ကိုဗစ် ကူးစက်မှု - "တတိယလှိုင်းက လှိုင်းကြီးလေထန် မဖြစ်ဖို့ကတော့ အားလုံးမှာ တာဝန်ရှိပါတယ်"ဒေါက်တာခင်ခင်ကြီး(ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန)

ဓာတ်ပုံ ရင်းမြစ်, MPA
မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် သုံးလကျော်အကြာမှာတော့ ကိုဗစ် ကူးစက်သူ လူနာသစ်တွေ့ရှိမှုနှုန်းတွေဟာ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ကူးစက်သူများပြားတဲ့ တိုင်းနဲ့ပြည်နယ်က ဒေသတချို့ကို ရောဂါ ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးကန့်သတ်ချက်တွေ ပြုလုပ်လာခဲ့ပြီး နေ့စဉ်ပိုးတွေ့လူနာအရေအတွက်ကလည်း တိုးလာနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း နေ့စဉ် ကိုဗစ် ကူးစက်မှုနှုန်းက အရှိန်အဟုန်နဲ့ကို မြင့်တက်နေတာပါ။
လက်ရှိ မြန်မာမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ဆရာဝန်တွေ သူနာပြုတွေပါဝင်နေပြီး အဲဒီလို CDM ပြုလုပ်သူတွေကိုလည်း စစ်ကောင်စီက ဆေးကုသခွင့်လက်မှတ်ပြန်သိမ်းတာ ပြင်ပ ဆေးရုံဆေးခန်းတွေမှာ ကုသခွင့်မပေးတာလို အရေးယူမှုတွေရှိနေတော့ မြန်မာမှာ ကိုဗစ်တတိယလှိုင်းသာ ပြန်ဖြစ်လာမယ်ဆိုရင် လက်ရှိ စစ်ကောင်စီအောက် ကျန်းမာရေးဝန်ကြီးဌာနက ဘယ်လောက်ထိ ကြံ့ကြံ့ခံ ပြင်ဆင်ထားနိုင်ပါသလဲ၊ ဘယ်လိုအခက်အခဲတွေရှိလာနိုင်ပါသလဲ၊ မြန်မာမှာတွေ့ရတဲ့ ကိုဗစ်ပိုးက မျိုးဗီဇပြောင်းတဲ့ဗိုင်းရပ်စ်ပိုးလား၊ ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်လဲဆိုတာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ပြည်တွင်းမှာ ဒီရက်ပိုင်းအတွင်း ပိုးတွေ့လူနာတွေ့ရှိမူလည်းများလာတာတွေ့ရတယ်။ ဒါဟာ တတိယလှိုင်း အစပြုနေပြီလို့ ပြောထားတဲ့ ဆရာမရဲ့မှတ်ချက်လည်း တွေ့ရပါတယ် ။ လက်ရှိပိုးတွေ့လူနာတွေ့ရှိမူနဲ့ တတိယလှိုင်းအစပြုနေပြီလား။
ဖြေ ။ မြန်မာနိုင်ငံမှာ အခုလက်ရှိ ပိုးတွေ့လူနာတွေ့ရှိနှုန်းက တရိပ်ရိပ်တက် လာတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ။ ၃.၆.၂၀၂၁ ညပိုင်းသတင်းထုတ်ပြန်ချက်အရဆိုရင် စစ်ဆေးတဲ့လူ ၁၄၄၈ ဦးမှာ ပိုးတွေ့လူနာဟာ ၁၂၂ ဦးရှိတဲ့အတွက်ကြောင့်မို့လို့ ပိုးတွေ့တဲ့ရာခိုင်နှုန်းဟာ ၈.၄ ရာခိုင်နူန်းထိမြင့်တက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မနေ့ကဆိုရင် သေဆုံးသူ ၃ ဦးရှိနေတယ်ဆိုတဲ့အကြောင်းကို ကြေညာထားပါတယ်။ ဒီမတိုင်ခင် ရက်တွေမှာလည်းပိုးတွေ့တဲ့နူန်းဟာ တောက်လျှောက်တက်လာတယ်။
ဟိုရက်တွေမှာဆိုရင် ၆ရာခိုင်နှုန်းနီးနီး တက်လာတယ်။ မနေ့ကတော့ အများဆုံး ဖြစ်ပါတယ်။ ဒီလိုပါပဲ ဒီနေ့ဆိုရင်လည်းပိုးတွေ့နှုန်းတက်လာတယ် ။ ဒါဟာ ဂရုစိုက်ရမယ့်အနေထားတော့ စရောက်တော့မယ်လို့ ပြောမယ်ဆိုရင် ပြောရမှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ စမ်းသပ်တာ ၈ ရာခိုင်နှုန်းကျော် ဖြစ်လာမယ်ဆိုရင် အထူးဂရုစိုက်ရတော့မယ်။ ၁၀၀ မှာ စစ်လိုက်တာ ၈ ယောက် ၉ယောက် တွေ့တယ်ဆိုတာ နည်းတဲ့ ဂဏန်းမဟုတ်တော့ပါဘူး။ စစ်ဆေးမူများလေလေ ပိုးတွေ့မှုများလေလေလို့ ပြောရမယ့်အခြေနေဖြစ်ပါတယ်။ လက်ရှိအနေထားမှာ ပိုးတွေ့မှုအနေနဲ့ အများဆုံးစံချိန်တင်ထားတာကတော့ ချင်းပြည်နယ်ပဲဖြစ်ပါတယ်။
ချင်းပြည်နယ်မှာဆိုရင် မနေ့ည (ဇွန် ၃ ရက်က) ဒေတာအရဆိုရင် ချင်းပြည်နယ်မှာပိုးတွေ့လူနာပေါင်း၂၂၃ ယောက်ရှိပါပြီ။ ချင်းပြည်နယ်တွန်းဇံက အများဆုံးဖြစ်ပါတယ် ။တွန်းဇံမြို့နယ်ထဲမှာဆိုရင်ပိုးတွေ့သူ ၁၈၈ ယောက် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
ဒုတိယလိုက်တာကတော့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ ပိုးတွေ့သူ ၂၁၇ ယောက် ရှိတာမှာ စစ်ကိုင်းတိုင်း တမူးက ပိုးတွေ့တဲ့သူ ၁၅၀ နဲ့ ကလေးက ပိုးတွေ့သူ ၆၀ သူက အဓိက နေရာယူထားတဲ့သဘော ရှိပါတယ်။
တတိယအနေနဲ့ကတော့ ရန်ကုန်တိုင်း ဖြစ်ပါတယ်။ စတုတ္ထကတော့ တင်္နသာရီတိုင်းဖြစ်ပါတယ်။ ပဉ္စမကတော့မွန်ပြည်နယ်ဖြစ်ပါတယ်။ ဒါတွေက တိုင်းနဲ့ပြည်နယ်အလိုက်မှာဆိုရင် တတိုင်းလုံးဖြစ်နေတာမျိုး မဟုတ်ဘဲနဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ တချို့မြို့နယ်တွေတချို့နေရာတွေမှာ ကွက်ဖြစ်နေတယ်ဆိုတဲ့ အနေထားကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
မေး။ အခုလိုရောဂါဖြစ်ပွားမှုတိုးမြင့်လာတာတွေ ၊ သေဆုံးမူရှိလာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနကရော တတိယလှိုင်းကို အရှိန်မမြင့်သွားအောင် ဘယ်လိုထိန်းချုပ်ကာကွယ်မူတွေလုပ်နေပါလဲ။
ဖြေ။ တိုင်းနယ် ပြည်နယ်အလိုက် ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ကျန်းမာရေးဦးစီးတွေနဲ့ ရှေ့ဆက်ပြီး အကောင်းဆုံး ဆောင်ရွက်နေပါတယ်။ လက်ရှိအနေထားကတော့ မနေ့ကလည်း ကြားသိရတဲ့အတိုင်းပါပဲ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနဲ့ တရုတ်နဲ့အင်တာဗျုးမှာလည်း မြန်မာနိုင်ငံက တတိယလှိုင်း စနေပြီ ဆိုတဲ့ဟာလေးလည်း ပြောသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုတော့ တတိယ လှိုင်းက လှိုင်းကြီးလေထန်မဖြစ်ဖို့ကတော့ အားလုံးမှာ တာဝန်ရှိပါတယ်။
ဒီလိုမျိုး သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေမှာလည်း ကြိုတင်ပြင်ဆင်မူတွေက သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက်အဖက်ဖက်ကလည်း ဆောင်ရွက်နေပါတယ် ။
ဥပမာ နမူနာပေးရမယ်ဆိုရင်ရန်ကုန်တိုင်းဆိုရင်လည်း ရောဂါဖြစ်ပွားမှုတွေများလာရင် ထားရှိဖို့ ဆေးရုံတွေ၊ မြိုနယ်ဆေးရုံတွေအထိ ရောဂါလက္ခဏာ သိပ်မပြင်းထန်တဲ့ သာမာန်လူနာတွေ ထားရှိနိုင်ဖို့ ပြင်ဆင်နေပါတယ် ။
အခုလက်ရှိဆေးရုံ ၂၂ ရုံမှာ ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။ ပေါ့စတစ်လူနာတွေအတွက် သီးခြားထားမယ့် နေရာတွေလည်း ပြင်နေပါတယ်။
ဆေးရုံ ၂၇ ရုံမှာ ထားရှိဖို့အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုတင် ၃၅၀ လောက်ထိ လက်ခံနိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ သာမန်နဲ့ အသင့်တင့် လက္ခဏာရှိသူတွေကတော့ သူနဲ့နီးစပ်ရာဆေးရုံမှာ ထားပြီး ကုသမယ် ။

ဓာတ်ပုံ ရင်းမြစ်, MPA
နောက်တစ်ခုက တချို့ရောဂါလက္ခဏာပြင်းထန်တဲ့သူတွေကျတော့ တချို့ဆေးရုံကြီးတွေမှာ ထားပြီးကုသဖို့ ပြင်ဆင်ထားပါတယ် ။
အခုကတော့ ဖောင်ကြီးမှာထားထားတယ် ။ နောက်ပိုင်းကျရင် ဝေဘာဂီ၊ ရန်ကုန်ဆေးရုံကြီးပေါ့။ ဒါမျိုးတွေလည်း ပြင်ဆင်နေပါတယ်။ ပေါ့စတစ်ဖြစ်တဲ့သူတွေနဲ့ ထိတွေ့မူရှိတဲ့သူတွေကိုတော့ ရိုးမစင်တာမှာ ထားရှိပြီး သူတို့တွေကို စစ်ဆေးမယ် ။ ပေါ့စတစ်ဖြစ်ရင်လည်း ပေါ့စတစ်ဖြစ်တဲ့အတိုင်း ပိုးတွေ့လူနာတွေရဲ့ ပရိုတိုကောအတိုင်း ဆက်သွားမယ်။ ဒါမျိုးလည်း လုပ်မှာဖြစ်ပါတယ် ။
ဒီလိုပဲ ရန်ကုန်တိုင်းတင်မကဘူး၊ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်း ပြင်ဆင်မှုတွေကိုထားရှိပြီး အကောင်းဆုံးဆောင်ရွက်နေပါတယ်။ ဒုတိယလှိုင်းလိုမျိုး အဖြစ်တွေ ထပ်မဖြစ်နိုင်ဖို့ အစစ အရာရာ စီစဉ်ဆောင်ရွက်နေပါတယ်။
ဒီနေရာမှာ ကျွန်မတို့မှာ ဒုတိယလှိုင်းမှာတုန်းက ရခိုင်ပြည်နယ်က ပြန်လာတဲ့သူတွေကိုcontact tracing လို့ခေါ်တဲ့ သူတို့တွေက ပြန်မဆက်သွယ်လာဘူးဆိုတဲ့ နောက်ကျသွားတာတွေရှိပါတယ်။ ဒါမျိုးမဖြစ်ဖို့အတွက် အခု ဆိုရင် ကလေး ၊ထားဝယ် ၊ မြိတ်၊ ကော့သောင်းလေကြောင်းတွေ ယာယီပိတ်ပါတယ်။
မြဝတီနယ်စပ်ကိုလည်း နှစ်ပတ်ပိတ်ထားပါတယ်။ ရေး၊ ထားဝယ်၊ မြိတ်တွေမှာလည်း ကုန်ကားတွေကို ခရီးသည်တင်ကားတွေ ကိုယ်ပိုင်ကားတွေကို စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။
သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးကို တိုးမြှင့် ဆောင်ရွက်နေတဲ့အတွက် ကိုယ့်နိုင်ငံအတွင်းမှာ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေပါတယ်။
ဒါကြောင့် တတိယလှိုင်းအစမှာ ဖြစ်နေတဲ့အခြေအနေနဲ့ ဆောင်ရွက်နေမှုအခြေနေတွေကို ပြောကြားခြင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မေး။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကရော ဘယ်အခြေနေထိရောက်နေပြီလဲ။ ဘယ်လောက်ထိထိုးပြီးပါပြီလဲ။
ဖြေ။ ဒီနေ့(ဇွန် ၄) ဆိုရင် အိန္ဒိယနိုင်ငံကထုတ်တဲ့ ကိုဗီရှီးကာကွယ်ဆေးကို အားလုံးအပြီးသတ်ထိုးပေးပြီးပါပြီ။ ဘယ်လောက်ထိထိုးပေးပြီးပြီဆိုတာကို အသေးစိတ်ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ကာကွယ်ဆေး ၃.၅သန်းကို အကျိုးရှိရှိ အလေလွင့်မရှိ ထိုးပေးလိုက်နိုင်ပါတယ်။အကြမ်းဖျင်းအားဖြင့် ၁၅ သိန်းနီးနီး ထိုးပေးနိုင်ခဲ့ပါတယ်။ ပထမအကြိမ်ထိုးနှံတဲ့သူ၊ ဒုတိယအကြိမ် ထိုးနှံတဲ့သူ ဒါကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်မှာဖြစ်ပါတယ်။
အကြမ်းဖျဉ်းအားဖြင့် ၁၅ သိန်းနီးနီးအပြည့်အဝကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။ကျွန်မတို့ကာကွယ်ဆေးထိုးပေးတဲ့သူတွေသည် အသက် ၁၈ နှစ်အထက်တွေဖြစ်တာကြောင့် ကျွန်မတို့နိုင်ငံရဲ့ ကာကွယ်ဆေးထိုးပေးတဲ့လူဦးရေ ၁၈ နှစ်အထက် အကျုံးဝင်တဲ့သူတွေက ၃၈.၃ သန်းဖြစ်တာကြောင့် အဲ့ဒါရဲ့လေးရာခိုင်နှုန်းကို ထိုးနှံကာကွယ်ပေးနိုင်တယ်လို့ပဲ ပြောပါရစေ။
မေး ။ ကျန်းမာရေးဝန်ကြီးဌာနက CDM ပြုလုပ်ထားတဲ့ဆရာဝန်တွေကို နိုင်ငံခြားသွားလာခွင့်ကန့်သတ်ပိတ်ပင်တာတို့ ဆမ လတ်မှတ်သိမ်းတာတို့ ရှိနေတယ်။ စီဒီအမ်ဆရာဝန်တွေကိုလည်း ပြင်ပဆေးခန်းတွေမှာ ကုသခွင့်မပေးဘူး။ ဒီလိုအခြေနေတွေမှာ တတိယလှိုင်းဖြစ်လာရင် ဘယ်လိုစိန်ခေါ်မှုတွေအကန့်သတ်တွေကြုံရနိုင်လဲ။ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းအင်အား လုံလောက်မှုမရှိရင်ရော တတိယလှိုင်းကို ကျော်ဖြတ်နိုင်ပါ့မလား။
ဖြေ။ ဒါနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ အခုဆို လေးလပေါ့နော်။ ဒီကြားထဲမှာလည်း အကြိမ်ကြိမ်ညှိနှိုင်းပေါင်းစပ်မှုတွေ ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ တချို့တွေလည်း လူနာတွေအကျိုးအတွက်လုပ်ငန်းခွင်ပြန်ဝင်ပြီးတော့ ဆောင်ရွက်တာတွေလည်းရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
တချို့တွေကျတော့လည်း ဘယ်လိုမှ သူတို့ကိုယ်တိုင်က လက်တွဲဖြုတ်သွားတာတွေလည်း ရှိပါတယ်။ ဒါကတော့ သက်ဆိုင်ရာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေနဲ့ သက်ဆိုင်ရာဌာနကနေပြီးတော့ အရေးယူဆောင်ရွက်မှုတွေတော့ လုပ်နေမှာ ဖြစ်ပါတယ်။
လက်ရှိအနေထားရဆိုရင် ဝန်ထမ်းတွေ ၆၀ ရာခိုင်နှုန်းနီးနီးက လုပ်ငန်းတွေ ပြန်ဝင်ပါပြီ။ တချို့ဆိုရင် တိုက်နယ်ဆေးရုံတွေဖြစ်ပေမယ့် ဆရာဝန်တစ်ယောက်တည်းရှိပေမယ့် အဲ့လို ဆေးရုံမှာဆိုရင်တောင်မှ လူနာတွေဆိုရင် အယောက် ၆၀၊ ၄၀ လောက် ထားရှိပြီး ကုသပေးနိုင်တာတွေရှိပါတယ်။ ဒါဟာ ဦးဆောင်နိုင်မှု၊ လုပ်ချင်စိတ်၊ နောက်တစ်ခုက လူတစ်ယောက်ရဲ့စွမ်းဆောင်ရည် ဒါနဲ့ သက်ဆိုင်ပါတယ်။
ဘယ်သူမရှိလို့ ဘယ်ဝါမရှိလို့ အလုပ်မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ရှိတဲ့သူနဲ့ အကောင်းဆုံး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ကြိုတင် ကာကွယ် တားဆီးရေးကို အလေးနက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။
အဲ့ဒီတော့ ကျွန်မတို့ ဒီတတိယလှိုင်းဟာ ဒုတိယလှိုင်းလိုမျိုး ၅ လခွဲလောက် ကြာတယ်။
အကြီးကြီး ရောဂါဖြစ်ပွားမှုအများကြီးမဖြစ်စေဖို့အတွက် အကောင်းဆုံးပြင်ဆင်မှုတွေနဲ့ ဆောင်ရွက်နေတဲ့အတွက်ကြောင့် ကျွန်မအနေနဲ့ကတော့ ဒါနဲ့ပတ်သက်ရင် သိပ်အခက်ခဲမရှိဘူးလို့ မြင်ပါတယ်။








