ကချင်မှာ တိုက်ပွဲတွေကြောင့် ၂၀၁၈ နောက်ပိုင်း အရပ်သားထောင်ချီ ထွက်ပြေးရမှု ပြန်ဖြစ်လာပြန်

အရပ်သားထောင်ချီ ထွက်ပြေးရမှု ပြန်ဖြစ်လာပြန်
ဓာတ်ပုံ ပုံစာ, အရပ်သားထောင်ချီ ထွက်ပြေးရမှု ပြန်ဖြစ်လာပြန်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

မြန်မာစစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးတဲ့နောက် တိုင်းရင်းသား နယ်မြေတွေမှာ ပေါ်ပေါက်လာခဲ့တဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့သလို၊ လူတွေ ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အကူအညီပေးရေးတွေကို အဓိကတာ၀န်ယူလုပ်ဆောင်တဲ့ ကုလသမဂ္ဂအဖွဲ့ ယူအန်အိုချာ UNOCHA က ပြောပါတယ်။

အခုသီတင်းပတ်ထဲ ထုတ်ပြန်လာတဲ့ အိုချာအဖွဲ့ရဲ့ အစီရင်ခံစာထဲ ကချင်ပြည်နယ်ထဲ ပေါ်ပေါက်နေတဲ့ တိုက်ပွဲတွေ အကြောင်း အာရုံစိုက် ပြောထားတာ တွေ့ရပါတယ်။

ဗန်းမော်၊ မိုးမောက်၊ ဖားကန့်၊ မြစ်ကြီးနားနဲ့ တနိုင်း စတဲ့ ကချင်ပြည်နယ် နေရာအနှံ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား မတ်လလယ်ကစပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်လာခဲ့တာမှာ အကြိမ် ၅၀ နီးပါး ရှိနေပြီလို့ ဆိုပါတယ်။

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးဒဏ်

အဲဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်စလုံး လက်နက်ကြီးတွေ အသုံးပြုခဲ့ကြသလို၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ကြတယ်လို့ အိုချာ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သား လူနေအိမ်တချို့ ထိခိုက် ပျက်စီးခဲ့ရပြီး၊ အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရသူတွေ ငါးထောင် ၅၀၀၀ ၀န်းကျင် ရှိတယ်လို့ ဆိုပါတယ်။

အရပ်သားအထိခိုက်နဲ့ ပတ်သက်ပြီး ဧပြီ ၂၀ ရက် နေ့က ဖြစ်ခဲ့တဲ့ မိုးမောက်မြို့နယ်ထဲက တိုက်ပွဲ အကြောင်း အိုချာ အစီရင်ခံစာထဲ ထည့်သွင်းထားတာမှာ အရပ်သား ၃ ယောက် ဒဏ်ရာရပြီး၊ လူနေအိမ်တချို့ ပျက်စီးခဲ့ရသလို၊ အယောက် ၃၀ ထက်မနည်း ထွက်ပြေးခဲ့ကြရတယ်လို့ ထုတ်ပြန်ပါတယ်။

မတ်လလယ် တိုက်ပွဲတွေ ပြန်ဖြစ်လာကတည်းက ဖားကန့်၊ အင်ဂျန်းယန်၊ ရွှေဂူ၊ ဝိုင်းမော်၊ မိုးမောက် စတဲ့ နေရာတွေမှာ အရပ်သား ၅၀၀၀ ၀န်းကျင် ထွက်ပြေး ခဲ့ကြရပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်နိုင်တဲ့လူ ၈၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ကျန်တဲ့ လူ ၄၀၀၀ ကျော်ကတော့ ပတ်၀န်းကျင် ဒေသတွေက ခရစ်ယာန် ဘုရားကျောင်းတွေ အပါအ၀င် နီးစပ်ရာ နေရာတွေမှာ ယာယီ ခိုလှုံနေကြရတယ်လို့ အိုချာ အဖွဲ့က ပြောပါတယ်။

IDP စခန်းတွေမှာ နှစ်ရှည်လများ သောင်တင်နေကြရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, IDP စခန်းတွေမှာ နှစ်ရှည်လများ သောင်တင်နေကြရ

စစ်ရှောင်စခန်းတွေထဲ ဆယ်စုနှစ်နဲ့ချီ သောင်တင်နေကြ

ဒါဟာ ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထောင်နဲ့ချီပြီး ထွက်ပြေးရတယ် ဆိုတာကို ၂၀၁၈ စက်တင်ဘာလ နောက်ပိုင်း စပြီး ပြန်ကြားလာရတာ ဖြစ်ပါတယ်။

၂၀၁၁ ကတည်းက ကချင်တကျော့ပြန် စစ်ကြောင့် ဒုက္ခသည် အိုင်ဒီပီ IDP စခန်းတွေမှာ နှစ်ရှည်လများ သောင်တင်နေကြရသူတွေ ကိုးသောင်းခွဲ ၉၅၀၀၀ ၀န်းကျင် ရှိနှင့်နေပြီး ဖြစ်ပါတယ်။

အခုလို နောက်ထပ် တိုးလာပြန်တဲ့ ထောင်နဲ့ချီတဲ့ ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည်တွေကို လုံခြုံရေးဆိုင်ရာ စိုးရိမ်နေရတာ အပါအ၀င် အခက်အခဲတွေကြားကပဲ ဒေသခံ အသိုင်းအဝိုင်းတွေက အရေးပေါ် ထောက်ပံ့ ကူညီရေးတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း အိုချာက ဆိုပါတယ်။

ဗီဒီယို ပုံစာ, ထိုင်းမြန်မာ နယ်စပ်မှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်

ရှမ်းမြောက်၊ ကရင်နဲ့ ပဲခူး

တခါ၊ ကချင်နဲ့ကပ်လျက် ရှမ်းပြည်မြောက်ပိုင်းကို ကြည့်ပြန်ရင်လည်း အခု ၂၀၂၁ နှစ်ဆန်း ဇန်နဝါရီကစလို့ တိုက်ပွဲတွေ ရှိနေခဲ့တာမှာ လူ ၁၀,၉၀၀ ၀န်းကျင် နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရပြီး လူ ၄၀၀၀ နီးပါး အခုထက်ထိ အိမ်မပြန်နိုင်ကြသေးဘူးလို့လည်း အိုချာ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

ကရင်နဲ့ ပဲခူး နယ်မြေတွေထဲ ဖေဖေါ်၀ါရီက စပြီး ရှိလာခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့်လည်း အရပ်သား လေးသောင်း ၄၀၀၀၀ နီးပါး ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဲဒီထဲက တချို့လည်း အိမ်ပြန်နိုင်ကြပြီး ထိုင်းဘက်ထဲထိ ၀င်ရောက် လာကြသူတွေလည်း အထူးသဖြင့် ကရင်ကသူတွေ အနည်းဆုံး သုံးထောင် ၃၀၀၀ ၀န်းကျင် ရှိကြောင်း သတင်းတွေ ရထားတယ်လို့လည်း အိုချာက ဆိုပါတယ်။

စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အကျပ်အတည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အကျပ်အတည်း

မြန်မာပြည်ကယ်ဆယ်ရေးအတွက် ရန်ပုံငွေတွေ လိုအပ်နေ

မြန်မာနိုင်ငံထဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး ဆိုင်ရာ ခါးသည်းနာကျည်းမှုတွေ၊ ပဋိပက္ခတွေ ပေါ်ပေါက်နေပြီး လူသားချင်း ဆိုင်ရာ စာနာနားလည်တဲ့ အကူအညီတွေနဲ့ အကာအကွယ်တွေ ပေးဖို့လည်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက နိုင်ငံတကာ အသိုင်းအဝိုင်းကို သတိပေး ဆော်သြနေပါတယ်။

၂၀၂၁ထဲ မြန်မာနိုင်ငံ နေရာအနှံ့မှာ ကူညီထောက်ပံ့တာတွေလုပ်ဖို့ လိုအပ်လာတဲ့ လူတွေ နောက်ထပ် သန်းနဲ့ချီပြီး ထပ်တိုးလာတယ်လို့ ဆိုပါတယ်။

အဲဒီထဲ သုံးပုံနှစ်ပုံ ကျော် အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ထဲ လူပေါင်း ကိုးသိန်းခွဲ အတွက် ကူညီထောက်ပံ့ရေးတွေ လုပ်ဖို့ ဒေါ်လာ ၂၇၆ သန်းဖိုး လျာထား လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။

ဒါပမယ့် အခု ဧပြီ နောက်ဆုံးပတ်ထဲထိ ရထားသမျှ ရန်ပုံငွေတွေဟာ အဲဒီ လျာထားဘတ်ဂျက်ရဲ့ ၁၂% ဖြစ်တဲ့ ဒေါ်လာ ၃၂ သန်းသာ ရှိသေးတယ်လို့ ကုလအဖွဲ့က အသိပေးပါတယ်။

စစ်အာဏာသိမ်း

ဓာတ်ပုံ ရင်းမြစ်, UGC

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုကြောင့် ခါးသည်း နာကျည်းမှုတွေ၊ ပဋိပက္ခတွေ ပေါ်ပေါက်နေ

မြို့ပေါ်က အစာငတ်မယ့်အန္တရာယ်

မြန်မာနိုင်ငံတ၀န်း အစားအစာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံရမယ့် လူ ဦးရေလည်း သိသိသာသာ တိုးလာတဲ့ အန္တရာယ်လည်း ရှိနေတယ်လို့ ကုလသမဂ္ဂ အဖွဲ့က သတိပေးထားပါတယ်။

ဒါဟာ အဓိက ရိုက်ခတ်သက်ရောက်တဲ့ အချက်ကြီး ၃ ချက် ရဲ့ ဒဏ်ကြောင့် လို့ ဆိုပါတယ်။

(၁) မြန်မာနိုင်ငံထဲ ရှိနှင့်ပြီး ဆင်းရဲမွဲတေမှု ပြဿနာ၊ (၂) ကိုဗစ်ကပ်ဘေးဒဏ် နဲ့ (၃) စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး အကျပ်အတည်း အခြေအနေတွေကြောင့် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကြုံရတဲ့ လူပေါင်း နောက် ၆ လ အတွင်း ၃.၄ သန်း နီးပါး အထိ ရှိလာမယ်လို့ ကုလအဖွဲ့ကြီး ဖြစ်တဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP ကလည်း လတ်တလောမှာပဲ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဓိက အားဖြင့် မြို့နေလူထုကြား အစားအစာဖိုး မတတ်နိုင်တဲ့ ပြဿနာ ပိုပြီး ကြီးထွားလာမယ်လို့ WFP က ခန့်မှန်ထားတာ ဖြစ်ပြီး၊ ရန်ကုန်နဲ့ အနီးတဝိုက် အရပ်တွေမှာ ထမင်းနပ်မမှန်တော့တဲ့ မိသားစုတွေ၊ အာဟာရပြည့်မီအောင် မစားနိုင်တော့တဲ့သူတွေ၊ အကြွေးနွံထဲနစ်နေရသူ တိုးလာတာ တွေ့နေရပြီလို့ ဆိုပါတယ်။

ဒါ့ကြောင့် WFP က သူတို့ ကူညီလက်စ လူ တစ်သန်းကျော်ဖိုး အတွက် စားနပ်ရိက္ခာထောက်ပံ့ရေး အစီအစဥ်တွေကို လူ သုံးသန်းခွဲ နီးပါး အတွက် တိုးတက်လုပ်ဆောင်ပေးဖို့ ရည်မှန်းထားပါတယ်။

မြန်မာနိုင်ငံထဲ ကိုဗစ်ကပ်ဘေးကာလ မတိုင်ခင် အခြေအနေကို ကြည့်ရင် ကလေးသူငယ်တွေ စုစုပေါင်းရဲ့ အနည်းဆုံး သုံးပုံတစ်ပုံဟာ ဆင်းရဲမွဲတေမှုဒဏ် ခံနေကြရတဲ့ မိသားစုတွေထဲက ဖြစ်တယ်လို့ ကလေးသူငယ်များ ဆိုင်ရာ ကုလသမဂ္ဂ ရန်ပုံငွေ အဖွဲ့ ဖြစ်တဲ့ ယူနီဆက်ဖ် UNICEF ကလည်း ပြောထားပါတယ်။

"လက်ရှိ အကျပ်အတည်းတွေကြောင့် အခြေအနေဟာ ပိုဆိုးလာပါတယ်။ ယူနီဆက်ဖ်အနေနဲ့ ထိခိုက်လွယ်မှု အရှိနိုင်ဆုံး ကလေးသူငယ်တွေနဲ့ မိသားစု၀င်တွေကို ထောက်ပံ့နိုင်ဖို့ ၊ အသက်ကို ကယ်နိုင်တဲ့ ၀န်ဆောင်မှုတွေ သူတို့ရရှိနိုင်ဖို့ မြန်မာနိုင်ငံတလွှား ကြိုးစား လုပ်ဆောင်နေပါတယ်" ဆိုပြီး ယူနီဆက်ဖ်ကလည်း အခုသီတင်းပတ်ထဲမှာပဲ ထုတ်ပြန်ထားပါတယ်။