မြန်မာ့ဒီမိုကရေစီတိုက်ပွဲကို ကမ္ဘာ့စင်မြင့်ပေါ် တင်ပေးတဲ့ အလှမယ်

Miss Grand International အလှမယ် ပြိုင်ပွဲမှာ မဟန်လေး အနိုင်မရခဲ့ပေမယ့် မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် လှိုက်လှိုက်လှဲလှဲ ထုတ်ဖော် ပြောဆိုခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Miss Grand International အလှမယ် ပြိုင်ပွဲမှာ မဟန်လေး အနိုင်မရခဲ့ပေမယ့် မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် လှိုက်လှိုက်လှဲလှဲ ထုတ်ဖော် ပြောဆိုခဲ့
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ Miss Grand International အလှမယ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ မြန်မာနိုင်ငံက အလှမယ် ဟန်လေးဟာ ပြိုင်ပွဲမှာ အနိုင်မရခဲ့ပေမယ့် မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် လှိုက်လှိုက်လှဲလှဲ ထုတ်ဖော် ပြောဆိုခဲ့သူအဖြစ် အများက မှတ်မိနေကြမှာ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

အသက် ၂၂ နှစ် အရွယ် မော်ဒယ်လ် ဟန်လေးက ပြိုင်ပွဲအတွင်း အခုလို ထုတ်ဖော်ပြောဆိုမှုကြောင့် လူအများ သတိထားအာရုံစိုက်စရာလည်း ဖြစ်ခဲ့ပြီး ဒီမိုကရေစီတောင်းဆိုနေကြတဲ့ မြန်မာနိုင်ငံသားတွေ အာဏာသိမ်း တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ခံရတာတွေအတွက် နိုင်ငံတကာက အရေးတကြီးအနေနဲ့ မြန်မြန် ကူညီပေးကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

သူအခုလို ပြောကြားခဲ့တဲ့ မတ်လ ၂၇ ရက်ဟာလည်း အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်ပိုင်း တရက်တည်းမှာ အများဆုံးအနေနဲ့ လူပေါင်း ၁၄၁ ယောက်ကို သတ်ဖြတ်ခဲ့တဲ့နေ့လည်း ဖြစ်ခဲ့တဲ့အတွက်သူ ထုတ်ဖော်ပြောဆိုတာတွေကို လူအများ ပိုအာရုံစိုက် အလေးထားမှုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

အခုလို ရက်ရက်စက်စက် ကျူးလွန်နေသူတွေဟာ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အာဏာကို အလွဲသုံးစားလုပ်နေကြတာဖြစ်တယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အားလုံးက လက်မလျှော့ရင် ပန်းတိုင်ကို ရောက်ရမှာပဲလို့လည်း မဟန်လေးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အားလုံးက လက်မလျှော့ရင် ပန်းတိုင်ကို ရောက်ရမှာပဲလို့လည်း မဟန်လေးက ဆိုပါတယ်။

ဟန်လေးက ဧပြီလ ၂ ရက်မှာ ရိုက်တာသတင်းဌာနနဲ့ ပြောဆိုရာမှာတော့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နှစ်လ အတွင်းမှာ အာဏာသိမ်းဆန့်ကျင်လှုပ်ရှားသူ ၅၅၀ ပတ်ဝန်းကျင် အထိ အသတ်ခံခဲ့ရပေမဲ့ သူနဲ့တကွ သူ့လိုပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေက ဘယ်လိုမှ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို သူ အပါအဝင် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်တော့မှ လက်လျှော့ လိုက်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာပြည်တွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသူတွေဟာ လမ်းပေါ်ထွက် ဆန့်ကျင် လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့လည်း သူ့ကို ပြောဆိုကြပြီး သူကိုယ်တိုင်ကလည်း အခုလို နိုင်ငံတကာစင်မြင့်မှာ ဆက်လက် တိုက်ပွဲဝင်ဦးမှာ ဖြစ်တဲ့အတွက် အားလုံးက လက်မလျှော့ရင် ပန်းတိုင်ကို ရောက်ရမှာပဲလို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းခံရပြီးကတည်းက နေ့စဉ် ဆန္ဒပြမှုတွေ၊ ဝန်ထမ်းတွေ သပိတ်မှောက်မှုတွေနဲ့အတူ အာဏာသိမ်း စစ်ကောင်စီက ကျည်ဆန်အစစ်တွေ သုံးပြီး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်နေတာကြောင့် အခြေအနေတွေ ဆက်လက် ဆိုးရွားရှုပ်ထွေးနေဆဲဖြစ်ပြီး အစိုးရယန္တရားလည်း ယိုင်နဲ့ လာနေပါတယ်။

အခုလို စစ်အာဏာရှင်တွေရဲ့ နှိမ်နင်းမှုတွေကြောင့် အသက်သေဆုံးရသူ အများစုဟာ မြန်မာနိုင်ငံကို ရာစုနှစ်ဝက်ကျော် အုပ်ချုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ၂၀၁၁ မတိုင်ခင်အထိ စစ်အစိုးရအဖြစ် အုပ်ချုပ်တဲ့ နောက်ဆုံး ဆယ်စုနှစ် ကာလတွေမှာ မွေးဖွားခဲ့တဲ့ လူငယ်တွေလည်း ဖြစ်နေပါတယ်။

ဗီဒီယို ပုံစာ, စစ်တပ်ပစ်လို့ ကျဆုံးခဲ့သူ ၅၀၀ကျော် အတွက် နွေဦး ပန်းသပိတ်

လူငယ်တွေတွေကို အာဏာသိမ်း စစ်ကောင်စီက သတ်ဖြတ်နေတဲ့အကြေင်းကို မတ်လ ၂၇ ရက်နေ့က အလှမယ်ပြိုင်ပွဲအတွင်း နှစ်မိနစ်၊ သုံးမိနစ်လောက် နိုင်ငံတကာက သိအောင် ပြောကြားရာမှာ မျက်ရည်ကျပြီး မငိုမိအောင် မနည်း ထိန်းထားခဲ့ရတယ်လို့လည်း ဟန်လေးက ဆိုပါတယ်။

အခုလို နိုင်ငံတကာ သိအောင် ပြောဖို့ လိုအပ်တယ်လို့ သူယူဆတဲ့အတွက် ရအောင် ပြောခဲ့ရတာ ဖြစ်ပြီး ပြိုင်ပွဲအပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်တဲ့အချိန်မှာတော့ ထိန်းထားခဲ့သမျှအတွက် တညလုံး ငိုခဲ့ရတယ်လို့ သူက ပြောပါတယ်။

အခုအချိန်အထိလည်း မြန်မာနိုင်ငံအကြောင်း ပြောပြပေးတဲ့ အချိန်တိုင်း ငိုနေရဆဲ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အလှမယ်ပြိုင်ပွဲအတွင်း နှစ်မိနစ်၊ သုံးမိနစ်လောက်အတွင်း  နိုင်ငံတကာက သိအောင် ပြောကြားရာမှာ မျက်ရည်ကျပြီး မငိုမိအောင် မနည်း ထိန်းထားခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အလှမယ်ပြိုင်ပွဲအတွင်း နှစ်မိနစ်၊ သုံးမိနစ်လောက်အတွင်း  နိုင်ငံတကာက သိအောင် ပြောကြားရာမှာ မျက်ရည်ကျပြီး မငိုမိအောင် မနည်း ထိန်းထားခဲ့ရ

မြန်မာနိုင်ငံသားတွေ အကြမ်းဖက်မှုကို လက်တွေ့ခံစားနေရတဲ့အချိန်မှာ သူပြိုင်ပွဲဝင်နေတာကို အပြစ်ရှိသလို ခံစားခဲ့ရပြီး ပြိုင်ပွဲမှာ အနိုင်ရဖို့ ကိစ္စလည်း အာရုံမစိုက်နိုင်တော့ဘူးလို့ သူက ဝန်ခံခဲ့ပါတယ်။

အလှမယ် ဆိုတာကလည်း လူတိုင်းကို နှစ်နှစ်ကာကာ ပြုံးပြနေဖို့ လိုအပ်တယ်ဆိုတော့ မြန်မာနိုင်ငံမှာ လူတွေ သေနေတဲ့အချိန်မှာ ဒီလိုလုပ်ဖို့ ခက်ခဲခဲ့ပြီး ဘယ်လိုမှ မပြုံးပျော်နိုင်ခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

ဗီဒီယို ပုံစာ, လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ဆို

Miss Grand International အလှမယ်ပြိုင်ပွဲ ထူထောင်သူ နဝတ် အစ်ဆာရာဂရီဆီ ကတော့ ဟန်လေးက မြန်မာစစ်ကောင်စီကို အလှမယ်ပြိုင်ပွဲမှာ ဆန့်ကျင်ပြောဆိုလိုက်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်လို့ မဖြစ်တော့ဘူးလို့ ရိုက်တာ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဟန်လေးက နေရပ်အိမ်ပြန်တဲ့အနေနဲ့ ပြန်သွားပေမယ့် သူတကယ်ရောက်သွားတာက မြန်မာအာဏာသိမ်း စစ်ကောင်စီက ပို့မယ့် ထောင်ဖြစ်နေနိုင်တဲ့အတွက် ပြည်ပမှာ နေရဦးမယ်လို့ အစ်ဆာရာဂရီဆီက ဆိုပါတယ်။