မြန်မာမှာ ပထမဆုံး အွန်လိုင်းကနေ ထုတ်လွှင့်မယ့် တရားစီရင်မှု

ရေးသားခဲ့သည်။

မြန်မာ့တရားစီရင်ရေးသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ် ကပ်ရောဂါကာလမှာ Zoom Meeting ကတစ်ဆင့် တရားမမှုတွေကို စီရင်ချက်အမိန့်ချတာကို စက်တင်ဘာ ၂၄ ရက် မှာ ထုတ်လွှင့်မယ်လို့ ရန်ကုန်တိုင်းတရားလွှတ်တော်က ကြေညာပါတယ်။

တရားသူကြီး ၆ ဦးရဲ့ အမိန့်ချမှတ်မှုကို Zoom Application (Meeting Id- 767 909 9874, passcode yangonHC) ကတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားစီရင်ရေး ဌာနခွဲဖေ့စ်ဘွတ်ခ် စာမျက်နှာကလည်း လွှင့်တင်မှာဖြစ်ပါတယ်။

တရားလွှတ်တော်တရားသူကြီး ၅ ဦး က နံနက် ၁၀ နာရီက စတင်ပြီးစီရင်ချက်ချမှာဖြစ်ပြီး မွန်းလွဲ ၃ နာရီမှာ နောက်ထပ်တရားသူကြီးတစ်ဦးက စီရင်ချက်ချမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ကြေညာထားပါတယ်။

ဒီစမ်းသပ်မှု အောင်မြင်ခဲ့ရင် အနာဂတ်မှာ ပြည်သူ့ရှေ့မှောက်တရားစီရင်ခြင်းကဏ္ဍ ပိုမိုအသက်ဝင်လာမှာဖြစ်လို့ တရားရေးရောဥပဒေအသိုင်းအဝိုင်းကပါ ကြိုဆိုခဲ့ကြပါတယ်။

ဒီစနစ်ကိုကျင့်သုံးနိုင်ရင် တရားစီရင်မှုကိုစိတ်ဝင်စားတဲ့ပြည်သူတွေ ကြည့်ရှုလေ့လာနိုင်တဲ့အပြင် အမှုသည်တွေ လည်း တရားရုံးကိုလာရတဲ့စရိတ်သက်သာသွားမယ် လို့ အငြိမ်းစား မြို့နယ်တရားသူကြီး ဦးသန်းထွန်းက ဘီဘီစီကိုပြောပါတယ်။

'ဒါကပ်ကြားထဲကပေါ်လာတဲ့ အခွင့်အလမ်းကောင်း' လို့ သူကပြောပါတယ်။

ဒီစနစ်ကို အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ တရားရုံးအဆင့်ဆင့် ကျင့်သုံးသွားသင့်တယ်လို့ သူကအကြံပြုပါတယ်။

အွန်လိုင်းကနေတရားစီရင်တာဟာ တရားမမှုတွေအတွက် အဆင်ပြေစေပေမယ့် ရာဇဝတ်မှုတွေအတွက်တော့ စိန်ခေါ်မှုတွေရှိနေသေးတယ်လို့ ခရိုင်ဥပဒေအရာရှိတစ်ဦးကထောက်ပြပါတယ်။