ကိုဗစ်ကာကွယ်ဆေး- အောက်စဖို့ဒ် ကိုဗစ်ကာကွယ်ဆေး အိန္ဒိယ အတည်ပြု

ရေးသားခဲ့သည်။

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စထရာဇန်နကာ ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံမှာ အသုံးပြုဖို့ အိန္ဒိယက အတည်ပြုလိုက်ပါတယ်။

ဒါဟာ ကမ္ဘာ့လူဦးရေ ဒုတိယ အများဆုံးနိုင်ငံကြီးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်း စတင်နိုင်ဖို့ဖြစ်လာပါတယ်။

ဒီဆေးကို အိန္ဒိယနိုင်ငံမှာလည်း ထုတ်လုပ်ဖို့ သဘောတူထားတဲ့ ဆေးဖြစ်ပြီး မြန်မာနိုင်ငံက အိန္ဒိယကနေ ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ဆေးလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ၁၅ သန်း အိန္ဒိယကနေ ဝယ်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

လက်ရှိ အမေရိကန်က အတည်ပြုထားတဲ့ ဖိုင်ဇာနဲ့ မက်ဒါးနားဆေးတွေက အနည်းဆုံး ဒေါ်လာ ၂၀နဲ့ ၃၀ ဝန်းကျင်ရှိပြီး ဒီဆေးက ၄ ဒေါ်လာ တန်ဖိုးရှိပါတယ်။

အောက်စဖို့ဒ်ကာကွယ်ဆေးကို အသုံးပြုဖို့ သောကြာနေ့က အတည်ပြုလိုက်ကြောင်း အိန္ဒိယ ပြန်ကြားရေးဝန်ကြီးက ပြောတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒါဟာ အမေရိကန်ပြီးရင် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံအတွက် ပထမဆုံး အရေးပေါ် အသုံးပြုခွင့်ရတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ပါတယ်။

အိန္ဒိယမှာ ကာကွယ်ဆေးထိုးဖို့ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ လုပ်နေပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းထုတ် ကာကွယ်ဆေးနှစ်မျိုး ဖြစ်တဲ့ COVAXIN နဲ့ ZyCoV-D၊ ရုရှားထုတ် Sputnik-V တို့လည်း အတည်ပြုချက်ရဖို့ စောင့်နေတယ်လို့ ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။

အိန္ဒိယဟာ ကိုဗစ်ကာကွယ်ဆေး လေးမျိုး သုံးနိုင်မယ့် ပထမဆုံး နိုင်ငံ ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

တစ်ခုက သောကြာနေ့က အရေးပေါ် သုံးစွဲခွင့် အတည်ပြုလိုက်တဲ့ ဆီရမ် အင်စတီကျုရဲ့ ကိုဗစ်ရှီး COVISHIELD ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကိုဗစ်ရှီး ကာကွယ်ဆေးဟာ အောက်စဖို့ဒ်ကာကွယ်ဆေးကို အိန္ဒိယ နိုင်ငံက ဆီရမ် အင်စတီကျု SII က ကိုဗစ်ရှီးအမည်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။

နှစ်ကြိမ်ထိုးရမယ့် ဒီဆေးအတွက် SII က ပထမနဲ့ဒုတိယအကြိမ်ကြား၂၈ ရက် ခြားပြီး ထိုးဖို့ အိန္ဒိယ ဆေးဝါးကြီးကြပ်ရေး အာဏာပိုင်တွေဆီ လျှောက်ထားထားပါတယ်။

အောက်စဖို့ဒ်ကာကွယ်ဆေးကို ဗြိတိန်မှာတော့ ဒီဇင်ဘာ ၃၁ ရက်က အသုံးပြုခွင့် ပေးခဲ့တာပါ။

ဒီဆေးဟာ သာမန်ရေခဲသေတ္တာ အအေးခန်းမှာ ထားရှိနိုင်တာမို့ အနုတ် ၇၀ ဒီဂရီလောက်ထိ အင်မတန်အေးတဲ့ အခြေအနေမှာ ထားရတဲ့ ဖိုင်ဇာဆေးထက် ထိန်းသိမ်းသယ်ယူပို့ဆောင်မှုမှာ အများကြီး လွယ်ကူတာ ဖြစ်ပါတယ်။

ဒီဆေးရဲ့ ဆေးစွမ်းကို တစ်ကြိမ်တည်းထိုးနှံတာနဲ့ နှစ်ကြိမ်အပြည့်ထိုးနှံတာ အပေါ် စမ်းသပ်မှုတွေအရ ထိုးနှံသူတွေ ၆၂၊ ၇၀ နဲ့ ၉၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်တယ်လို့ စစ်တမ်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

လက်ရှိအချိန်မှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ထွက်ပေါ်လာနေပေမဲ့ လက်ရှိကာကွယ်ဆေးတွေက ဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကို ကာကွယ်ပေးနိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားပါတယ်။

အိန္ဒိယမှာ အမေရိကန် ဖိုင်ဇာ-ဘွန်အွန်တက်ဆေးကို အသုံးပြုခွင့်လည်း အရေးပေါ်အသုံးပြုခွင့် လျှောက်ထားပြီ ဖြစ်ပါတယ်။

အိန္ဒိယမှာ အခု ၂၀၂၁ ခုနှစ် ပထမပိုင်း ခြောက်လကနေ ရှစ်လအတွင်းမှာ နိုင်ငံလူဦးရေ ၁.၃၅ ဘီလျံထဲက သန်း ၃၀၀ ကို ကာကွယ်ဆေး ထိုးနိုင်ဖို့ မျှော်လင်ထားပါတယ်။

ကမ္ဘာ့ ကာကွယ်ဆေး ထုတ်လုပ်မှု အကြီးဆုံးကုမ္ပဏီ ဖြစ်တဲ့ SII က အောက်စဖို့ဒ်ကာကွယ်ဆေး သန်း ၅၀ အသင့်ဖြစ်နေပြီ ဖြစ်ပြီး ဒီဆေးတွေကို အိန္ဒိယ အစိုးရကို ရူပီး ၂၅၀( ၃ . ၄၂ ဒေါ်လာ ) နဲ့ ရောင်းမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိက စျေးကွက်ကိုတော့ ဆေးတစ်ပုလင်းကို ရူပီး ၁၀၀၀ (၁၄ ဒေါ်လာနီးပါး) နဲ့ ရောင်းမယ်လို့ ဆိုပါတယ်။