မြန်မာရဲတွေ ပြန်ပို့ဖို့ အိန္ဒိယကိုစာပို့တောင်းဆို

စနေနေ့က ဆန္ဒပြသူများကို လုံခြုံရေးကဖြိုခွဲစဥ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, စနေနေ့က ဆန္ဒပြသူများကို လုံခြုံရေးကဖြိုခွဲစဥ်
ရေးသားခဲ့သည်။

အမိန့်နာခံဖို့ ငြင်းဆန်ပြီး အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်ခိုလှုံသွားတဲ့ ရဲအဖွဲ့ဝင်တွေကို ပြန်ပို့ပေးဖို့ မြန်မာအစိုးရ အိန္ဒိယကို ပန်ကြားလိုက်ပါတယ်။

အခုရက်ပိုင်းမှာ အာဏာသိမ်းအစိုးရကပေးတဲ့ အမိန့်ကို မနာခံလိုတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ဟာ သူတို့မိသားစုတွေနဲ့ အတူ အိန္ဒိယနိုင်ငံထဲကို လောလောဆယ် ရက်ပိုင်းတွေ အတွင်း ရောက်လာတယ်လို့ အိန္ဒိယအရာရှိတွေက ဆိုပါတယ်။

ဒါပေမဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီက အိန္ဒိယထံ စာတစောင်ပေးပို့ခဲ့ပြီး အဲဒီစာထဲမှာတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အလို့ငှာ ဝင်ရောက်လာသူများကို ပြန်ပို့ပေးပါလို့ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဆန္ဒပြမှုတွေ၊ အမိန့်အာဏာဖီဆန်တဲ့လှုပ်ရှားမှုတွေ နိုင်ငံနဲ့ တဝန်းဖြစ်ပေါ်ခဲ့ပါတယ်။

CDMမှာပါဝင်လာတဲ့နေပြည်တော်ရဲဌာနချုပ်က ဒုရဲအုပ်တစ်ဦး
ဓာတ်ပုံ ပုံစာ, CDM မှာပါဝင်လာတဲ့နေပြည်တော်ရဲဌာနချုပ်က ဒုရဲအုပ်တစ်ဦး

လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အဓိကဖြိုခွင်းရသူတွေဖြစ်ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

မြန်မာ့အသံရုပ်မြင်သံကြားနဲ့ မြဝတီရုပ်မြင်သံကြားအစီအစဥ်က ထုတ်ပြန်ကြေညာရာမှာတော့ ရဲတွေကို ကျည်စစ်ကျည်မှန် အသုံးမပြုဖို့ ညွှန်ကြားထားကြောင်း၊ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေ အသုံးပြုပစ်ခတ်တဲ့အခါမှာလည်း ခါးအောက်ပိုင်းကိုသာ ပစ်ဖို့ ညွှန်ကြားထားကြောင်းကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်ကြောင့် သေဆုံးမှုတွေမှာ အဓိက တာဝန်ရှိသူတွေဟာ ရဲတွေလားလို့ ထင်မှတ်စရာရှိလာပါတယ်။

စနေညက ရဲအဖွဲ့ဟာ ရန်ကုန်မြို့တွင်းမှာ ညဘက်ရှာဖွေဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဗီဒီယိုတခုထဲမှာတော့ လမ်းထဲမှာ ရှာဖွေဖမ်းဆီးဖို့ ဆက်လက်သွားတဲ့အချိန်မှာ အဆောက်အအုံတွေဆီကို သေနတ်နဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒီနေ့ တနင်္ဂနွေနေ့မှာတော့ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးအများအပြားမှာ လူအများအပြားဆန္ဒပြခဲ့ကြပါတယ်။

လူထုလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့သူများကို ရည်စူးပြီးဆုတောင်းပွဲပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လူထုလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့သူများကို ရည်စူးပြီးဆုတောင်းပွဲပြုလုပ်

ခိုလှုံခွင့်တောင်းတဲ့ရဲတွေ ဘာဖြစ်မလဲ

မြန်မာနိုင်ငံ ဖလမ်းရဲစခန်းဆီက ရဲတွေ ပြန်ပို့ပေးဖို့ အကြောင်းကြားစာ လက်ခံရရှိကြောင်း မီဇိုရမ်ပြည်နယ် ဒုရဲမှူးချုပ် မာရီယာစီတီဇွာလီက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အဲဒီစာထဲမှာ အိန္ဒိယဘက်ခိုလှုံသွားတဲ့ ရဲအရာရှိ ၈ ယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြထားပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းရန်အလို့ငှာ အိန္ဒိယနိုင်ငံထဲကို ရောက်လာတဲ့ ရဲအရာရှိ ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး မြန်မာဘက်လွှဲအပ်ပေးပါလို့ အဲဒီစာမှာ ရေးသားထားပါတယ်။

မစ္စဇွာလီကတော့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်ကို စောင့်နေတယ်လို့ ဆိုပါတယ်။

အိန္ဒိယဘက်ကို ထွက်ပြေးခိုလှုံလာသူဟာ ရဲအရာရှိတွေ အပါအဝင် စုစုပေါင်း အယောက် ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ စနေနေ့မှာလည်း နောက်ထပ်ဝင်ရောက်ဖို့နယ်ခြားမှာ စောင့်ဆိုင်းနေသူတွေရှိနေတယ်လို့ AFP သတင်းဌာနက အိန္ဒိယအရာရှိတွေကို ကိုးကားပြီးရေးသားထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထားသူ စုစုပေါင်း ၁၇၀၀ ကျော်ရှိသွားပြီလို့ ကုလသမဂ္ဂလူ့အခွင့်အရေး အရာရှိ မစ်ချဲဘက်ချလက်ကဆိုပါတယ်။ အဲဒီဖမ်းဆီးထားသူတွေထဲမှာ သတင်းသမား အနည်းဆုံး ၂၉ ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။