီး ကျန်းမာရေးပညာရှင် အချို့က သုံးသပ်ပြောဆိုတာတွေလည်းရှိပါတယ်။
' ' သေချာတာတော့ ထပ်တိုးလာဦးမှာပဲ။ သေဆုံးတဲ့အခါမှာ သေချာလိုအပ်တာတွေမယူနိုင်ပဲ တန်းစီ သင်္ဂြိုဟ်ဖို့စောင့်နေရလို့ အဲဒီကကူးတာဘာညာတော့ထည့်ပြောမနေနဲ့တော့။ အဓိက ဇစ်မြစ်ကိုကြည့်ရမှာပဲ။ အရင် ပထမလှိုင်း ဒုတိယလှိုင်းတုံးက early lockdown ချနိုင်ခဲ့တယ်။ အခုကတော့ အလျင်မီအောင် မလုပ်နိုင်တော့ဘူး။ လူတွေက ဆေးရုံတက်လို့လည်းမရဘဲ အရေးပေါ်ကားပေါ်မှာပဲ သေတာတွေလည်း ရှိလာပြီ။ အခုတော့ လော့ဒေါင်းပုံစံမျိုးထုတ်လိုက်ပေမယ့် မမီတော့ဘူးလေ။ ရှေ့ဆက်ပြီး ဒီတိုင်းသွား နေရင်တော့ သက်ကြီးပိုင်းတွေအထူးသဖြင့် ရောဂါအခံရှိသူတွေ သေနိုင်ပါတယ်။''လို့ ယခင်လှိုင်းတွေမှာ ရန်ကုန်က ဖျားနာကုဆေးခန်းတာဝန်ခံတစ်ဦးအဖြစ် တာဝန်ယူခဲ့သူ ဆရာဝန်တစ်ဦးက သူ့ရဲ့အမြင်ကို ဘီဘီစီကို ပြောပြပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ရောဂါကူးစက်မှုနှုန်းမြင့်တက်နေတာကို လျှော့ချနိုင်ဖို့အတွက် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသအားလုံးကို ဇူလိုင် ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိကို မလိုအပ်ပဲ အပြင်မထွက်ဖို့ ကန့်သတ်ထုတ်ပြန်ထားပါတယ်။
' ' အတတ်နိုင်ဆုံးကတော့ ကိုယ့်ဘာသာတစ်ဦးချင်းပဲ လော့ဒေါင်းချပြီးနေတာမျိုး (self lockdown ) အတတ်နိုင်ဆုံးအပြင်မထွက်ပဲနေကြတာ အကောင်းဆုံးပဲ။ ကျွန်တော်တောင် ဆေးခန်းကိုအခု ပိတ်ထား လိုက်ပြီ။ အရမ်းအရေးကြီးတဲ့လူနာကိုပဲ အိမ်လိုက်ကြည့်ပေးတယ်။ အခုချိန်မှာ ကူးစက်မှုကိုဖြတ်ချဖို့ ကတော့ တစ်ဦးချင်းစီ အတတ်နိုင်ဆုံးအပြင်မထွက်ကြတာ အကောင်းဆုံးပဲလို့ထင်တယ်။ ဒါပေမယ့်လည်း အောက်ဆီဂျင်လိုတဲ့သူတွေ ဆေးရုံသွားဖို့လိုတဲ့သူတွေကတော့ ထွက်နေကြရဦးမှာပဲပေါ့လေ။'' လို့ သူက အကြံပြုပြောဆိုပါတယ်။
စစ်ကောင်စီလက်အောက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်ကနေ ဇူလိုင် ၁၆ ရက်နေ့အထိ ၅ရက်တာအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၆၉၈ ဦးရှိသွားပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။








