၂၀၂၀ မြန်မာရွေးကောက်ပွဲ - နေပြည်တော် ဒက္ခိဏသီရိ NLD အမတ်နဲ့ ကြံခိုင်ရေးပါတီတို့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားကြပြီး ကော်မရှင်ကို အပြန်အလှန်တိုင်ကြား

ရေးသားခဲ့သည်။

နေပြည်တော်ဒက္ခိဏသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နဲယှဥ်ပြိုင်မယ့် NLD အမတ်ဦးသန့်ဇင်ထွန်းက သူ့ကို ပြည်သူတွေ အထင်လွဲအောင် သတင်းမှားပေးမှုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးမှူးတွေကို တိုင်ကြားထားသလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း သူ့ကိုပြန်တိုင်ထားတယ်လို့ နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

ဦးသန့်ဇင်ထွန်းက ကော်မရှင်ဆိုင်ရာ စာရွက်စာတမ်းပုံးတွေကို NLD တံဆိပ်ပါတဲ့ ကားနဲ့တင်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့က ထန်းတပင် ကော်မရှင်ရုံးကို ပို့ဆောင်ခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ USDP သတင်းလွှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးမှူးနှစ်ဦးဖြစ်တဲ့ ဦးဇော်ဝိတ်နဲ့ ဒေါ်ခိုင်ဇာတို့နှစ်ဦးကိုတင်မကဘဲ ပါတီရဲ့သတင်းဖော်ပြမှုကိုပါ အရေးယူပေးဖို့ ဦးသန့်ဇင်ထွန်းက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီဘက်ကလည်း ဦးသန့်ဇင်ထွန်းကို ပြန်တိုင်ထားတဲ့အကြောင်းသိရပေမဲ့ တိုင်ကြားမှု အသေးစိတ်ကိုမေးမြန်းဖို့ ကြံ့ခိုင်ရေးပါတီဘက်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် နေရာအတွက် လယ်/ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်နဲ့ NLD အမတ် ဦးသန့်ဇင်ထွန်းတို့ရဲ့ ပြိုင်ဆိုင်မှုဟာ ၂၀၁၅ တုန်းကလည်း ပြိုင်ဘက်ဟောင်းတွေ ဖြစ်ခဲ့တာကြောင့် နေပြည်တော်က တခြားနေရာတွေထက် ပိုပြင်းထန်တယ်လို့ နေပြည်တော်ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်အကြား တိုင်ကြားမှုတွေရှိခဲ့တာက ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရင်ဆိုင်တွေ့ကတည်းကနေ အခုအချိန်အထိ ဖြစ်ပါတယ်။

၂၀၁၅ တုန်းကလည်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေမှာ ဦးသန့်ဇင်ထွန်းက အနိုင်ရခဲ့ပါတယ်။

အခု ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဦးသန့်ဇင်ထွန်းက ကော်မရှင်ဆိုင်ရာ စာရွက်စာတမ်းပုံးတွေကို NLD တံဆိပ်ပါတဲ့ ကားနဲ့တင်ပြီး ထန်းတပင် ကော်မရှင်ရုံးကို ပို့ဆောင်ခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ USDP သတင်းလွှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး အခြားNLDပါတီ ရဲ့မဲဆွယ်မှုတွေ ကြိုတင်မဲပေးမှုတွေ အချို့မှာလည်း ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်တယ်ဆိုပြီး USDP ပါတီသတင်းလွှာမှာ ဖော်ပြခဲ့ပါတယ်။

"မဟုတ်မမှန်ရေးပြီး သူတို့တရားဝင် စာမျက်နှာကနေ တစ်နိုင်ငံလုံးသိအောင်လုပ်တာဟာ ပြည်သူတွေ ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ပျက်ပြားအောင်လုပ်တဲ့ အတွက် ကျွန်တော်ကတိုင်ကြားတာပါ"လို့ ဦးသန့်ဇင်ထွန်းကပြောပါတယ်။

ဦးသန့်ဇင်ထွန်းက ဒါတွေဟာ နေပြည်တော်ကော်မရှင်အဖွဲ့ခွဲကို သွားလှူမယ့် နှာခေါင်းစည်းပုံးတွေကို ဓာတ်ပုံရိုက်ပြီး ဒီလိုဖော်ပြတာဟာ မဲဆန္ဒရှင်တွေ မဲပေးမှုပျက်ပြားအောင်လုပ်တာလို့ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုရော ရဲစခန်းကိုပါ တိုင်ကြားထားခဲ့တယ်လို့ဘီဘီစီကိုပြောပါတယ်။

နှစ်ဖက်တိုင်ကြားမှုတွေကို လတ်တလောမှာတော့ စေ့စပ်ညှိနှိုင်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပေးမှာ ဖြစ်ပါတယ်လို့ နေပြည်တော် ပြည်ထောင်စုနယ်မြေကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးက ပြောပါတယ်။

" ကျွန်တော်တို့ မြို့နယ်မှာကော ရပ်/ကျေးမှာပါ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့ထားပါတယ်၊ အဲ့ဒီကော်မတီတွေကနေ ရှင်းမှာပါ"လို့ လည်း ဦးသိန်းဌေးက ပြောပါတယ်။

ဦးသန့်ဇင်ထွန်း တိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈(ဃ)ဟာ ပြစ်မှုထင်ရှားရင် ထောင်တစ်နှစ်အထိ ချလို့ရတဲ့ ပုဒ်မလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ဒက္ခိဏသီရိမြို့နယ်မှာ ပါတီဝင်တွေနဲ့တွေ့တုန်း လက်ရှိအစိုးရအပေါ် အထင်အမြင်လွဲအောင် ဦးမြင့်လှိုင်က ပြောလို့ဆိုပြီး ကော်မရှင်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို ဦးသန့်ဇင်ထွန်းက တိုင်ကြားခဲ့ပါသေးတယ်။

၂၀၁၅ တုန်းက မဲပေးသူ ၂၀၀၀၀ ကျော် ရှိတဲ့ ဒက္ခိဏသီရိမှာ မဲ နှစ်ထောင်ဝန်းကျင်အကွာနဲ့ ဝန်ကြီးဟောင်း ဦးမြင့်လှိုင်က ဦးသန့်ဇင်ထွန်းကို ရှုံးခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ လည်း ပြိုင်ဘက်ဟောင်း နှစ်ဦး ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။