လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်သမားတွေကို test kit နဲ့သွေးဖောက်စစ်တာတွေပြုလုပ်

အလုပ်သမားတွေကို test kit နဲ့သွေးဖောက်စစ်တာတွေပြုလုပ်

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Naing

ဓာတ်ပုံ ပုံစာ, အလုပ်သမားတွေကို test kit နဲ့သွေးဖောက်စစ်တာတွေပြုလုပ်
ရေးသားခဲ့သည်။

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ စိုက်ဖုံအင်တာနေရှင်နယ်လ်ဂါးမင့်န် အထည်ချုပ်စက်ရုံမှာ ထောင်နဲ့ချီရှိတဲ့အလုပ်သမားတွေကို ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့ အလုပ်လာတက်ချိန်မှာ သွေးဖောက်စစ်တဲ့ test kitတွေကို အသုံးပြုပြီးစစ်ဆေးနေတယ်လို့ အလုပ်သမားအချို့က ဘီဘီစီကို ပြောပါတယ်။

အဆောင်တစ်ခုထဲမှာပဲ စုဝေးပြီးစစ်နေတာကြောင့် တန်းစီပြီးစောင့်ရာမှာလည်း တစ်ဦးနဲ့တစ်ဦးနီးကပ်ပြီး လူအစုလိုက်ဖြစ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

' ' ဒီမနက် အလုပ်ရောက်မှ သွေးဖောက်စစ်မယ်ဆိုတာသိတာ။ တခါသုံးအပ်လေးတွေနဲ့ တယောက်ချင်း စီကို စက်ရုံက လိုင်းစာရေးမတွေ၊ HR စာရေးမတွေက သွေးဖောက်ပြီး ခွက်လေးတွေနဲ့ခံတယ်၊ အရည်တမျိုးရောလိုက်ပြီး စစ်ပေးတာ။ စစ်ပြီးလို့ ၂ ကြောင်း ၃ကြောင်းပေါ်တဲ့သူတွေကိုတော့ ပြန်လွှတ် လိုက်တယ်။ ပြန်လွှတ်လိုက်တာက အများကြီးပဲ။ လူက အများကြီးဆိုတော့ အခုထိ စစ်နေတုံး ''လို့အဆိုပါစက်ရုံက အမည်မဖော်လိုသူ အလုပ်သမတစ်ဦးက နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ဘီဘီစီကို ပြောပါတယ်။

အခုလို စစ်ဆေးရာမှာ စစ်ဆေးသူတွေဟာ အကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်မထားသလို mask နဲ့ လက်အိတ်သာဝတ်ဆင်ပြီး စစ်ဆေးပေးနေတာလို့လည်း အလုပ်သမားတွေက ပြောပါ တယ်။

သွေးဖောက်စစ်ပြီး မျဉ်း ၂ကြောင်း (သို့မဟုတ်) ၃ကြောင်းပေါ်သူတွေကိုတော့ စက်ရုံကနေ အိမ်ပြန်လွှတ်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Aung Kyaw Naing

ဓာတ်ပုံ ပုံစာ, သွေးဖောက်စစ်ပြီး မျဉ်း ၂ကြောင်း (သို့မဟုတ်) ၃ကြောင်းပေါ်သူတွေကိုတော့ စက်ရုံကနေ အိမ်ပြန်လွှတ်တယ်လို့ဆို

' ' ပြန်လွှတ်လိုက်တဲ့သူတွေကိုတော့ ကိုဗစ်ရှိလို့တို့ဘာတို့တော့မပြောဘူး။ အိမ်မှာပဲနေပေါ့။ အလုပ်မဆင်းရ သေးဘူးပေါ့။ အားရှိအောင်စားပြီးအောင်နေပေါ့လို့ပြောတယ်။ အလုပ်ပြန်တက်ရ မယ်ဆို အကြောင်းကြားမယ်လို့ ပြောတာပဲတွေ့တယ်။''လို့လည်းအဆိုပါအလုပ်သမက ထပ်မံပြောပြပါတယ်။

' ' ကျန်းမာရေးကလည်းမပါဘူးလို့ စက်ရုံကလှမ်းပြောလို့ သူ့အပိုင် အုပ်ချုပ်ရေးမှူးကိုတော့ ပုံတွေလှမ်းပို့ပြီး အကြောင်းကြားထားတယ်။''လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM)က မသဉ္ဇာထက်က ဘီဘီစီကိုပြောပါတယ်။

အဆိုပါစက်ရုံဟာ လှိုင်သာယာမြို့နယ်အတွင်းမှာတည်ရှိတာဖြစ်တဲ့အတွက် မြို့နယ်ကျန်းမာရေးဌာနကို အသိပေးထားတာမျိုးရှိသလားဆိုတာကို လှိုင်သာယာမြို့နယ် ကျန်းမာရေးမှူးဖြစ်သူ ဒေါက်တာကြူကြူသင်းကို ဆက်သွယ်မေးမြန်းရာမှာလည်း စက်ရုံအနေနဲ့ အသိပေးတာမျိုးမရှိဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။

' ' အသိပေးတာမျိုးမရှိသလို အသိပေးရင်တောင်မှ လက်မခံဘူးရှင့်၊ ကျွန်မတို့မြို့နယ်က စစ်တဲ့ Test kit နဲ့စစ်တာကိုပဲလက်ခံတာ၊ မြို့နယ်မှာစစ်တာကလည်း သွေးဖောက်စစ်တာ မဟုတ်ဘူး'' လို့ ဒေါက်တာကြူကြူသင်းက ဘီဘီစီကိုပြောပါတယ်။

လတ်တလောအနေနဲ့ မြန်မာနိုင်ငံမှာ rapid test kit တွေနဲ့စစ်ဆေးတာကို နှာခေါင်း၊ အာခေါင်တို့ဖတ်ကို ရယူစစ်ဆေးတာကိုပဲ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြု စစ်ဆေးပေးနေတာဖြစ်ပါတယ်။

ဒီလိုစစ်ဆေးပေးတာကိုလည်း အစိုးရဆေးရုံတွေ၊ ကျန်းမာရေးဌာနခွဲတွေ၊ ဖျားနာကုဆေးခန်း စတဲ့ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့နေရာတွေမှာပဲ စစ်ဆေးပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။