ရခိုင်က ဆေးရုံတွေမှာ အောက်ဆီဂျင်အခက်အခဲဖြစ်၊ကိုဗစ်လူနာသေဆုံးမှုတိုးလာ

၂၀၂၀ ဇွန်လအတွင်း မောင်တော ဆေးရုံကို ကိုဗစ်လူနာ တစ်ဦးရောက်လာစဥ်

ဓာတ်ပုံ ရင်းမြစ်, Kaung Mrat Naing

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ဇွန်လအတွင်း မောင်တော ဆေးရုံကို ကိုဗစ်လူနာ တစ်ဦးရောက်လာစဥ်
ရေးသားခဲ့သည်။

ကိုဗစ် တတိယလှိုင်းမှာ ရခိုင်ပြည်နယ် မြို့နယ်တော်တော်များများက ဆေးရုံတွေမှာ အောက်ဆီဂျင်လိုအပ်ချက်တွေ များပြားနေပြီး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ သက်ဆိုင်ရာမြို့နယ်ဆေးရုံတွေမှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်မှုဟာ မာန်အောင်မြို့နယ် တစ်ခုတည်းမှာသာ ကူးစက်သူမရှိသေးဘဲ ကျန် ၁၆ မြို့နယ်မှာတော့ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့ပြီဖြစ်သလို မြို့နယ်အများစုမှာတော့ အောက်ဆီဂျင်ပေးထားရတဲ့ လူနာတွေ ရှိနေတာဖြစ်ပါတယ်။

တစ်ပြည်နယ်လုံးအနှံ့နီးပါး ပိုးကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျက်ရှိနေပေမဲ့ အောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်ရုံတွေကတော့ မရှိသလောက် နည်းပါးနေတာကြောင့် အောက်ဆီဂျင်လိုအပ်တဲ့ မြို့နယ်ဆေးရုံတွေကို မျှတအောင် အသုံးပြုနေကြရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တွေဆေးရုံကြီးမှာတော့ အောက်ဆီဂျင်ထုတ်တဲ့စက်နှစ်လုံးရှိပြီး အဲ့ဒီစက်ရုံတွေက တစ်နေ့ကို အိုး ၆၀ ထိ ထုတ်လုပ်ပေးနိုင်တာကြောင့် လက်ရှိမှာ စစ်တွေဆေးရုံအတွက် လုံလောက်မှုရှိနေသလို ကျောက်ဖြူနဲ့ တခြားမြို့နယ်တွေမှာတော့ ပမာဏအနည်းငယ်သာ ထုတ်လုပ်နိုင်ပြီး မြို့နယ်အများစုမှာတော့ အောက်ဆီဂျင် ထုတ်လုပ်နိုင်တဲ့စက်ရုံတွေ မရှိသေးတာဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Myint lwin

ဒေသတွင်းဆေးရုံတွေမှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေကနေ ထုတ်လုပ်နိုင်တဲ့ အောက်ဆီဂျင်အိုးပမာဏနဲ့ လုံလောက်မှုမရှိတာကြောင့် လူမှုအသင်းအဖွဲ့တွေ၊ အောက်ဆီဂျင်ရောင်းဝယ်ရေးလုပ်ငန်းတွေနဲ့ ဆက်သွယ်ပြီးတော့ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရန်ကုန်ကနေ တစ်ဆင့်မှာယူပြီး ဖြန့်ဖြူးပေးနေရတယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကူးစက်ခံထားရသူတွေ အားလုံးမှာ ရောဂါလက္ခဏာပြင်းထန်သူတွေ မဟုတ်ကြတဲ့အတွက် အောက်ဆီဂျင် လိုအပ်ချက်တွေအရေးတကြီးမဖြစ်ပေါ်သေးပေမဲ့ နောက်ပိုင်းမှာတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို မပြောနိုင်သေးဘူးလို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

"အောက်ဆီဂျင် လိုအပ်ချက်က ကျွန်တော်တို့ဆီမှာက စစ်တွေမှာ အောက်ဆီဂျင်စက်နှစ်လုံးရှိတယ်။ အဲ့ဒါကြောင့် စစ်တွေအတွက်တော့ အောက်ဆီဂျင် ထုတ်နိုင်တာပေါ့။ တခြား နီးစပ်ရာမြို့နယ်တွေအတွက် လိုအပ်လို့ရှိရင် ဒီဘက်ကနေ လှည့်ပေးတာတွေရှိတယ်။ ဒါမှမဟုတ်ရင် ဈေးကွက်ထဲမှာ ရန်ကုန်ကနေ တစ်ဆင့် ဝယ်ရတာတွေတော့ ရှိတာပေါ့နော်။ လောလောဆယ်ကတော့ Positive တွေ့တဲ့ လူနာတိုင်းကတော့ အောက်ဆီဂျင် ရှူနေရတာမဟုတ်တော့ အခု အောက်ဆီဂျင်က ရှိနေသေးတယ်။ နောက်တော့ ကျွန်တော်လည်းမပြောတတ်ဘူး" လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ မေလအတွင်းက စတင်ပြီးတော့ ပိုးကူးစက်ခံရသူတွေကို စစ်ဆေးတွေ့ ရှိခဲ့တာဖြစ်ပြီး အခု ဇူလိုင်လအတွင်းမှာတော့ ပိုးကူးစက်ခံရသူတွေ အရေအတွက်က တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့ ညနေ ၅ နာရီအထိ ၉၉၆ ဦးအထိရှိပြီး သေဆုံးသူ ၁၆ ဦးရှိကာ ဆေးရုံပေါ်မှာ ကုသမှုခံယူနေရသူပေါင်း ၆၀၀ ဦးခန့်ရှိတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆေးရုံတွေပေါ်မှာ ကုသမှုခံယူနေရသူပေါင်း ၆၀၀ ဦးခန့်ရှိ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ဆေးရုံတွေပေါ်မှာ ကုသမှုခံယူနေရသူပေါင်း ၆၀၀ ဦးခန့်ရှိ

ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ ၁၀၀၀ ခန့်လောက်ရှိတဲ့အထဲ သေဆုံးသူတွေလည်း နေ့စဉ်ရှိနေပြီး ဇူလိုင် ၁၄ မနက်ပိုင်းက တောင်ကုတ်မြို့ဆေးရုံကြီးမှာ သုံးဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေကတော့ အသက် ၂၅ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ကာ အဲ့ဒီသုံးဦးစလုံးမှာ ကိုဗစ်ရောဂါပိုးကြောင့် အဆုပ်အပြင်းအထန်ရောင်ပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေါက်တာဇင်အောင်လင်းက အတည်ပြုပြောဆိုပါတယ်။

သေဆုံးသူသုံးဦးလုံးဟာ ရောဂါလက္ခဏာ ပြင်းထန်သူတွေဖြစ်တဲ့အတွက် အရေးပေါ်ကုသပေးနေရသလို အောက်ဆီဂျင်ပေးထားရသူတွေလည်း ဖြစ်ကြပြီး အသက်ကြီးပိုင်းနှစ်ဦးကတော့ သွေးတိုးရောဂါအခံရှိပေမယ့် အသက် ၂၅ နှစ်အရွယ်အမျိုးသားကတော့ ရောဂါအခံမရှိဘူးလို့သိရပါတယ်။

တောင်ကုတ်မြို့နယ်အတွင်း ဒီကနေ့အထိ သေဆုံးသူပေါင်း ၆ ဦးရှိပြီလည်းဖြစ်ပါတယ်။

တောင်ကုတ်မြို့နယ်ဟာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို အခုလအတွင်း စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပိုးကူးစက်ခံရသူပေါင်း (၄၅)ဦးရှိပြီဖြစ်ကာ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရသူ ၂၆ ဦးကတော့ အောက်ဆီဂျင် ပေးထားရတယ်လို့ တောင်ကုတ်ဆေးရုံက ဆရာဝန်က ပြောပါတယ်။

တောင်ကုတ်မှာ ဇူလိုင် ၁၄ ရက်နေ့ ကိုဗစ်ကြောင့် ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, တောင်ကုတ်မြို့နယ် Covid-19 သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, တောင်ကုတ်မှာ ဇူလိုင် ၁၄ ရက်နေ့ ကိုဗစ်ကြောင့် ၃ ဦးသေဆုံး

"အောက်ဆီဂျင်ကတော့ ကျွန်တော်တို့ လက်ရှိ ရရှိနေတာနဲ့ မလုံလောက်ဖြစ်နေပါတယ်။ ၂၄ နာရီအတွင်း ၇၀ နဲ့ ၁၀၀ ကြားသုံးနေရတော့ ဖြည့်ရတာနဲ့ သုံးတာက လိုက်မမီဘူးဖြစ်နေတယ်။ လူတစ်ဦးကို နှစ်လုံးကနေ ရှစ်လုံးအထိ အသုံးပြုရပါတယ်။ အောက်ဆီဂျင် လိုအပ်ချက်က တောက်လျှောက်ရှိလာမှာပါ။ အိုးရှိနေပေမဲ့ ဖြည့်ရတာ အခက်အခဲရှိပါတယ်။ တစ်နေ့ကို အိုး ၅၀ လောက်ပဲရနိုင်တော့ အဲ့ဒီလောက်နဲ့လိုက်မမီဘူး"လို့ ဒေါက်တာဇင်အောင်လင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ တောင်ကုတ်၊ ဂွ၊စတဲ့မြို့နယ်တွေမှာ အောက်ဆီဂျင် ထုတ်လုပ်နိုင်တဲ့စက်တွေမရှိတဲ့အတွက် လိုအပ်တဲ့အောက်ဆီဂျင်တွေကို ကျောက်ဖြူကနေ အနည်းငယ် ရရှိပြီး ကျန်တာကိုတော့ ပြည်မြို့နဲ့ ရန်ကုန်မြို့တွေက ဝယ်ယူပြီးအသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်တွေလည်း မြင့်မားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မောင်တောမြို့ဆေးရုံမှာလည်း အောက်ဆီဂျင် လိုအပ်ချက်တွေရှိနေပြီး မောင်တောဆေးရုံက ထုတ်လုပ်တဲ့ အောက်ဆီဂျင်အရေအတွက်နဲ့ မလုံလောက်တာကြောင့် စစ်တွေနဲ့ အမ်းတို့က ပို့ဆောင်ပေးနေရတယ်လို့သိရပါတယ်။

လက်ရှိမှာ အောက်ဆီဂျင်လိုအပ်လို့ တခြားဒေသတွေက မှာယူအသုံးပြုနေရတာကြောင့် အိုးကြီးတစ်လုံးကို ကျပ်သုံးသောင်းနဲ့အထက် ကုန်ကျပြီး ရောဂါကူးစက်ခံရသူတွေ မြင့်တက်လာနေသလို ရောဂါလက္ခဏာပြင်းထန်သူတွေလည်း တိုးလာတာကြောင့် နောက်ပိုင်းမှာ အခုထက်ပိုပြီးတော့ အခြေအနေဆိုးဝါးလာနိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ကြပါတယ်။

မြောက်ဦး၊ စစ်တွေ၊ သံတွဲစတဲ့မြို့နယ်တွေမှာတော့ အခုလို အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးအတွက် ဒေသခံတွေ၊ အလှူရှင်တွေစုပေါင်းပြီးတော့ အောက်ဆီဂျင်စက်ရုံသစ်တွေ ကိုယ်ထူကိုယ်ထိစနစ်နဲ့ တည်ဆောက်နေကြတာတွေလည်း ရှိနေတာဖြစ်ပါတယ်။