၂၀၂၁ မြန်မာစစ်အာဏာသိမ်း-အာဏာသိမ်းပြီးငါးလကျော်အကြာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအခြေအနေ ဘယ်လိုရှိနေလဲ

လုပ်ကြံသတ်ဖြတ်ခြိမ်းခြောက်ခံရမှုတွေကြောင့် ဒေသတချို့မှာ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်ဆိုသလို နုတ်ထွက်တာတွေရှိလာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လုပ်ကြံသတ်ဖြတ်ခြိမ်းခြောက်ခံရမှုတွေကြောင့် ဒေသတချို့မှာ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက်ဆိုသလို နုတ်ထွက်တာတွေရှိလာ
ရေးသားခဲ့သည်။

"ကျွန်တော်တို့ရော ဘယ်တော့အသတ်ခံရမလဲဆိုတဲ့စိတ်နဲ့ နေနေရတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး ဆက်လုပ်ရင် ဒီလို အသတ်ခံရမှာလား ဆိုတာမျိုး ကြောက်စိတ်ကတော့ ကျွန်တော့်မှာရော ကျွန်တော့်မိသားစုပါ စိုးရိမ်နေတဲ့ကိစ္စပဲ"

ဒါဟာ မန္တလေးတိုင်း မြင်းခြံမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ ပြောစကားတွေပါ။

နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးဆန့်ကျင်မှုတွေနဲ့အတူ စစ်ကောင်စီက ခန့်တဲ့အုပ်ချုပ်ရေးမှူးတွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ အာဏာသိမ်းဖြစ်စဉ် စတင်ခဲ့တဲ့ဖေဖော်ဝါရီလနောက်ပိုင်းကတည်းကပါ။

မေလဆန်းလောက်က စပြီး လူမှုကွန်ရက်သုံးစွဲသူတွေကြား ဖောင်းဒိုင်းနဲ့ ဇွပ်ဇွပ်ဆိုတဲ့ စကားလုံးက ရေပန်း စားလာပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဓားထိုးခံရမှု၊ သေနတ်နဲ့ပစ်ခတ်ခံရမှုတွေဖြစ်တဲ့နောက်မှာ အဲဒီစကားလုံးက ဆိုရှယ်မီဒီယာ Trend တခုလိုဖြစ်နေတာပါ။

ဇွပ်ဇွပ်ဆိုတာ ဓားထိုးခံရတာကိုရည်ညွှန်းပြီး၊ သေနတ်နဲ့ပစ်ခံရရင်တော့ဖောင်းဒိုင်း ပေါ့လို့ ဆိုရှယ် မီဒီယာသုံးစွဲသူတွေကြား အဓိပ္ပာယ် ဖွင့်ဆို ထားကြတာပါ။

ဒီလိုစိုးရိမ်ချက်တွေရှိနေတဲ့ အုပ်ချုပ်ရေးမှူးအများစုဟာ လူထု မလုပ်စေချင်တဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကို ဆက်ယူနေတာ အချက် နှစ်ချက်ရှိတယ်လို့ပြောပါတယ်။

ပထမအချက်က သူတို့ဟာ ပါတီနိုင်ငံရေးကင်းရှင်းတဲ့သူတွေဖြစ်လို့ ဆက်လုပ်ရဲတယ်လို့ ပြောပါတယ်။

နောက်တစ်ချက်ကတော့ ဒီကာလမှာ ဒေသခံတွေရဲ့မလုံခြုံမှုတွေနဲ့ ကြောက်လန့်မှုတွေအတွက် အကာအကွယ်ပေးဖို့ သက်သက် အရဲစွန့်ပြီးလုပ်နေတာလို့ ဆိုပါတယ်။

ဒါပေမဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုကို ဒလန်၊ သူလျိုလို့စွပ်စွဲခံရပြီး သတ်ဖြတ်ခံနေရတယ်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းခွင့်ရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့ကပြောပါတယ်။

ဒါကြောင့်ပဲ စစ်ကောင်စီဟာ တိုင်းပြည်ကိုအုပ်ချုပ်ဖို့မပြောနဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးရုံးတွေ ယန္တရားတွေတောင် အပြည့်အ၀ မလည်ပတ်နိုင်ဖြစ်နေပါတယ်။

စစ်ကောင်စီရင်ဆိုင်နေရတဲ့ နောက်အကျပ်အတည်းကတော့ သူတို့ခန့်တဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နေ့စဉ်နဲ့ အမျှ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာပါ။ တစ်ဆက်တည်းမှာပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေပေါက်ကွဲမှုကလည်း ဒေသအများစုမှာ ဆက်တိုက် ဆိုသလိုဖြစ်နေပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ဘာကြောင့်ပစ်မှတ်ထားခံရတာလဲ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်တဲ့ CDM ဝန်ထမ်းတွေကို တိုင်တန်းတာ၊ သတင်းပေးတာ၊ နောက်ရပ်ကွက်တွေ မြို့နယ်တွေထဲ ဆန္ဒပြတဲ့သူတွေ၊ သံပုံးတီးတဲ့သူတွေကို ဖမ်းခိုင်းတာတွေလုပ်လို့ သူလျှို၊ ဒလန်အဖြစ် သတ်မှတ်ခံရပြီး အဓိက ပစ်မှတ်ထား တိုက်ခိုက်ခံရတာလို့ အများစုကသုံးသပ်ကြပါတယ်။

အဓိကအချက်ကတော့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကိုလည်ပတ်အောင် ကြိုးစားပေးသူတွေဆိုတဲ့အမြင်ရှိနေကြပါတယ်။

"ကျွန်တော်တို့ရပ်ကွက်က လူငယ်တွေကို စစ်တပ်က ညဘက်လာဖမ်းတယ်။ လာဖမ်းရင် သူကိုယ်တိုင်ပါတယ်။ ရပ်ကွက်ထဲ ဆန္ဒပြတဲ့သူတွေကို ရှာဖို့ စစ်သားတွေ၊ ရဲတွေဝင်မွှေရင် သူ က လမ်းပြတယ်၊ အဲဒါမျိုးက တခါတလေလည်းမဟုတ်တဲ့အခါကျတော့ လူမုန်းများပြီး ဒီလို အသတ်ခံရတာလို့ပဲမြင်တယ်။ အလကားနေရင်းလူတစ်ယောက်ကိုဘယ်သူကမှမုန်းမနေဘူးလေဗျာ" လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့မြို့နယ်တွေထဲက တစ်ခုဖြစ်တဲ့ သာကေတမြို့နယ်ထဲက လူငယ်တစ်ဦးက မှတ်ချက်ပြုချက်ပါတယ်။

အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့ဖြစ်စဉ်တွေရဲ့နောက်ဆက်တွဲ

ရန်ကုန်လိုနေရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်အသတ်ခံရပြီဆိုရင် အဲဒီရပ်ကွက်ကို ပိတ်ဆို့ရှာဖွေတာ၊ သန်းခေါင်းစာရင်းစစ်တာ၊ ညစဉ် နီးပါး သံသယရှိသူလို့ယူဆသူတွေရဲ့နေအိမ်ကို ဆက်တိုက် ရှာဖွေတာမျိုးတွေလုပ်လေ့ရှိပါတယ်။

ဒါပေမဲ့ နယ်ဒေသတွေမှာတော့ ဒီထက်ဆိုးတဲ့ပြဿနာတွေကိုရင်ဆိုင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေအများဆုံးအသတ်ခံရတဲ့ မြင်းခြံခရိုင်ထဲက သဲဖြူဝ၊ ကျောင်းဖြူကန်နဲ့ သပြေသာရွာတွေမှာဆိုရင် ရွာခံတချို့ကို သံသယနဲ့ဖမ်းဆီးတာ၊ ရိုက်နှက်ခေါ်ဆောင်တာတွေ လုပ်တယ်လို့ဆိုပါတယ်။

အဲဒီကတဆင့်ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ရိုက်ထိတွေ့မှုတွေဖြစ်ပြီး တိုက်ပွဲတွေဖြစ်လို့ ရွာလုံးကျွတ် ပြေးရှောင်ရတဲ့ အခြေအနေကို မန္တလေး၊ စစ်ကိုင်းလို ဒေသတွေဘက်က ရွာတွေမှာ လက်ရှိကြုံတွေ့နေရတာပါ။

"အုပ်ချုပ်ရေးမှူးက ရွာထဲကလူငယ်တွေကိုလက်နက်တွေလုပ်တယ်လို့ သူကစစ်တပ်ကို သတင်းစပေးတယ်။ စစ်တပ်က ရွာထဲကိုဝင်သောင်းကျန်းတယ်။ သူ့ကြောင့်ဖမ်းခံရတာ၊ ဒုက္ခရောက်တဲ့သူတွေ အများကြီးပဲ။ အဲဒီတော့ သူတို့ သတ်ကြတဲ့သဘောရှိတယ်၊ တခါ သူသေတော့တခါ စစ်တပ်က ထပ်ပြီး ဝင်မွှေပြန်တော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထပ်ဖြစ်တာ၊ အဲဒီလိုနဲ့ ဒီဘက်မှာ ရွာလုံးကျွတ်ပြေးရတဲ့အခြေအနေဖြစ်ကုန်တာ" လို့ ရွာခံတစ်ဦးကရှင်းပြပါတယ်။

မကွေးတိုင်း မင်းဘူးခရိုင်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ သူတို့က လူထု အားလုံး အေးအေးချမ်းချမ်းနေဖို့တာဝန်ယူနေတာဖြစ်လို့ ဒီလို သတင်းပေးတဲ့အလုပ်တွေကိုမလုပ်သလို တပ်တွေ ရဲတွေနဲ့ အဆက်အသွယ်မရှိကြဘူးလို့ငြင်းဆိုပါတယ်။

အများစုဟာ ရွာခံတွေက အထင်လွဲပြီး အသတ်ခံရတဲ့ဖြစ်စဉ်တွေဖြစ်တာလို့တုံ့ပြန်ပါတယ်။

ရပ်ကွပ်အုပ်ချုပ်ရေးမှုးတွေ ပစ်မှတ်ထားခံရမှု စတင်ချိန်

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့ဖြစ်စဉ်ဟာ မေလ ၃ ရက် ရန်ကုန် သာကေတမြို့နယ် ၊ အမှတ် ၇ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသက်ပိုင် ကို ဧည့်စာရင်းတိုင်မယ်ဆိုပြီး ဓားနဲ့ထိုးသွားရာကနေ စတင်တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီမတိုင်ခင်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ဦးတည်ခြိမ်းခြောက်မှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

နောက်တခါ မေလအတွင်း ထင်ထင်ရှားရှားဖြစ်ရပ် ကတော့ ရန်ကုန်လမ်းမတော်မြို့နယ် အမှတ် ၃ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမျိုးလွင် သေနတ် နဲ့ပစ်ခံရမှုပါ။

ဒီနောက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ မီးလောင်တာနဲ့ပေါက်ကွဲတာက လက်ရှိအချိန်အထိ ဒေသအများစုမှာ ဆက်တိုက်ဖြစ်နေပါတယ်။

နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရခြင်းရဲ့အရင်းခံဟာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုနောက်မှာ လူထုရဲ့ စိန်ခေါ်ချက်ဖြစ်လာတယ်လို့ သုံးသပ်ပါတယ်။

"ဒီလိုကိစ္စတွေဟာ မကောင်းဘူးလို့ပြောရမှာဖြစ်ပေမယ့် လူထုရဲ့စိတ်မှာအကြမ်းဖက်ခံရတာ ဖိနှိပ်ခံရတာများလာရင် ဒါမျိုးက ဖြစ်လာနိုင်တယ်၊ဖြစ်လာလေ့ရှိတဲ့ကိစ္စပဲ "

လက်ရှိမှာတော့ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူး တွေ သေဆုံးမှုဟာ ဒေသအနှံ့ စာရင်းအရ ဇူလိုင်လ ဒုတိယ ပတ်အထိ ၄၀ ခန့်ရှိနေပါတယ်။ အဲဒီထဲမှာ ရန်ကုန်ကသေဆုံးမှုဟာ ၁၀ဦးထက် မနည်း ရှိနေပါတယ်။

ဒါပေမဲ့ ဇွန်လလယ်လောက်ကစပြီး နိုင်ငံတဝန်းမှာနေ့စဉ် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ သတ်ဖြတ်ခံရမှုတွေရှိလာနေတာကို သတင်းဖြစ်စဉ် တွေက ဖော်ပြနေပြီး မြေပြင်အခြေအနေအရ သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုကောင်းပိုနိုင်ဖွယ်ရှိနေပါတယ်။

ဒလန်၊ စစ်ကောင်စီသတင်းပေးဆိုပြီး စွပ်စွဲခံရလို့ သတ်ဖြတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီဝင်တွေအပါဝင် စုစုပေါင်း ၁၇၃ ဦးရှိပြီဖြစ်ပြီး ဒီလူတွေကို တစ်ဦးချင်းစီ အကာအကွယ်ပေးနိုင်ဖို့ အခက်အခဲရှိတယ်လို့ စစ်ကောင်စီက ဇွန် ၁၂ ရက်က နောက်ဆုံးပြုလုပ်ထားတဲ့ နေပြည်တော်သတင်း စာရှင်းလင်းပွဲမှာ ပြောကြားထားတာပါ။

အုပ်ချုပ်ရေးမှူးတွေမကြာခဏတိုက်ခိုက်ခံရတဲ့ လှိုင်သာယာမြို့နယ်ကလူငယ်တစ်ဦးကတော့

"ကျွန်တော်တို့ က အနီလည်းမဟုတ်ဘူး။ အစိမ်းလည်းမဟုတ်ဘူး။ တခုပဲ။ ဒီအာဏာရှင်စနစ်ကိုမကြိုက်ဘူး၊ မကြိုက်တဲ့အကြောင်း ကျွန်တော်တို့ လမ်းပေါ်ထွက်ဆန္ဒပြတယ်။ သူတို့ အကြမ်းဖက်ဖြိုခွဲတယ်။ လူတွေကိုဖမ်းတယ်၊ထောင်ထဲထည့်တယ်။ သူတို့အုပ်ချုပ်ရေးယန္တရားကို မလည်ပတ်နိုင်ဖို့ လုပ်နေတဲ့အချိန်မှာ သူတို့ကူညီတဲ့သူဟာ လူထုကိုစော်ကားတာပဲ၊ သူတို့ကလူယဉ်ကျေးတဲ့နည်းလမ်းနဲ့ မတန်တဲ့သူတွေမို့ ဒီလို ဖြစ်ကြတယ်လို့ပဲ မြင်တယ်" လို့ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးတွေတိုက်ခိုက်ခံရမှုကို စစ်ကောင်စီဘယ်လိုတုံ့ပြန်လဲ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ NLD အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်က ရပ်စဲတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

အဲဒီလိုကြေညာပြီးတဲ့နောက်မှာတော့ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေကို အစားထိုးခန့်အပ်တာတွေရှိခဲ့သလို တချို့နေရာဒေသတွေမှာတော့ ခန့်အပ်ဖို့ ပြင်ဆင်တာတွေ ရှိခဲ့ပါတယ်။

ဒေသအနှံ့က အုပ်ချုပ်ရေးမှူးအသစ်တွေဟာ ကြံ့ခိုင်ရေးပါတီဝင် ဒါမှမဟုတ်၊ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူ၊ စစ်တပ်ကိုလိုလားသူတွေက များတယ်လို့ ဒေသခံတော်တော်များများကပြောကြပါတယ်။

တချို့နေရာတွေမှာတော့ ရပ်ကျေးအုပ်ချုပ်ရေးမှုးဟောင်းတွေကို ပြန်ခန့်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့အများစုက မအောင်မြင်ခဲ့ပါဘူး။

လက်ရှိမှာ အုပ်ချုပ်ရေးမှူးတွေရဲ့လုံခြုံရေးနဲ့ ပြန်ခန့်အပ်ဖို့လုပ်နေတဲ့ အစီအစဉ်တွေ ရှိနေတယ်လို့ စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။

ဒါကြောင့် ဘယ်လိုအစီအစဉ်တွေလုပ်ပေးမလဲဆိုတာကို ဘီဘီစီက ကြိမ်ဖန်များစွာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားဖို့ငြင်းဆိုခဲ့ပါတယ်။

"အချက်အလက်တွေကို ပြည့်ပြည့်စုံစုံဖြစ်အောင်ပြင်ဆင်ရမှာမို့ ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲမှာပဲ ပြည့်ပြည့်စုံစုံဖြေကြားပေးပါ့မယ်" ဆိုတဲ့စကားကိုသာထပ်တလဲလဲပြန်လည်ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ အုပ်ချုပ်ရေးမှူးတွေရဲ့ ကျန်ရစ်သူမိသားစုတစ်စုအတွက် စစ်ကောင်စီလက်အောက်ပြည်ထဲရေးဝန်ကြီးဌာနက အိမ်ထောင်စု တစ်စုအတွက် ငွေကျပ် ၅သိန်းထောက်ပံ့တယ်လို့ ဖော်ပြတာတွေ့ရပါတယ်။

နုတ်ထွက်သူတွေရှိလာကြပြီ

ဒေသအနှံ့ မှာရှိတဲ့ စစ်ကောင်စီကခန့်အပ်တဲ့အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရမှု၊တိုက်ခိုက်ခံတာတွေ ဆက်တိုက်ရှိလာတဲ့ နောက်မှာတော့ အရင် NLD အစိုးရလက်ထက်က လက်ကျန်အုပ်ချုပ်ရေးမှူးတွေတောင် ဆက်မလုပ်ရဲတော့တဲ့အထိဖြစ်လာပါတယ်။

ဇူလိုင် လအတွင်း စစ်ကိုင်းတိုင်းကောလင်းမြို့နယ်မှာဆို တပြိုင်တည်း နုတ်ထွက်သူ အုပ်ချုပ်ရေးမှူးဦးရေဟာ ၂၀ကျော် အထိရှိလာပါတယ်။

ကောလင်းမြို့နယ်ထဲက နုတ်ထွက် အုပ်ချုပ်ရေးမှုးတစ်ဦးကတော့

" လူထုကိုစောင့်ရှောက်ရမယ့် ကျွန်တော်တို့ကိုယ်တိုင် မလုံခြုံတော့ဘူးဆိုရင်တော့ တစ်နိုင်ငံလုံးမလုံခြုံနေတဲ့သဘောပါပဲ။ လူထု လိုချင်တာရမှ အားလုံးလုံခြုံကြမယ်လို့ပဲ ကျွန်တော်ယူဆတယ်။ ဒါကြောင့် ကျွန်တော် အုပ်ချုပ်ရေးမှူးရာထူးကနေ နုတ်ထွက်လိုက်တာပါ" လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရန်ကန်ုက လျှပ်စစ်မီတာရုံးတချို့မှာ ပေါက်ကွဲမှုတွေဖြစ်