၂၀၂၀ အတွင်း ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၁

ရေးသားခဲ့သည်။

၂၀၂၀ ပြည့်နှစ်ကို မြန်မာနိုင်ငံဟာ အချိုးအကွေ့များစွာ၊ စိန်ခေါ်မှုများစွာ၊ ခက်ခဲကြမ်းတမ်းမှုများစွာနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ မြန်မာ အပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ငါးနှစ်တစ်ကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပါအဝင် နိုင်ငံ‌ရေး၊ စီးပွားရေး၊ လူမှုရေး၊ အပြောင်းအလဲများစွာ၊ အလှည့်အပြောင်းများစွာကို ကိုဗစ်ကပ်ရောဂါနဲ့အတူ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပြီး ၂၀၂၀ တစ်နှစ်တာအတွင်း ဘီဘီစီကဖော်ပြခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းဖြစ်ရပ် ၁၅ ခုကို စာဖတ်သူတို့ ပြန်လည်ဖတ်ရှုနိုင်ဖို့ ပြန်လည်ပြင်ဆင်ကောက်နုတ်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း၂ နှစ်ကျော်ကြာ ရခိုင်ပြည်နယ်က မြန်မာတပ်မတော်နဲ့ အေအေ လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်သွားသလို ‌ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီဟာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်လာခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နုတ်ထွက်သွားမှုနဲ့ တစ်နှစ်ကျော် ပုန်းရှောင်နေတဲ့ အမျိုးသားရေး လှုပ်ရှားတဲ့ဆရာတော် ဦးဝီရသူ ရွေးကောက်ပွဲမတိုင်မီ ၆ ရက်ခန့် အလိုမှာ လာရောက် အဖမ်းခံမှု အပါအဝင် ဗစ်တိုးရီးယားအမှု သံသယတရားခံဖြစ်ခဲ့သူ က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲတဲ့ သတင်းတွေက ၂၀၂၀ မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ထိပ်တန်းက ပါဝင်နေပါတယ်။

၁။ တိုက်ပွဲတွေရပ်ပြီး စားပွဲဝိုင်းဆွေးနွေးပွဲပေါ်ရောက်လာတဲ့ တပ်မတော်နဲ့ အေအေ

၂၀၁၈ နှစ်ကုန်ကစပြီး ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ၂၀၂၀ နှစ်ကုန်ခါနီးမှတော့ တိုက်ပွဲတွေရပ်ပြီး ထူးခြားတဲ့ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။

တိုက်ပွဲတွေ စပြီးရပ်သွားတာကတော့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီး ကာလ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ အေအေတို့ အကြား တိုက်ပွဲတွေရပ်ပြီး မကြာခင်မှာပဲ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းက တစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အွန်လိုင်းက တစ်ဆင့် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အေအေဘက်က ထုတ်ပြန်ရာမှာတော့ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဒေသတွေမှာ ကျင်းပခွင့်ရရေး၊ ဆေးဝါးနဲ့ ရိက္ခာ ပြတ်လပ်နေတဲ့ ကျေးရွာတွေမှာ သယ်ယူ ပို့ဆောင်ရေး အဆင်ပြေစေဖို့ အပါအဝင် ရရှိပြီးတဲ့ အပြန်အလှန် နားလည်ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းသွားဖို့ဆိုတဲ့ အချက် ၃ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။

ULA/AA နဲ့ တပ်မတော်ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှု မရှိကြောင်း၊ ဒါပေမဲ့ ဆက်သွယ် ဆောင်ရွက်သင့်တဲ့၊ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက တစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ တပ်မတော်ဘက်က ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နို၀င်ဘာ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ဂျပန်အစိုးရ ရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာနဲ့ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါ ရခိုင်ပြည်နယ်ကို သွားရောက်ပြီးတော့ ညှိနှိုင်းပေးမှုတွေ ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ UWSA ၀ ထိန်းချုပ်တဲ့ နယ်မြေ ပန်ဆန်းမှာတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။

အေအေဘက်က ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သလို မြန်မာ့တပ်မတော်ဘက်ကလည်း ဗိုလ်ချုပ်အဆင့်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေရပ်ပြီး စားပွဲဝိုင်းဆွေးနွေးပွဲ ရောက်လာတာဟာ ကြိုဆိုစရာဖြစ်ပေမယ့် ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်မှာ အခြေချဖို့ကြိုးပမ်း နေတာဖြစ်ပြီး မြန်မာ့တပ်မတော်ကတော့ ရခိုင်ပြည်နယ်မှာ အခြေချခွင့် မပေးနိုင်ဘူးလို့ တပ်မတော်ဘက်က ပြောထားပါတယ်။

အေအေဘက်ကတော့ သူတို့ကိုင်စွဲတဲ့ ရက္ခိတလမ်းစဉ်ဆိုတာကို ကြည့်ရင် အဓိကကတော့ ရခိုင်မှာ ရခိုင်တပ် ရှိရမယ်ဆိုတာကို အခြေခံထားတာ ဖြစ်ပါတယ်။

အကြမ်းဖက် အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ခြင်းခံထားခဲ့ရတဲ့ အေအေဟာ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းပေါ် စားပွဲဝိုင်းပေါ်ပြန်ရောက်လာပေမယ့် ဒီလိုနှစ်ဘက် ကွဲလွဲနေတဲ့ သဘောထားကို နိုင်ငံရေးအရ အဖြေရှာနိုင်မှသာ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ လည်းနိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

"စစ်တိုက်တာ ထက်စာရင် တိုက်ပွဲရပ်တာက အင်မတန်ကောင်းပါတယ်။ မြန်မာပြည်ရဲ့ထုံးစံအရ စစ်ပွဲရပ်စဲရေးက ယာယီ ပဲဖြစ်လေ့ရှိတယ်။ အခြေခံဖြစ်တဲ့ နိုင်ငံရေး ပြဿနာကိုမဖြေရှင်းနိုင်လို့ပါ " လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရသူဒေါက်တာမျို့းညွန့်ကပြောခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ အေအေတို့ လတ်တလော သဘာတူ တောင်းဆိုကြတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပရေးဟာ လည်း အစိုးရဘက်ကတော့ အခြေခံဥပဒေပါအတိုင်း ကြားဖြတ် ရွေးကောက်ပွဲမှသာ ကျင်းပပေးမယ့်သဘောလည်း ရှိနေပါတယ်။

၂ နှစ်ခွဲနီးပါးကြာမြင့်ခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေကြောင့်အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့ပြီး နှစ်ဖက် ဖမ်းဆီးထားသူ ၃၀၀ ကျော်ရှိခဲ့ပါတယ်။

တိုက်ပွဲတွေ ရပ်တာဟာ ကောင်းပေမဲ့ NLD အစိုးရနဲ့ တပ်မတော်တို့အကြား ညှိနှိုင်းဆွေးနွေးမူ မရှိဘဲ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုပ်လာတာက ရေရှည်အတွက် အလားအလာ မကောင်းဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

၂။ တိုင်းရင်းသားတွေနဲ့ဆွေးနွေးဖို့ ခြေလှမ်းပြင်လာတဲ့ NLD

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပါတီက ဖိတ်ခေါ်ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိုယ်စားလှယ် ၃ ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က တာဝန်ပေးလိုက်ပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ တာဝန်ပေးခံရသူတွေကတော့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ်က ဦးအင်ထုံးခါးနော်ဆမ် တို့ကို ရွေးချယ် တာဝန်ပေးလိုက်တာလည်းဖြစ်ပါတယ်။

NLD အစိုးရဟာ ပြီးခဲ့တဲ့ အစိုးရသက်တမ်းလွှတ်တော် အတွင်း အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ဆန်ကျင့်ခဲ့သလို အခုရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့ဖို့ ပြင်နေချိန်မှာ အခြေခံဥပဒေပုဒ်မ ၂၆၁ မပြင်ရေးကို ဆက်လက်ကိုင်စွဲထားပြီး တိုင်းရင်းသားပါတီ ၄၈ ခုနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် တည်ဆောက်ချင်တယ်လို့ ပြောပြီး ကမ်းလှမ်းလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ဆိုပြီး ကော်မတီ တစ်ခု ဖွဲ့ခဲ့ပြီးတော့ အဲဒီ ၃ ဦးကော်မတီမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ပါဝင်ခဲ့ပြီး အခု သူ့နေရာမှာ ဒေါက်တာအောင်မိုးညိုကို ပြောင်းလဲပြီး တာဝန်ပေးထားတာလည်း ဖြစ်ပါတယ်။

အခုလို တာဝန်ပေးအပ်ရတာကလည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဘုံသဘောတူညီချက် ရဖို့ ဖြစ်တယ်လို့ ပြောပေမဲ့ ၂၀၀၈ အခြေခံဥပဒေထဲက တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်မှာ မဟုတ်ဘူးလို အန်အယ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

NLD ဟာ တိုင်းရင်သား လူမျိုးစုတွေရဲ့ ဆန္ဒကို အလေးထား ဆောင်ရွက်မှာဖြစ်တာကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးမှာ တိုင်းရင်သား ပါတီတွေနဲ့အတူ ပူပေါင်းတည်ဆောင်ချင်တယ်ဆိုပြီး ရွေးကောက်ပွဲအပြီး နိုဝင်ဘာလမှာ တိုင်းရင်းသားပါတီ ၄၈ ခုကို စာပို့ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဆိုတာဟာ တစ်ပါတီတည်းက ကြီးစိုးတဲ့ပုံစံနဲ့ တစ်လျှောက်လုံး သွားမလား၊ အာလုံးပါဝင်ရေးဆိုတဲ့ တန်းတူမှုကို အလေးထားမလား ဆိုတဲ့ အဆင့်တွေကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။

တိုင်းရင်းသားအချို့ကတော့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို NLD က ပြင်လို့ရနိုင်ရဲ့သားနဲ့ မပြင်ဘဲ သမ္မတက သူကြိုက်တဲ့လူကို တိုက်ရိုက်ရွေး ချယ်ခန့်အပ်ပြီး တိုင်းရင်းသားတွေကို ဗဟိုအစိုးရ လက်အောက်ခံ သိမ်းသွင်းတာဆိုရင်တော့ နိုင်ငံရေး ရည်ရွယ်ချက် မကောင်းဘူးလို့သုံးသပ်ကြပါတယ်။

၃။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားစွဲလိုက်သူ

နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယား လို့ လူသိများတဲ့ အသက် ၃ နှစ် မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး လိင် အဓမ္မပြုကျင့်ခံရတဲ့ သက်ငယ် မုဒိမ်းမှုမှာ သံသယ တရားခံ အဖြစ် ဖမ်းဆီးခံခဲ့ရပြီး တရားရုံးမှာ ပြစ်မှု မထင်ရှားလို့ ပြန်လွတ်လာခဲ့တဲ့ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှု နဲ့ ထိခိုက်မှုတွေ အတွက် ဒီဇင်ဘာ ၈ ရက်က ပြန်လည်တရားစွဲခဲ့ပါတယ်။

နစ်နာကြေးနဲ့ လျော်ကြေး ကျပ်သိန်း ၅၀၀၀ ရလိုမှုနဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာပဲ နေပြည်တော်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားစွဲဆိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်သိန်းဝင်း ကိုရှေ့က အမည်တပ်ပြီး တရားစွဲခဲ့တာလို့ ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ အခုအခါ တရားရုံးက လက်ခံလိုက်ပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ နဲ့ လက်ခံကြားနာသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကိုအောင်ကြီးဟာ ဒီအမှုကြောင့် ဂုဏ်သိက္ခာအရ နစ်နာမှုတွေ၊ ငွေကြေးကုန်ကြေးမှုတွေ ရှိခဲ့ပြီး ဒီလျော်ကြေးနဲ့ နစ်နာကြေးတွေကို တွက်ချက်ပြီး အခုလို ‌ငွေကြေးပမာဏ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း ကိုအောင်ကြီးရဲ့ရှေ့နေဖြစ်သူ က ပြောပါတယ်။

ကိုအောင်ကြီးလွတ်လာတာ တစ်နှစ် နီးပါးရှိပြီဖြစ်ပေမဲ့ ဒီအမှုအတွက် နှစ်လကြိုတင် သတိပေးရတာ ရှိပြီး ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ချက်တွေကြောင့် တရားစွဲဖို့ အခုလို ကြန့်ကြာ သွားရတာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ဘီဘီစီကိုရှင်းပြပါတယ်။

ယာဉ်မောင်း ကိုအောင်ကြီးဟာ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေး ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရမှုနဲ့ ဖမ်းဆီး အမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကနေ ပြန်လွတ်လာခဲ့ပါတယ်။

၄။ ဦးဝီရသူ လာရောက်အဖမ်းခံ

ဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ တစ်နှစ်ကျော် တိမ်းရှောင်နေရာကနေ ရန်ကုန်အနောက်ပိုင်းခရိုင်၊ရဲတပ်ဖွဲ့မှူးရုံးမှာ နိုဝင်ဘာလ ၂ ရက်နေ့က လာရောက်အဖမ်းခံခဲ့ပါတယ်။

အမျိုးသားရေးဆရာတော်အဖြစ် လူသိများတဲ့ ဦးဝီရသူဟာ ဖမ်းဝရမ်းထုတ်ခံထားရတာ တစ်နှစ်ကျော်ကြာပြီးမှ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်ခန့်လိုတဲ့အချိန်မှာ လာရောက် အဖမ်းခံခဲ့တာလည်းဖြစ်ပါတယ်။

ဦးဝီရသူ အဖမ်းခံတဲ့အပေါ် သံဃာတော်နဲ့ တပည့်ဒါယကာ တချို့လည်း လာရောက် ဝန်းရံခဲ့ကြပါတယ်။

'ဦးပဉ္စင်းမှာလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တာဝန်သိ စိတ်ဓာတ်အပြည့်နဲ့၊ တာဝန်သိ တဲ့သူဆိုတာ တာဝန်သိတယ်ဆို တဲ့အတိုင်းပေါ့။ ဦးပဉ္စင်း ပခုံးပေါ်မှာ တာဝန်ကြီး ပိနေတယ်။ ဒါ ကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲ တစ်စုံတစ်ရာ လုပ်ဆောင်မှုမရှိဘဲ ထောင်ထဲကို သွားမယ်ဆိုရင် တော့ ငါဟာ ပြည်သူ့အတွက် တာဝန်မကျေတဲ့ ရဟန်းတစ်ပါး ဖြစ်သွားလိမ့်မယ်''လို့ ဦးဝီရသူ အဖမ်းမခံမီ ကမ္ဘာအေး ကုန်းမြေမှာ ဟောပြောခဲ့ပါတယ်။

အမျိုးသားရေးဆရာတော် ဦးဝီရသူ ကို ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ဦးတိုက်လျှောက်ထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)နဲ့ အမှုဖွင့်ပြီး ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ကလည်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာ ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်း အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

မြိတ်မြို့ဟောပြောပွဲအပြီး မေလ ၅ ရက်ကလည်း အမျိုးသားရေးလှုပ်ရှားသူဆိုသူများက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ မှာပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ အား ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ အား ပြင်ဆင်ရေးဆန္ဒ ပြပွဲမှာလည်း ဦးဝီရသူက စစ် သားများအား ဘုရားလိုကိုးကွယ်သင့်ကြောင်း ဟောပြောခဲ့ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခံထားရတဲ့ ဦးဝီရသူဟာ ပုဒ်မ ၁၂၄ က အရဆို ထောင် ၂၅ နှစ်ကနေ ၁၄ နှစ်ထိ သူ (ဦးဝီရသူ) ကျခံရနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ ဥပ‌ဒေ အကြံပေး ဦးခင်မောင်မြင့် ကပြောပါတယ်။

၅။ အဂတိကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် နုတ်ထွက်မှု

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ သူရဲ့ရာထူးက နေ ဒီဇင်ဘာလ ၁ ရက်နေ့က နုတ်ထွက်လိုက်ပြီလို့ ကော်မရှင်ဘက်က ပြောပါတယ်။ လက်ရှိ သမ္မတသက်တမ်း လေးလလောက်ပဲ ကျန်တော့တဲ့ အချိန်မှာ နုတ်ထွက်တာ ဖြစ်လို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

အငြိမ်းစားဗိုလ်ချုပ်နဲ့ ဝန်ကြီးဟောင်း ဦးအောင်ကြည်က အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ရာထူးကို ၂၀၁၇ နိုဝင်ဘာက စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အကျင့်ပျက် ခြစားမှု အဂတိတွေအတွက် အရေးယူ ဆောင်ရွက်မှုတွေ တိုးလာမှာ ဖြစ်ပြီး၊ အမှုကြီးတွေလည်း ပါဝင်လာလိမ့်မယ်လို့ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

သူတာဝန်ယူခဲ့စဉ်မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို အရေးယူနိုင်မှုက ထင်ရှားပြီး လူသိများပါတယ်။

တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ အစားအသောက်၊ ဆေးဝါး ကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် တို့ အပါအဝင် ရာထူး အဆင့်မျိုးစုံကိုလည်း ကော်မရှင်က ဖော်ထုတ် အရေးယူလာတာကို တွေ့ရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၂၀၁၃ မှာ ပြဋ္ဌာန်းခဲ့ပြီး လေးကြိမ်အထိပြင်ဆင်ခဲ့ပါတယ်။ နောက်ဆုံး စတုတ္ထအကြိမ်ကို လက်ရှိ ကော်မရှင် လက်ထက် ၂၀၁၈ ခုနှစ် ဇွန် မှာပြင်ဆင်ခဲ့ပါတယ်။

အဂတိတိုက်ဖျက်ရေး ကော်မရှင်ဟာ ၂၀၁၉ မတ်လကစပြီးတော့ ဝန်ကြီးဌာန ၁၅ ခု မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ခွဲ (Corruption Protection Unit) တွေကို ဖွဲ့စည်း နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုအဆင့် ဝန်ကြီးအချို့၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ လွတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အစိုးရသစ်နဲ့ ဆက်နွှယ် သူအချို့ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အထက်က ညွန်ကြားမှုတွေကြောင့် အရေးမယူခဲ့ရတာတွေရှိခဲ့လို့ သူနုတ်ထွက်ခဲ့တာလို့ လူမှုကွန်ရက်မှာ ရေးသားတာတွေရှိပေမယ့် တရားဘာဝနာအတွက် အချိန်ပေးချင်တာကြောင့် အခုလို အနားယူသွားတာဖြစ်ပြီး ပြဿနာ တစ်စုံတစ်ရာမရှိဘူးလို့ အဂတိကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုးကပြောပါတယ်။

ဦးအောင်ကြည်ဟာ နိုဝင်ဘာ ၆ ရက်က နုတ်ထွက်စာတင်ခဲ့တာဖြစ်ပေမဲ့ တစ်လနီးပါးကြာမှသာ သမ္မတရုံးက နုတ်ထွက်စာကိုခွင့်ပြုတဲ့အကြောင်း အကြောင်းပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဦးအောင်ကြည်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ပြန်ကြားရေးဝန်ကြီးအဖြစ်ကနေ သက်တမ်းမကုန်ခင် အနားယူခဲ့သူ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အပိုင်း ၂ ကို ဒီနေရာမှာ ဖတ်ပါ။