မြန်မာက နိုင်ငံရေးပါတီတွေကို ထောက်ခံ၊ဝေဖန်တဲ့ စာမျက်နှာတချို့ ဖေ့စ်ဘွတ်ခ်ဖယ်ရှား

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုဝင်ဘာ မြန်မာ ရွေးကောက်ပွဲ မတိုင်ခင် ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို ချိတ်ဆက်လုပ်ဆောင်နေမှုတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်အကောင့် ၃၀ ကျော်နဲ့ စာမျက်နှာ တချို့ကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ နိုဝင်ဘာ ၅ ရက်မှာ ဖေ့စ်ဘွတ်ခ်က ကြေညာပါတယ်။
အဲဒါတွေနဲ့ဆက်စပ်တာတွေကို လုပ်ဆောင်ရာမှာ အကောင့်တုတွေသုံးပြီး လုပ်ဆောင်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဖယ်ရှားလိုက်တာတွေက အကောင့် ၃၆ ခု၊ စာမျက်နှာ ခြောက်ခု၊ အဖွဲ့(Facebook group) နှစ်ခု နဲ့ အင်စထာဂရမ် အကောင့် တစ်ခုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ အကောင့်နဲ့စာမျက်နှာတွေဟာ မြန်မာနိုင်ငံက Openmind လူထုဆက်ဆံရေးအေဂျင်စီနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီထဲက စာမျက်နှာ တချို့ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအားပေးပြီး စာမျက်နှာ တချို့က အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝေဖန်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။
ဒီသတင်းနဲ့ဆက်စပ်လို့ အဲဒီ အေဂျင်စီနဲ့ပတ်သက်ပြီး မသိရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီက ပြောခွင့်ရသူတစ်ဦးကပြောဆိုတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဖေ့စ်ဘွတ်ခ်က အခု တစ်ခေါက်ဖယ်ရှားလိုက်တာမှာ မြန်မာအပါအဝင် နိုင်ငံ ၈ ခုက အကောင့်တွေနဲ့ စာမျက်နှာတွေ ပါဝင်ပါတယ်။
ပြည်တွင်း ပရိသတ်တွေကို ရည်ရွယ်ပြုလုပ်တဲ့ မြန်မာ၊ ဂျော်ဂျီယာ၊ ယူကရိန်းနဲ့ အဇာဘိုင်ဂျန်တိုနဲ့ ပြည်ပက ပရိသတ်တွေကို ရည်ရွယ်တဲ့ အီရန်၊ အီဂျစ်၊ အမေရိကန်နဲ့ မက္ကစီကို နိုင်ငံတို့က အကောင့်နဲ့ စာမျက်နှာတွေကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လကလည်း ရွေးကောက်ပွဲ နီးကပ်လာချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြီး စစ်တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွှယ်မှုရှိသူတွေ ကိုင်တွယ်တယ်လို့ဆိုတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေနဲ့ အကောင့်တချို့ကို ဖေ့ဘွတ်ခ် ကုမ္ပဏီဘက်က ဖယ်ရှားခဲ့ပါတယ်။
ဖေ့ဘွတ်ခ်ကုမ္ပဏီဘက်က ချမှတ်ထားတဲ့ စည်းကမ်းနဲ့ မူဝါဒတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဖေ့ဘွတ်ခ် စာမျက်နှာ ၁၇ ခု ၊ အကောင့် ၅၀ နဲ့ အင်စတာဂရမ် အကောင့် ၆ ခုတို့ ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ သတင်းတု၊သတင်းမှား
ကမ္ဘာတစ်ဝန်းက သတင်းတု၊ သတင်းမှားတွေကို စောင့်ကြည့်ဖယ်ရှားဖို့ ဘီဘီစီ နဲ့ မီဒီယာ ကုမ္ပဏီကြီးတွေ၊ ဖေ့စ်ဘွတ်ခ်၊ မိုက်ခရိုဆော့ဖ်၊ ဂူဂယ်လ်နဲ့ တွစ်တာ နည်းပညာ ကုမ္ပဏီကြီးတွေက ယုံကြည်စိတ်ချရတဲ့ သတင်း အစီအစဥ် TNI (Trusted News Initiative) ကို သီးခြားပြုလုပ်နေပါတယ်။
မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အဲဒီအစီအစဥ်ကနေ သတင်းတု၊ သတင်းမှားတွေ ဖယ်ရှားရေးကို ပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီအစီအစဥ်မှာ ဘီဘီစီမြန်မာပိုင်းနဲ့ မီဒီယာအက်ရှင်တို့လည်း ပူးတွဲပါဝင်ပါတယ်။








