ရန်ကုန်၊ မန္တလေးမှာ ကိုဗစ်လက္ခဏာနဲ့သေဆုံးသူတွေများပြား၊ သုသာန်တွေမှာ မနိုင်မနင်းဖြစ်လာ

ရေးသားခဲ့သည်။

ရန်ကုန်နဲ့ မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာအပါအဝင် ကိုဗစ်လက္ခဏာနဲ့ သေဆုံး သူသိသိသာသာများပြားလာပြီး သုသာန်တွေမှာလည်း မီးသင်္ဂြိုဟ်ဖို့ ရုပ်အလောင်းတွေ တန်းစီစောင့်ဆိုင်းနေရတယ်လို့ ရန်ကုန်နဲ့မန္တလေးအခြေစိုက် ပရဟိတအသင်းတွေကနေ သိရပါတယ်။

' ' မန္တလေးဆို ဒီကနေ့မနက်ပိုင်းတစ်ပိုင်းထဲကို အေးရိပ်ငြိမ်သုသာန်ကိုပို့ရတာ ကိုဗစ်လူနာကြီးပဲ ၃၉ လောင်းရှိတယ်။ တစ်ခုရှိတာက အခုဆုံးသူတွေကနေအိမ်တွေမှာပဲ လက္ခဏာတွေပြလို့ သူတို့ဘာသာစစ်ပြီး ပေါ့စတစ်ဖြစ်ပေမယ့် ဆေးရုံတင်ခွင့်မရတော့ အိမ်မှာပဲ ဆုံးလို့ သွားသယ်ပြီး ပို့ပေးရတာတွေပေါ့။ ညနေသင်္ဂြိုဟ်ဖို့ ထပ ပို့ရမှာတွေရှိသေးတယ်။'' လို့ မန္တလေးမြို့ အခြေစိုက်ပရဟိတအသင်းက အသင်းသားတစ်ဦးဖြစ်တဲ့ ကိုသက်မျိုးက ဘီဘီစီကိုပြောပါတယ်။

အလားတူ ရန်ကုန်မြို့မှာက ရေဝေး၊ ထိန်ပင်၊ ကျီစုနဲ့ ကျူချောင်းသုသာန်တွေမှာလည်း ပုံမှန်ထက် သိသိ သာသာများပြားလာလို့ ရုပ်အလောင်းတွေ သင်္ဂြိုဟ်ဖို့တန်းစီစောင့်ဆိုင်းရတာတွေ ရှိလာပါတယ်။

' ' တောင်ဒဂုံနဲ့ သာကေတဘက်ကအဓိကသွားတာတော့ ကျီစုသုဿာန်ပေါ့။ အရင်ကဆို ကျွန်တော်တို့ အသင်းဆိုလည်း တစ်နေ့မှ လေး၊ငါးလောင်းပဲပို့ရာကနေ ဒီရက်ထဲ တစ်ရက်ကို နှစ်ဆယ် အစိတ် လောက် ဖြစ်လာတယ်။ ဒီမနက်ဆိုလည်း သုသာန်မှာ အလောင်းတွေ မီးသင်္ဂြိုဟ်ဖို့ကို ရှေ့က လေးငါးလောင်းကို စောင့်နေရတယ်။ နောက်မှာလည်း ထပ်လာဖို့တဲ့ အသင်းကားတွေကတန်းစီနေတယ်။'' လို့ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်အခြေစိုက် မိတ်ဆွေကောင်းနာရေးကူညီမှုအသင်းက တာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

သေဆုံးသူအများစုဟာ ကိုဗစ်လက္ခဏာခံစားနေရသူတွေဖြစ်ပြီး အောက်ဆီဂျင်ကျကာ အသက်ရှူကျပ် သေဆုံးသူက အများစုဖြစ်တယ်လို့သိရကြောင်း နာရေးကူညီပေးနေသူအချို့ ကပြောပါတယ်။

ရန်ကုန်မှာတော့ အောက်ဆီဂျင်စက်ရုံတွေကို အရပ်သားပြည်သူတွေကို တစ်ဦးချင်းရောင်းချတာတွေ ကန့်သတ်ထားတယ်လို့ စစ်ကောင်စီဘက်ကထုတ်ဖော်ပြောဆိုလာပြီးနောက်ပိုင်း အောက်ဆီဂျင်စက်ရုံတွေမှာ ဝယ်ယူမရတော့တာ၊ လမ်းမှာအောက်ဆီဂျင်အိုး သယ်လာတာတွေ့ရင်တောင် တားဆီးယူငင်ခံရတာတွေကြုံလာရတယ်လို့ ကာယကံရှင်အချို့က ထုတ်ဖော်ပြောဆိုလာကြပါတယ်။

' ' ရန်ကုန်မှာ ဝယ်ဖို့ခက်လာတော့ အောက်ဆီဂျင်အတွက်အကူညီတောင်းလာတဲ့လူနာတွေအတွက် ပြည်တို့ ၊ပဲခူးတို့ထိ ကားနဲ့သွားဝယ်ပေးရတာတွေလုပ်ရတယ်။ မနေ့ကစပြီး ပြည်ကိုဝင်ရင် ကျန်းမာရေးထောက်ခံစာတွေ လိုအပ်တဲ့ထောက်ခံစာတွေပါမှ ပေးဝင်တော့မယ်တဲ့။ အောက်ဆီဂျင်ရဖို့ အတော်ခက်ခက်ခဲခဲဖြစ်လာတယ်။''လို့ ရန်ကုန်အခြေစိုက် ပရဟိတအသင်း တာဝန်ခံတစ်ဦးကပြောပါတယ်။

ရန်ကုန်အပါအဝင် မန္တလေးတိုင်းအတွင်းနေထိုင်သူတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း အောက်ဆီဂျင်ရဖို့ အကူအညီတောင်းတဲ့ ဖော်ပြချက်တွေကိုလည်းအများပြားတွေ့နေရပြီး အောက်ဆီဂျင် အချိန်မီမရလို့ သေဆုံးသူတွေကိုလည်း တွေ့လာရပါတယ်။

' ' သေတဲ့သူ ဘယ်လောက်များလာသလဲဆို သင်္ဂြိုဟ်တဲ့အချိန်မှာ သုံးတဲ့အခေါင်းတွေက ဝယ်မရပြုမရတော့ဘူး။ အရင်တုနိးက သင်္ဂြိုဟ်တဲ့အချိန်အလောင်းအောက်မှာ ထည့်တဲ့ကပ်တောင် အရင်လို သစ်သားနဲ့ မသုံးနိုင်ဘဲ ဝါးကပ်နဲ့သုံးနေရတာတွေရှိတယ်။''လို့လည်း မိတ်ဆွေကောင်းနာရေးကူညီမှု အသင်း တာဝန်ခံကပြောပြပါတယ်။

စစ်ကောင်စီလက်အောက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်နေ့ထုတ်ပြန်ချက်အရ ဇူလိုင်၁၂ ရက်နေ့ အတစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာသေဆုံးသူ အရေအတွက် ဟာ ၁၀၉ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်သေဆုံးစာရင်ထဲမပါပေမဲံ ဆေးရုံတက်ကုသခွင့်မရဘဲ ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူစာရင်းဟာ တရားဝင်အတည်ပြုထုတ်ပြန်တဲ့ စာရင်းထက် ပိုများနိုင်တယ်လို့လည်း ဒေသအသီးသီးက နာရေးကူညီမှုအသင်းတွေက ပြောပါတယ်။