ကလေးမှာ ကိုဗစ်အတည်ပြုနဲ့ သံသယလူနာအပါအဝင် တစ်လကျော်အတွင်း သေဆုံးသူ ၃၀၀ ကျော်ရှိလာ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါပြန် လည်တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်အတည်ပြုနဲ့ သံသယလူနာအပါအဝင် တစ်လကျော် အတွင်း သေဆုံးသူ ၃၀၀ ကျော်ရှိလာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ဇွန်လဆန်းပိုင်းအရောက်မှာ ကူးစက်နှုန်းတွေ ပိုများပြားလာသလို သေဆုံးမှုတွေလည်းမြင့်တက်လာခဲ့တာပါ၊

လက်ရှိ ကလေးမြို့မှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ တစ်ရက်ကို (၂၀) ဦးခန့်ရှိနေပြီး ဇူလိုင်(၁) ရက်နေ့အထိ သေဆုံးသူ (၃၀၀) ကျော်ရှိနေပြီလို့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌတစ်ဦးက ပြောပါတယ်။

' ' ခရစ်ယာန်သင်္ချိုင်း ရော ဗမာသင်္ချိုင်း မှာပါ နေ့စဉ် ချပေးနေတာမပြတ်ဘူး။ ဆေးဆိုင်တွေကလည်း ဝန်ထမ်းတွေ ကူးကုန်တော့ ကြောက်ပြီးမဖွင့်ကြတော့ဘူး။ မနက်ဆိုတာနဲ့ ဆေးဆိုင်မှာဆေးဝယ်ဖို့ တန်းစီစောင့်ပြီးဝယ်ရတယ်။ အောက်ဆီဂျင်ကလည်း ရောက်တာနဲ့ကုန် အောက်ဆီဂျင်လိုက်ရှာနေတဲ့ သူတွေနဲ့ ဆေးဝယ်တဲ့သူလောက်ပဲ လမ်းမှာတွေ့ ရတော့တယ်။''လို့ ကလေးမြို့လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မြို့အခြေစိုက် ပရဟိတအသင်းက ကိုပွီးယာက ဘီဘီစီကိုပြောပြပါတယ်။

ဒါအပြင် နေ့စဉ် ရောဂါပိုးတွေ့ရှိသူ သေဆုံးသူတွေ များပြားနေတာကြောင့် သယ်ယူပို့ဆောင်ရေးကူညီ ဆောင်ရွက်ပေးနေရတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေအတွက် PPE ဝတ်စုံနဲ့ mask တွေလိုအပ်နေသလို အောက်ဆီဂျင်အလှူရှင်တွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်၊

ကလေးမြို့မှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူတွေအနေနဲ့ ဆေးရုံနဲ့ ကိုဗစ်စင်တာတွေမှာစစ်ဆေး အတည်ပြုပြီး သေဆုံးသူတွေရှိနေသလို အိမ်မှာဆေးကုသရင်း ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကလေးမြို့မှာ ကိုဗစ်-၁၉ ကြောင့် အောက်ဆီဂျင်ရှူနေရသူ (၃၀၀၀) ဝန်းကျင်ခန့်ရှိနေပြီး တစ်ရက်ကိုအောက်ဆီဂျင်ဘူးကြီးအလုံး (၅၀၀) နဲ့(၆၀၀) အကြားမျှဝေ ပေးနေရတယ်လို့ အောက်ဆီဂျင်မျှဝေပေးနေရတဲ့ ကလေးမြို့အခြေစိုက် ပရဟတိအသင်းတစ်ခုအသင်းဥက္ကဋ္ဌကပြောပါတယ်၊

ကလေးမြို့မှာ ကိုဗစ်ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ (၂၄) ရက်နေ့ကစတင်ပြီး ကူညီ ဆောင်ရွက်ပေးနေကြတဲ့ ဘော်လန်တီယာ (၈) ဦး၊ ကျန်းမာရေးဝန်ထမ်း (၁၅)ဦးနဲ့ ကြက်ခြေနီအဖွဲ့က ဝန်ထမ်း (၂) ဦးလည်း ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးကပြောပါတယ်။

အိမ်တွေမှာဆေးကုသနေတဲ့သူတွေအနေနဲ့လည်း လက်ရှိမှာဆေးဆိုင်အများစုပိတ်ထားတဲ့အတွက် လိုသလို ဆေးဝယ်လို့မရတဲ့ အခက်အခဲတွေ၊ အောက်ဆီဂျင်ဘူး မဝယ်နိုင်တဲ့ အခက်အခဲတွေ လည်းရှိနေတဲ့အတွက် ရေရှည်အတွက် စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့မြို့ခံတစ်ဦးကဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ဗီဇပြောင်းကိုဗစ်ပိုးဟာ ကူးစက်မြန်တာကြောင့် ကိုဗစ်ကြောင့် သေဆုံးသူတွေကို သင်္ဂြိုဟ်တဲ့နေရာမှာ အိမ်မှာကုရင်းသေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေအနေနဲ့ ကူညီဆောင်ရွက် ပေးသူတွေလုံခြုံမှုရှိစေဖို့ ရောဂါကိုဖုံးကွယ်မထားဘဲ ကြိုတင်အသိပေးဖို့လိုအပ်တယ်လို့လည်း သင်္ဂြိုဟ်စက် တာဝန်ခံက တိုက်တွန်းပြောဆိုထားပါတယ်။