၂၀၂၀ မြန်မာရွေးကောက်ပွဲ - လွှတ်တော်ထဲဝင်မယ့် အမျိုးသမီးအမတ်တွေ ပိုတိုးလာ

ဓာတ်ပုံ ရင်းမြစ်, Mya Thida
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်ထက် ကျော်လွန်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမတ်နေရာ အများအပြား အနိုင်ရရှိခဲ့ပါတယ်။
ထင်မှတ်ထားတာထက်ပို အနိုင်ရခဲ့တဲ့ NLD ပါတီကနေ အနိုင်ရခဲ့တဲ့ အမျိုးသမီး ကိုယ်စားလှယ်အရေအတွက်လည်း အရင်ရွေးကောက်ပွဲထက် တိုးလာပါတယ်။
ဒါ့အပြင် လွှတ်တော်အသီးသီးကိုမှာ ပါတီပေါင်းစုံက အမျိုးသမီး ကိုယ်စားလှယ် စုစုပေါင်းလည်း ၄ ရာခိုင်နှုန်းကျော် တိုးလာပြီး အမျိုးသမီး ကိုယ်စားလှယ် ၁၉၄ ဦး လွှတ်တော်ထဲ ရောက်လာမှာ ဖြစ်ပါတယ်။
အပြောင်းအလဲမျှော်လင့်နိုင်မလား
၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၁၅၁ ယောက် အနိုင်ရခဲ့တာနဲ့ အခုရွေး ကောက် ပွဲရလဒ်ကို နှိုင်းယှဥ်ကြည့်လိုက်ရင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၄၀ ကျော် တိုးလာတာကို တွေ့ရပါတယ်။
"အခုရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ အရွေးခံရတာ ပိုများလာတာကို ကျွန်မတို့ အမျိုးသမီးအရေး လှုပ်ရှားတဲ့သူတွေက ကြိုဆိုတယ်။ ဝမ်းသာတယ် ဂုဏ်လည်းဂုဏ်ယူတယ်။ အဲ့အတွက်လည်း အမျိုးသမီးတွေကို ကိုယ်စားလှယ်အဖြစ် လျာထားပြီး ရွေးချယ်ပေးလိုက်တဲ့ ပါတီခေါင်းဆောင်တွေကိုလည်း အသိမှတ်ပြုကျေးဇူးတင်ကြောင်းပြောချင်တယ်။
အမျိုးသမီးကိုယ်စားလှယ်တွေကိုယုံယုံကြည်ကြည်နဲ့ မဲပေးခဲ့ကြတဲ့ ပြည်သူတွေကိုလည်းကျေးဇူးတင်တယ်။
ဒါပေမယ့် အမျိုးသမီးတွေ လွှတ်တော်ထဲ ပိုရောက်သွားရုံနဲ့တော့ အပြောင်းအလဲက ဖြစ်လာမှာ မဟုတ်ဘူး။ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်မှုနဲ့ သူတို့ကို ရွေးချယ်ပေးလိုက်တဲ့ မိခင်ပါတီရဲ့ လုပ်ဆောင်မှု၊ နောက် သူတို့ကိုယ်တိုင်ရဲ့ စိတ်ဝင်စားမှု ဒါတွေပေါ်မှာ မူတည်ပြီးတော့ အပြောင်းအလဲတွေ ဖြစ်မယ်လို့ထင်တယ် "လို့ အမျိုးသမီးရေးလှုပ်ရှားသူ Triangle Women အဖွဲ့က မခင်လေးက ပြောပါတယ်။
အမျိုးသမီးအမတ်များဆုံးပါတီ

ဓာတ်ပုံ ရင်းမြစ်, Bo Bo
NLDပါတီက၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်အမတ် ၁၃၄ နေရာ အနိုင်ရခဲ့ရာက အခု၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးအမတ် ၁၆၇ ယောက် အနိုင်ရခဲ့တာဖြစ်လို့ ၃၀ ကျော် တိုးလာပါတယ်။
အခုရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၉၂၀ နိုင်ခဲ့တဲ့ NLDပါတီမှာ အမျိုးသမီးကိုယ်စားလှယ် ၁၆၇ ဦး ရှိလာလို့ အမျိုးသမီးပါဝင်မှုက ၁၈ ရာခိုင်နှုန်းကျော်အထိ တက်လာပါတယ်။
လူငယ်အမတ်တွေဖြစ်ကြတဲ့ မြောက်ဒဂုံ ပြည်သူ့လွှတ်တော်က ဒေါ်မြသီတာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့်(၁) မဲဆန္ဒနယ်က ဒေါ်သက်ထားစုကြည်တို့ အနိုင်ရခဲ့ကြသလို ဝါရင့် အမျိုးသမီး အမတ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်ခင်စန်းလှိုင်၊ ဒေါ်မေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဒေါ်စုစုလွင်တို့လဲ သက်ဆိုင်ရာမဲဆန္ဒနယ်တွေက အနိုင်ရခဲ့ကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း လူစိတ်ဝင်စားခဲ့တဲ့နေရာတွေထဲမှာပါတဲ့ ရှမ်းပြည်နယ် ကလောမြို့နယ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLDက ဒေါ်ပြုံးကေသီနိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကို ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။
လူအများစု အာရုံစိုက်ခံရတဲ့ နောက်မဲဆန္ဒနယ်တစ်ခုကတော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ပါ။ အဲ့ဒီမှာလည်း NLD က ဒေါ်မေဝင်းမြင့်က ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကို အနိုင်ရခဲ့ပါတယ်။
ဒီရွေးကောက်ပွဲရလဒ်အရ ဒေါ်ခင်ဌေးကြွယ်၊ဒေါ်ခင်စန်းလှိုင်နဲ့ဒေါ်မေဝင်းမြင့်တို့ဟာရွေးကောက်ပွဲ လေးခုဆက်တိုက်အနိုင်ရခဲ့တဲ့အမျိုးသမီးအမတ်တွေဖြစ်လာပါတယ်။
သူတို့ ၃ ယောက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ၊၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ရွေးကောက်ပွဲနဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရထားသူတွေ ဖြစ်ပါတယ်။
တစ်ဦးတည်းသော အစ္စလာမ်ဘာသာဝင် အမျိုးသမီး အမတ်

ဓာတ်ပုံ ရင်းမြစ်, Thet Aung
နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရလက်ထက် နှစ်ရှည်ထောင်ကျခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင် ဒေါ်ဝင်းမြမြ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ NLD ပါတီကနေ အနိုင်ရခဲ့လို့ လွှတ်တော်ထဲကို ရောက်လာမယ့် တစ်ဦးတည်းသော မွတ်စလင်အမျိုးသမီးအမတ် ဖြစ်လာပါတယ်။
ဒေါ်ဝင်းမြမြဟာ ၂၀၁၂ ခုနှစ် ရောက်မှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပူတာအိုထောင်က လွတ်လာသူ ဖြစ်ပါတယ်။ ပြီးတော့ သူဟာ မန္တလေးတိုင်း ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၆ခု ထဲမှာ အနိုင်ရတဲ့ တစ်ဦးတည်းသော အမျိုးသမီး လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။
ဥပဒေပြုလွှတ်တော်အတွင်းကို ပထမဆုံးအကြိမ် ခြေချတော့မယ့် ဒေါ်ဝင်းမြမြဟာ နိုင်ငံရေးကို ဘာသာရေးနဲ့ ရောယှက်မှာ မဟုတ်ဘဲ ပြည်သူ့တွေရဲ့ တာဝန်ကို အကောင်းဆုံး ထမ်းရွက်သွားမယ်လို့ ပြောထားပါတယ်။
NLD ပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ဖို့ မွတ်ဆလင်ကိုယ်လောင်းတွေ မရွေးချယ်ခဲ့ပေမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ ဒေါ်ဝင်းမြမြနဲ့ ကျောင်းသား နိုင်ငံရေးလှုပ်ရှားသူ ဦးစည်သူမောင်တို့ နှစ်ဦးလုံးကို ရွေးချယ်ယှဥ်ပြိုင်စေခဲ့ပြီး ၂ယောက်လုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်တင်မြှောက်ခံထားရပါတယ်။
NLD ကို ကျော်ဖြတ်ခဲ့တဲ့ ကယားက လူငယ်အမတ်

ဓာတ်ပုံ ရင်းမြစ်, KySDP
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမတ်နေရာ အများအပြား အနိုင်ရရှိခဲ့တဲ့ NLD ပါတီဟာ မထင်မှတ်ထားတဲ့ နေရာတချို့မှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲ့ဒီနေရာတွေထဲက လူပြောများတဲ့နေရာတစ်ခုကတော့ ကယားပြည်နယ် ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာ ဖြစ်ပါတယ်။
NLD ရဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းကို ဒေသခံ တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ အသက်၂၈နှစ် အရွယ် မော်မိုးမြာက မဲအပြတ်အသတ်နဲ့ အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒေသခံ တိုင်းရင်းသားတွေ အရေး၊ ငြိမ်းချမ်းရေး၊ သိမ်းဆည်းလယ်မြေတွေ ပြန်လည်ရရှိရေးတို့ ဆောင်ရွက်ခဲ့တဲ့ အပြင် ဒေသခံအာဏာပိုင်တွေနဲ့ ကယားပြည်နယ်က လူငယ်တွေ ထိပ်တိုက်တွေ့ခဲ့တဲ့ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် စိုက်ထူတာ ကန့်ကွက်တဲ့ လှုပ်ရှားမှာ ပါ၀င်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တာတွေ လုပ်ခဲ့တဲ့ ဒေသခံ လူငယ် အမျိုးသမီးတစ်ဦး လွှတ်တော်ထဲ ရောက်လာတော့မှာပါ။
သူနဲ့အတူ သူကိုယ်စားပြုပြိုင်တဲ့ KySDP ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက နောက်ထပ် အမျိုးသမီးအမတ် တစ်ဦးလည်း အနိုင်ရရှိခဲ့ပါတယ်။
ကယားပြည်နယ်မှာရှိတဲ့ မြို့နယ် ၇ ခု က မဲဆန္ဒနယ် ၃၅နေရာမှာ KySDP ပါတီက စုစုပေါင်း ၈ နေရာ နိုင်ခဲ့ပြီး အဲ့ဒီထဲမှာ မော်မိုးမြာနဲ့ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် (၂)က နိုင်တဲ့ ဒေါ်အယ်ဗလင်းတို့ အမျိုးသမီး ၂ ယောက် ပါခဲ့တာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာရှိတဲ့ မဲဆန္ဒနယ် ၃၅ နေရာမှာ အမျိုးသမီး ၆ယောက် အနိုင်ရခဲ့ပြီး အဲ့ဒီထဲမှာ NLD က ၃နေရာ၊ KySDP က၂ နေရာ နဲ့ USDP က တစ်နေရာ အနိုင်ရခဲ့ကြပါတယ်။
ဒေသအရေး တက်ကြွလှုပ်ရှားသူ လူငယ်တိုင်းရင်းသား အမျိုးသမီး တစ်ယောက် အခုလို အနိုင်ရခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသမီးရေး လှုပ်ရှားသူ Triangle Women အဖွဲ့က မခင်လေးက " တိုင်းရင်းသားအရေး၊လူငယ်အရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ယောက်က လက်ရှိလွှတ်တော် ကိုယ်စားလှယ်ကိုတောင်မှ ကယားပြည်နယ်မှာ အနိုင်ရသွားတဲ့ရလဒ်ကို ကျွန်မတို့ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားအရေးကို မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ့် မြေပြင်ကလူတွေ ပါလာနိုင်တာ ကျွန်မတို့အတွက် ကောင်းတဲ့ အပြောင်းအလဲလို့ မြင်တယ် "လို့ ပြောပါတယ်။
SNLD က ဒုတိယ အများဆုံး

ဓာတ်ပုံ ရင်းမြစ်, NAN YA MIN
အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အများဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဒုတိယ အများဆုံး အနိုင်ရတဲ့ပါတီက ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဖြစ်ပါတယ်။
SNLD အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၂ နေရာမှာ အမျိုးသမီး ၁၃ နေရာ အနိုင်ရခဲ့လို့ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ရှမ်းပြည်နယ်ကနေ ပြည်သူ့ လွှတ်တော်အတွက် အနိုင်ရတဲ့ အမျိုးသမီးကိုယ်စားလှယ် ၈ ယောက်မှာ SNLD ပါတီက ၅ ယောက်အထိ ပါခဲ့ပါတယ်။ ပြီးတော့ SNLD ပါတီဟာ အမျိုးသားလွှတ်တော်မှာ ၁ နေရာ နဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၇ နေရာ အနိုင်ရခဲ့ပါတယ်။
NLD နဲ့ SNLD ပြီးရင် အမျိုးသမီး ကိုယ်စားလှယ်တွေ အနိုင်ရခဲ့တဲ့ တခြားပါတီတွေကတော့ USDP ၃ နေရာ၊ ရခိုင်အမျိုးသားပါတီ ANP ပါတီက ၄နေရာ၊ KySDP ကယားဒီမိုကရက်တစ်ပါတီက ၂ နေရာ ၊ တစ်နေရာစီ အနိုင်ရခဲ့ တဲ့ MUP မွန်ညီညွတ်ရေးပါတီ၊ ဇိုမီးဒီမိုက ရေစီအဖွဲ့ချုပ်ပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ဖြစ်ပါတယ်။
ပါတီကိုယ်စားမပြုဘဲ တစ်သီးပုဂ္ဂလအနေနဲ့ယှဥ်ပြိုင်ခဲ့တဲ့ အင်ဂျန်းယန်( ၂ )က ဒေါ်မရန်ဂျာဆိုင်းခေါန်နဲ့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးနေရာကဝင်ပြိုင်တဲ့ ဒေါ်ထုမေတို့လည်း အနိုင်ရခဲ့ပါတယ်။
ဒီရလဒ်အရ ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၉၄ ဦးမှာ တစ်သီးပုဂ္ဂလ အပါအဝင် အခြားပါတီက နိုင်တဲ့သူက၂၇ ယောက် ဖြစ်လို့ ကျန်တဲ့ အမျိုးသမီးကိုယ်စားလှယ် ၁၆၇ ယောက်က NLD က ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
ပြည်နယ်၊တိုင်းလွှတ်တော်မှာ အများဆုံးတိုးလာ
အခု ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ၂၀၁၅တုန်းကအနိုင်ရခဲ့တဲ့ အမျိုးသမီးကိုယ်စားလှယ်အရေအတွက်နဲ့ နှိုင်းယှဥ်ကြည့်ရင် လွှတ်တော်အသီးသီးမှာ ပိုနိုင်လာတာ တွေ့ရပါတယ်။

အထူးသဖြင့် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်တွေမှာ ဖြစ်ပါတယ်။
အရင်အကြိမ်တွေထက် အမျိုးသမီးကိုယ်စားလှယ်တွေ သိသိသာသာ အနိုင်ရခဲ့တာတဲ့ လွှတ်တော်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေပါ။
တိုင်းဒေသကြီးပြည်နယ်လွှတ်တော်တွေထဲမှာ အမျိုးသမီးကိုယ်စားလှယ် အများဆုံး နိုင်တာက ရန်ကုန်တိုင်းလွှတ်တော် ဖြစ်ပါတယ်။ အခုဆို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ် ၂၈ ယောက်အထိ ရှိလာတော့မှာပါ။

ဓာတ်ပုံ ရင်းမြစ်, ဒေါ်ထုမေ
မင်္ဂလာဒုံ ၊ လှည်းကူး၊ ကျောက်တန်း၊ တွံတေး၊ ကျောက်တံတား၊ ဗဟန်းနဲ့ လသာမြို့နယ်တွေမှာ မြို့နယ် မဲဆန္ဒနယ်(၁)နဲ့ (၂) နှစ်ခုလုံး အနိုင်ရတဲ့သူတွေက အမျိုးသမီးတွေ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ်တွေ တိုးလာတာနဲ့ ပတ်သက်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖြစ်ခဲ့တဲ့ ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက " အမျိုးသမီးတွေ ပါဝင်မှု ပိုပြီးတော့ အားကောင်းလာတယ်။ ပြီးခဲ့တဲ့ သက်တမ်းတုန်းက သတိထားမိတဲ့အချက်က အမျိုးသမီး၁၈ယောက်မှာ ချွင်းချက် ၂ယောက်၃ယောက်ကလွဲရင် ကျန်တဲ့အမျိုးသမီးတွေ ကြိုးကြိုးစားစား အလုပ်လုပ်တာတွေ တွေ့ရတယ်။ ... အမျိုးသမီးတွေ ပိုများလာတဲ့ အတွက်ကောင်းပါတယ်"လို့ ပြောပါတယ်။
တိုင်းဒေသကြီး လွှတ်တော်တွေအနေနဲ့ ပြည်ထောင်စုလွှတ်တော်လို အမျိုးသမီးတွေအတွက်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေးကြီးတဲ့ ဥပဒေအသစ်တွေ ပြဋ္ဌာန်းခွင့် မရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၈၈ ယောက် မှာ အမျိုးသမီးကိုယ်စားလှယ်၂၈ ယောက် ရှိလာတာ ဖြစ်လို့ အရင်ကထက် ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိလာနိုင်မယ်လို့ မျှော်လင့်ရသလို လွှတ်တော်ထဲမှာလည်း အမျိုးသမီးတွေ အသံနဲ့ သဘောထားတွေ ပိုကြားလာရမှာတော့ သေချာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မရန်ဂျာဆိုင်းခေါန်
အမျိုးသမီးအခွင့်အရေး မျှော်လင့်ချက်
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရ ကိုယ်စားလှယ် စုစုပေါင်း ၁၁၁၇ ဦး မှာ အမျိုးသမီး ကိုယ်စားလှယ် ၁၉၄ ဦး အနိုင်ရတာ ဖြစ်လို့ လွှတ်တော်တွင်း အမျိုးသမီးကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းကျော် ထိတက်လာပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်အတွင်း အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းက ၁၃ ရာခိုင်နှုန်း ရှိခဲ့လို့ လာမယ့် လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ်စားလှယ် ၄ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့ ပြောနိုင်ပါတယ်။
လွှတ်တော်တွင်းအမျိုးသမီး ကိုယ်စားလှယ်ပါဝင်မှု ရာခိုင်နှုန်း တိုးလာလို့ အကောင်းဘက်ကို ဦးတည်လာတယ်လို့ ဆိုနိုင်ပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ရည်မှန်းချက်၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဥပဒေပြုခွင့်ရှိသူ အမျိုးသမီးကိုယ် စားလှယ် ၃၀ရာခိုင်နှုန်းအထိ ရောက်လာအောင်လုပ်ဖို့ သဘောတူထားတဲ့ ၁၉၉၅ ခုနှစ် ဘေဂျင်း လုပ်ငန်းလမ်းညွှန်ချက်တွေ အရတော့ လိုအပ်မှုတွေ ရှိနေပါသေးပါတယ်။
တစ်ဖက်မှာလည်း အမျိုးသမီးအမတ် တိုးလာတဲ့အတွက် အမျိုးသမီးအခွင့်ရေးကို ကာကွယ်ပေးမယ့် ဥပဒေသစ်တွေ ပြဋ္ဌာန်း လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
၁၉၈၈နောက်ပိုင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် အနိုင်ရမှု
•၁၉၉၀ ရွေးကောက်ပွဲ - ၁၅ဦး
•၂၀၁၀ ရွေးကောက်ပွဲ - ၄၅ဦး
•၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ - ၁၃ဦး
•၂၀၁၅ ရွေးကောက်ပွဲ - ၁၅၁ဦး
•၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ - ၂ဦး
•၂၀၂၀ ရွေးကောက်ပွဲ - ၁၉၄ဦး








