ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာမှာ ဒေသတချို့ ကိုဗစ်ကြောင့် သေဆုံးသူတွေ ဆက်ရှိလာနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကိုဗစ်ကြောင့် ၄ ဦး ထပ်မံသေဆုံးပြီး မွန်ပြည်နယ်ချောင်းဆုံမှာလည်း တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဆုံးတဲ့ ၄ ဦးစလုံးကတော့ စင်တာမှာပဲ ဆုံးတာပါ။ ညပိုင်းက ဆုံးတာ ၃ ဦး။ ဒီမနက်ထပ်ဆုံးတာက တစ်ဦးပါ။ အမျိုးသမီး ၃ယောက်နဲ့ အမျိုးသား ၁ယောက်ပါ။ အခုဖွင့်ထားတဲ့ စင်တာမှာလည်း လူနာတွေက ပြည့်နေတဲ့အနေအထားပါ။ ရပ်ကွက်တွေထဲမှာပဲ ဖျားတဲ့နာတဲ့သူတွေရှိတယ်။ အောက်ဆီဂျင်လိုလို့ သွားပို့ပေးရတာတွေလည်းရှိတယ်" လို့ ကိုဗစ်စင်တာမှာ အောက်ဆီဂျင်ရရှိရေး ကူညီဆောင်ရွက်ပေးနေသူ ဦးချစ်ဇော်ဦးက ဘီဘီစီကိုပြောပြပါတယ်။
စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ဇွန် ၉ ရက်နေ့ကြေညာချက်အရ ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးရှိခဲ့တဲ့အနက် စစ်ကိုင်းတိုင်း အတွင်းက ၃ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။
ကလေးမြို့ကို ကိုဗစ်ကြောင့် stay at home အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီကနေ့ ဇွန် ၁၀ ရက်နေ့ မနက်ပိုင်းမှာက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်ကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
မြန်မာမှာ ဗီဇပြောင်းကိုဗစ်ပိုးတွေရှိနေပြီလား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွေအရ ကမ္ဘာမှာ ကိုဗစ်ဗီဇပြောင်းပိုး ၄ မျိုးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
"အဲဒီမှာ variant (မျိုးကွဲ) တွေအကြောင်းကို သေသေချာချာရှင်းပြထားပါတယ်။ အဓိကပြည်သူတွေကို ပြောချင်တာကတော့ variant ဆိုတာကတော့ ရှိနေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဗိုင်းရပ်ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့သဘောသဘာဝကတော့ သူမှီလို့ရတဲ့လက်ခံကောင် လူသားတွေကို သူ အသက်ရှင်သန်ဖို့ အတွက်အမြဲပြောင်းလဲနေပါတယ်။ သူပြောင်းလဲနေတဲ့ ဖြစ်စဉ်က ဆက်ရှိနေပါတယ်" လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကပြောပါတယ်။
WHO က ဒီပြောင်းလဲမှုတွေကိုလေ့လာတဲ့နေရာမှာ variant လေးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ယူကေ ဗီဇပြောင်းပိုး B 117 (alpha)၊ တောင်အာဖရိက ဗီဇပြောင်းပိုး B 1.351 (beta)၊ ဘရာဇီးဗီဇပြောင်းပိုး P1 (gamma) နဲ့ အိန္ဒိယဗီဇပြောင်းပိုး B 1.617.2 (delta) တို့ဖြစ်ပါတယ်။
လက်ရှိသုတေသနပြုချက်တွေအရ variant လေးမျိုးလုံးဟာ ကူးစက်မှုမြင့်ပြီး ရောဂါပြင်းထန်မှုကတော့ ယူကေ variant မှာ သိသာတာမရှိပါဘူး။ ရောဂါပြင်းထန်တာ သေဆုံးတာဖြစ်နိုင်တယ်လို့ပြောထားပါတယ်။ အတိကျတော့မဟုတ်ဘူးလို့ ဒေါက်တာခင်ခင်ကြီး ကရှင်းပြပါတယ်။
"ပြောချင်တာကတော့ variant လေးခုလုံးသည် ကူးစက်မူမြန်တယ် ။ ရောဂါ ပြင်းထန်မူအနေနဲ့တော့ ရှေ့ကသုံးခုဖြစ်တဲ့ alpha ၊ beta၊ gamma ကတော့ ပြင်းထန်မူတွေဖြစ်နိုင်ခြေရှိတယ်။ နောက်ဆုံး အိန္ဒိယ delta variant ကတော့ ပြင်းထန်မှုကို အတိကျမပြောနိုင်သေးဘူး။ သုတေသနလုပ်တုန်းဖြစ်တယ်။ ပြန်လည်ကူးစက်နိူင်မှုကတော့ ဘရားဇီး variant မှာတော့ရှိနိုင်တယ် ပြောထားတယ်" လို့ ဗီဇပြောင်းကိုဗစ်ပိုးတွေနဲ့ပတ်သက်ပြီး ဒေါက်တာခင်ခင်ကြီးကရှင်းပြပါတယ်။
အဲဒီလို ဗီဇပြောင်း ကိုဗစ် ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှာ တော်တော်များများကို ရောက်ရှိနေပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေကို အတိအကျသာ ဆက်လက်လိုက်နာနေမယ်ဆိုရင်တော့ မြန်မာအတွက် စိုးရိမ်စရာမရှိကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
ဘယ်လိုကာကွယ်မလဲ
ဗီဇပြောင်းပိုးတွေကိုလည်းပဲ တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေခြင်း၊ လူအုပ်စုကိုရှောင်ကြဉ်ခြင်းလို ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်း အတိအကျ လိုက်နာမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိဘူးလို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
"လေကောင်းလေသန့်ရတဲ့နေရာမှာနေမယ် ။ လက်ကိုသေချာသန့်ရှင်းအောင်ထားမယ် ၊ Mask တပ်မယ် ၊ ချောင်းဆိုးနှာစေးတာတွေကို ဖုံးအုပ်ကာကွယ်မယ်ဆိုရင်တော့ ကာကွယ်နိုင်မှာဖြစ်တယ်" လို့လည်း သူက ဆိုပါတယ်။
တကယ်လို့ ကာကွယ်ဆေးထိုးနိုင်မယ့်အခွင့်အလမ်းရှိရ်င ကာကွယ်ဆေးထိုးဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
မြန်မာမှာ ကာကွယ်ဆေး ထိုးနှံတဲ့အခြေအနေ
အိန္ဒိယနိုင်ငံကထုတ်တဲ့ ကိုဗစ်ရှီးကာကွယ်ဆေး ၃ ဒဿမ ၅ သန်းလုံးကို ထိုးနှံပေးပြီးဖြစ်သလို အကြမ်း ဖြင်းအား ဖြင့် ၁၅ သိန်းနီးနီးထိုးပေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။
"ကျွန်မတို့ကာကွယ်ဆေးထိုးပေးတဲ့သူတွေသည် အသက် ၁၈နှစ်အထက်တွေဖြစ်တာကြောင့် ကျွန်မတို့ နိုင်ငံရဲ့ကာကွယ်ဆေးထိုးပေးတဲ့လူဦးရေ ၁၈ နှစ်အထက် အကျုံးဝင်တဲ့သူတွေက ၃၈. ၃ သန်း ဖြစ်တာ ကြောင့် အဲဒါရဲ့ လေးရာခိုင်နူန်းကိုထိုးနှံကာကွယ်ပေးနိုင်ခဲ့တယ်" လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
အရပ်သားအစိုးရထံကနေ စစ်ကောင်စီက အာဏာရယူပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ ကာကွယ်ဆေးထိုးအစီအစဉ်ကို ပြန်လည်စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့် အစိုးရဝန်ကြီးတွေအပါအဝင် နောက်ပိုင်းမှာတော့ သာမန်အရပ်သားတွေကိုပါ ထိုးနှံပေးခဲ့တာတွေရှိခဲ့ပါတယ်။
ဒါပေမဲ့လည်း သာမန်အရပ်သားပြည်သူတွေထဲ ကာကွယ်ဆေးသွားရောက်မထိုးနှံသူတွေလည်း အများအပြားရှိနေပါတယ်။
"အိမ်ကအဖေအမေကိုလည်း မထိုးပေးထားဘူး။ အရင်ကတော့ ကိုယ့်မိဘတွေကို ထိုးပေးချင်တာပေ့ါ။ အခုအခြေအနေမှာတော့ မထိုးဖို့ ဆုံးဖြတ်ထားတယ်။ အတတ်နိုင်ဆုံးတော့ အိမ်မှာပဲနေဖို့ ၊ MASK တပ်ဖို့၊ ကိုယ်ခံအားကောင်းအောင်စားဖို့ကိုပဲ ဂရုစိုက်ပေးဖြစ်တယ်။ ကိုယ့်အဖွား အသက် ၈၀ ကျော်ကတော့ သူ့သားထိုးပေးလို့ သွားထိုးတာရှိတယ်။ ဒါပေမဲ့ တစ်ခုထူးခြားတာက အရင် အရပ်သားအစိုးရလက်ထက် ကိုဗစ်ကာကွယ်ဆေးတွေ စထိုးပေးတုံးက ဆေးထိုးပြီးရင် ဖျားတာ မခံမရပ်နိုင်အောင်နာတာတို့ ပြောကြတာ တွေရှိပေမယ့် သွားထိုးတဲ့အဖွားရော ရပ်ကွက်ထဲကသွားထိုးသူအချို့မှာရော ဆေးထိုးပြီး ဘာလက္ခဏာမှ ပြကြတာမျိုး မတွေ့ရ မကြားရဘူး"လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
လက်ရှိမှာတော့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်အပါအဝင်အာရှနိုင်ငံအချို့မှာလည်း ကိုဗစ်တတိယ လှိုင်း အဖြစ် ပြန်လည်ဖြစ်ပွားမှု များပြားတာတွေရှိလာနေပြီဖြစ်ပါတယ်။
မြန်မာမှာလည်း ဇွန် ၉ ရက်နေ့ထုတ်ပြန်ချက်အရ ကိုဗစ်စစ်ဆေးမှုအနေနဲ့ ဓာတ်ခွဲနမူနာ ၁၇၄၆ ခုစစ်ဆေး ရာမှာ အတည်ပြုလူနာ ၁၃၆ ဦးအထိတွေ့ရှိခဲ့ပြီး သေဆုံးသူလည်း နေ့စဉ်ပြန်လည်ရှိလာနေတာဖြစ်ပါတယ်။